ကျွန်တော့်နာမည်က xxx ပါ။ ။ ဒီဘက် ရောက်လာပြီး နောက်ပိုင်း တော်လှန်ရေးမှာ ဒီနာမည်နဲ့ပဲ ကိုယ်နိုင်သလောက် ဝင်လုပ်နေပါတယ်။
စစ်တပ်ထဲမှာ ကျွန်တော်က တပ်ကြပ်ကြီးပါ။ CDM မလုပ်ခင်က ကျွန်တော်နောက်ဆုံး ထမ်းဆောင်ခဲ့တဲ့ တာဝန်က လုံခြုံရေးတာဝန်ပါ။ အပြင်မှာ လုံခြုံရေး ယူရတဲ့တာဝန် ထမ်းဆောင်ခဲ့တာ၊။
xxx ပတ်ပတ်လည်မှာ ကျွန်တော်တို လုံခြုံရေးဂိတ်တွေရှိတယ်။ ကျွန်တော့်အနေနဲ့က ကင်းမှူးပုံစံမျိုး အကြီးဆုံးအနေနဲ့ နေခဲ့ရတာပါ။
စစ်တပ်ထဲကို စဝင်တာ ၁၂ ရက် ၁လ ၂၀၁၆ ခုနှစ်မှာပါ။ ကျွန်တော် စစ်သက် ၆နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ ငယ်ငယ်က ဝါဒမှိင်းတွေမိခဲ့တယ်။ တပ်မတော်ကြီးကပဲအမှန် ကောင်းတယ်လိုထင်ခဲ့တာပေါ့။
ငယ်ငယ်ကလေးဘ၀တုန်းက ပွဲဈေးမှာ သေနတ်တွေ့ရင် တော်တော်များများက ဝယ်ချင်ကြတယ်၊ လိုချင်ကြတယ်။ ယောင်္ကျားလေးတိုင်းရဲ့ အိပ်မက်ပဲ။ ဒါ ကျွန်တော်တို ယောင်္ကျားလေးတွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒထဲက တစ်ခုပေါ့။ ကျွန်တော်တိုသိတာက ယောင်္ကျားပီသတဲ့သူတွေပဲ စစ်သားဖြစ်တာပေါ့။ တအားယောင်္ကျား ပီသချင်တဲ့ကောင်တွေပေါ့။ ဒီ နိုင်ငံတော်အတွက်ကိုလဲ အကျိုးပြုချင်တယ်။ စစ်သားဖြစ်တဲ့အတွက် ပြောရမယ်ဆိုရင် ဂုဏ်ယူခဲ့ရတာတွေ ကိုယ်ကလဲ ဂုဏ်ယူချင်တဲ့ဟာတွေပေါ့။
စိတ်ထဲမှာသိတာက နိုင်ငံတော်နဲ့ ပြည်သူကိုကာကွယ်မယ်။ အဲဒီ ယူနီဖောင်းကိုမြင်တာနဲ့ တအားဝတ်ချင်ခဲ့တာ။ သူတိုလမ်းလျှောက်ရင် တအားညီညာနေတာ မိုက်တယ်ပေါ့။ အားကျခဲ့ရတယ်။ ၁၀တန်းအောင်ပြီးတော့လဲ ယောင်္ကျားလေးတော်တော်များများက စစ်ကျောင်းတွေတက်ချင်ကြတယ်။ စစ်သား ဖြစ်ချင်ကြတဲ့အတွေး ရှိတာပေါ့။ ကျွန်တော်တိုတွေက ရိုးရှင်းတယ်။ ဘာလိုစစ်သားဖြစ်ချင်လဲဆို နိုင်ငံတော်နဲ့ ပြည်သူကို ကာကွယ်ချင်လိုဝင်ခဲ့တာ။ အဲဒီအထဲရောက်မှသာ ဒီတပ်မတော်ကြီးကမကောင်းကြောင်း၊ ဒီတပ်မတော်ကြီးက ဘယ်လိုဖြစ်နေလဲ သိခဲ့ရတာ။ အဲ့ဒီကျမှ ဟာ ငါတော့ သွားပြီပေါ့ အဲဒီလို ဖီလင် တွေ ဖြစ်ခဲ့ရတာပါ။
ကျွန်တော့်ဇာတိက xxx မြိုကပဲ။ အဲ့တာကြောင့်မိုလိုပဲ CDM လုပ်ဖြစ်တာ။ ကျွန်တော်က xxxမြိုသားပါ ။ အဲဒီမြိုမှာပဲ လုံခြုံရေးယူရတော့ ကျွန်တော့်ဆီကို ဝါဒမှိင်းတွေမမိဘူးပေါ့။ ကျွန်တော့်ကို သူတို ပြောချင်တိုင်း ပြောလိုမရဘူး။ ဘာလိုဆို အပြင်မှာ ကျွန်တော့် အသိုင်းအဝိုင်းတွေရှိတယ်၊ မိသားစုတွေ ရှိတယ်၊ သူငယ်ချင်းတွေရှိတယ်၊ သူတိုဆီက ပြန်ကြားရတာ ရှိတယ်။ အဲ့ဒါ ကြောင့်လဲ ကျွန်တော် CDM လုပ်ဖြစ်သွားတာ။
ကျွန်တော့်မှာ မိသားစု ၄ယောက် ရှိတယ်။ အဲဒီမှာ ကျွန်တော်က အကြီးဆုံး။ ညီတစ်ယောက် ရှိတယ်။ ကျွန်တော့်အမေကတော့ ဆုံးသွားပြီ ။ ကျွန်တော့်အမေ က တော်လှန်ရေးကာလ ၄လပိုင်းမှာ ဆုံးသွားတာ။ အခုတော့ မိသားစု ၃ယောက်ပဲ ရှိတော့တယ်။ ကျွန်တော်တိုက သာမာန်အခြေခံ လူတန်းစားပါပဲ။ ကျွန်တော်ဆိုလဲ ငယ်ငယ်က အမေနဲ့ ရုန်းကန်ခဲ့ရတာရှိတယ်။ ဈေးရောင်းပြီးတော့ ရပ်တည်ခဲ့ရတယ်။ တပ်ထဲဝင်တဲ့သူ အမျိုးထဲမှာ မရှိဘူး။ကျွန်တော်က တစ်မိပေါက်တစ်ယောက်ထွန်း။ ကျွန်တော့်အမေရဲ့ မောင်နှစ်မနှစ်ဝမ်းကွဲက တပ်မတော်က အရာရှိကြီးတွေတော့ ရှိတယ် ။ ဒီဘက် အမျိုး ထဲမှာတော့ ကျွန်တော်တစ်ယောက်ပဲ စစ်သား ။
တပ်ထဲဝင်တာကလဲ အဲ့ဒီတုန်းက ကျွန်တော်တို ရပ်ကွက်ထဲမှာ စစ်သားရှားတယ် ။ ကျွန်တော်တိုရပ်ကွက်ထဲမှာ စစ်သား ၃ယောက်ပဲ ရှိတယ်။ အဲဒီ ၃ယောက်ထဲမှာ တစ်ယောက်က ကျွန်တော့်သူငယ်ချင်းရဲ့ အကို။ သူကကျတော့ အခုဆို ၃ပွင့် ဗိုလ်ကြီး ဖြစ်နေပြီ။ ကျန်တဲ့ ၂ယောက်က ကျွန်တော့်အမေရဲ့ မောင်နှစ်မ နှစ်ဝမ်းကွဲ အမျိုးစပ်ရင်တော့တော်တယ်။ သူတိုကျတော့ တစ်ယောက်က ဒုဗိုလ်မှုးကြီးအဆင့်၊ တစ်ယောက်က ဗိုလ်မှုးကြီးအဆင့်။ အဲ့ဒါကြောင့် သူတိုပြန်လာရင် ကိုယ်ကတွေ့နေတော့ အားကျအထင်ကြီးတယ်ပေါ့၊ အဲ့ဒါတွေလဲပါတယ်။
အမှန်အတိုင်းပြောရရင် ၁၀တန်းအောင်ပြီး ” အမေ ကျွန်တော် DSA ဖြေချင်တယ်ပြောတော့ ဟာ သားမဖြေနဲ့ ၊ အမေတို စိတ်မချဘူး၊ ဘာဖြစ်လိုလဲဆို DSA က စစ်တိုက်ရတယ်၊ စိတ်မချဘူး၊ တပ်ထဲမထည့်ဘူးပြောတယ်။ နောက်ရက်ကျတော့ ဘယ်ကဘယ်လို စိတ်ကူးပေါက်သွားလဲ မသိဘူး ကျွန်တော် တပ်ထဲ ရောက်သွားတယ် ။ “
ကျွန်တော်အခုတက်ခဲ့တဲ့ကျောင်း တောင်ကြီး ဟိုပုန်းမှာရှိတဲ့ တပ်မတော် ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံကျောင်းမှာ ကျွန်တော် ၃နှစ်တက်ခဲ့ရတယ်။ အဲ့ဒီ ကျောင်း ရှိတယ်လိုလဲ မသိခဲ့ရဘူး ။ ကျွန်တော်သိခဲ့တာ DSA၊ DSTA၊ DSMA အဲ့ဒါပဲ သိခဲ့တယ်။ အဲ့ဒီကျောင်းရှိမှန်း မသိခဲ့ဘူး။ အဲ့ဒီတုန်းက ကြေးမုံ သတင်းစာထဲပါလာတယ်။ အဲဒီသတင်းစာကို ကျွန်တော့်အိမ်ကမြင်တဲ့နေ့ ကျွန်တော့်အတွက် ကံဆိုးတဲ့နေ့ပေါ့။ ကျွန်တော်လဲ အော် ငါ DSA မဖြေရတော့ဘူး ဆို တော့ အပြင်မှာပဲ နေရတော့မယ်၊ အပြင်မှာပဲ ကျောင်းတက်ရတေ့ာမယ် ဆိုပြီး ပေါ့ပေါ့ပါးပါး နေလိုက်တာပေါ့ ။
ပြီးတော့ ကျွန်တော့်အိမ်က ဗြုန်းစားကြီး “ နင် ဒီဟာတက်ပါလား စစ်မတိုက်ရဘူးပေါ့ ” တဲ့။ တကယ်တော့ စစ်တိုက်ချင်တာ မတိုက်ချင်တာထက် အိမ်က စိတ်မချတာလဲ ပါတာပါ။ တကယ်တမ်း ကျွန်တော်တို ခံယူထားတာက ဒီထဲကိုရောက်သွားတာနဲ့ စစ်တိုက်ရတာ မတိုက်ရတာ ဘာမှမဖြစ်တော့ဘူး ။ကိုယ်က စစ်သား ဆိုပြီး ခံယူလိုက်တော့ ကျွန်တော့်စိတ်ထဲမှာ အဲ့ဒီလို ခံယူချက်တော့ ရှိတယ်။ စစ်အင်ဂျင်နီယာကျောင်း၊ GTI သင်တန်းကျော်း၊ အဲ့ဒီမှာ တက်ပြီး စစ်တပ်ထဲဝင်ဖြစ်သွားတာ။ ကျွန်တော့်အိမ်ကတော့ ဒီဟာမှ ဒီဟာ ဖြစ်သွားတယ်။ အမေရဲ့ဝမ်းကွဲမောင်နှမတွေကတော့ “ ကောင်းတာပေါ့၊ ငါတို ရပ်ကွက်ထဲမှာ စစ်သားရှားတယ်နဲ့ ကျွန်တော့်အိမ်က စည်းရုံးရေးဆင်းတဲ့ အတိုင်းပဲ စစ်တပ်ထဲကို ရောက်ဖြစ်သွားတာ ။
ကျွန်တော်တိုထင်ထားတာ စစ်သားဆိုတာ နိုင်ငံတော်နဲ့ ပြည်သူအတွက်၊ ပြောရမယ်ဆိုရင် ကိုယ့်ကို တန်ဖိုးထားမယ်၊ လေးစားမယ်ပေါ့ ။ အပြန်အလှန် Respect ရှိမယ် ထင်ခဲ့တာ။ ပြီးတော့ သွားတက်မယ့်ကျောင်းကလဲ အဆင့်အတန်း တစ်ခုရှိမယ်ထင်တာပေါ့။ ဒါအရပ်သား အတွေးပေါ့ ။ ဟိုရောက်တော့ အဲ့ဒီမှာ ဆိုင်းဘုတ်ရှိတယ်။ သစ္စာ သူရ သိပ္ပ။ လူတစ်ယောက်မှာ သစ္စာရှိဖို အရေးကြီးတယ်။ သစ္စာပြုဖို ကတိတည်ရတယ်။ ကိုယ့်လုပ်ရပ်တွေက မှန်ရတယ်။ အဲဒီလိုတွေတွေ့ပြီး တကယ်လိုထင်ခဲ့တယ်။
စစ်သားဆို အထင်ကြီး ခဲ့တယ်။ ကိုယ်ကိုယ်တိုင်ကလဲ အဲဒီထဲ ဝင်ရတော့မယ်ဆိုတော့ ငါတိုစိတ်တွေ ပြောင်းရတော့မယ်။ အရပ်သားဘ၀တုန်းက ငါတို စစ်သားဖြစ်ရင် ငါတိုစိတ်တွေ အကုန်ပြောင်းလဲရမယ်ဆိုပြီး စိတ်သစ်လူသစ်နဲ့ ဝင်သွားခဲ့တယ် ။ ဟိုလဲရောက်ရော စတာပဲ။ ဒီစစ်တပ်ကြီးက ထေစောင်းနေတာ။ စစ်တပ်သဘောအရဆို ညစ်ပတ် ပေတူး စုတ်ပြတ်သတ်နေတဲ့ ပုံစံပေါ့။ ထေစောင်း ဆိုတဲ့ သဘောပေါ့။ ဘယ်လိုသိခဲ့ရလဲဆိုတော့ သူတိုရဲ့ အပြောတွေ လုပ်ရပ်တွေ။ ဝါဒဖြန့်နေတဲ့ စစ်ကားတွေကြည့်ပြီး အဲ့ဒီကားတွေနဲ့ တခြားစီ။ သူတိုရဲ့ လုပ်ရပ်တွေ ။ သင်တန်းသားတွေအပေါ် ပြုကျင့်တဲ့ အမူအရာတွေ တလွဲဖြစ်နေတယ်။ သူတိုက ကျွန်တော်တိုကို ကျွန်တွေပုံစံ သဘောထားတယ်။ ကျွန်တော်တိုကတော့ နိုင်ငံတော်နဲ့ ပြည်သူကို ကာကွယ်မယ် ဆိုပြီး ခါးဆန့်ရင်ကော့ပြီး ဝင်သွားတယ်။ စစ်တပ်ထဲမှာရှိတဲ့သူတွေက ဘယ်လိုထင်လဲဆိုရင် ငါတိုခိုင်းမယ့်ကောင်တွေရောက်လာပြီ ငါတိုရဲ့ ဝေယျာဝေစ္စတွေ လုပ်ပေးမယ့်ကောင်တွေ ရောက်လာပြီဆိုပြီး သူတိုက အဲ့လိုမှတ်ယူကြတယ် ။
စစ်သင်တန်းကျောင်းကိုသွားတက်တော့ စီနီယာ၊ ဂျူနီယာ စနစ်က ရှိတော့ ကျွန်တော် တို ရောက်သွားတဲ့အချိန်မှာ သူတိုကိုယ်တိုင်က တန်းစီပြီး ပြောတာ။ မင်းတိုဒီကျောင်းကို ရောက်လာတယ်။ ဒီကျောင်းမှာ မင်းတိုထက် နိမ့်ပါးတာဆိုလို ဒီမှာ ဘာမှမရှိဘူး။ မင်းတိုက ဒီစစ်သင်တန်းကျောင်းမှာ ခွေးထက်တောင် နိမ့်တယ်ပေါ့။ အဲဒီလို အပြောခံရတာ။ ကျွန်တော်တို ရင်ထဲမှာတော့ နာတာပေါ့။ အဲဒီကျောင်းမှာ စီနီယာ ဂျူနီယာ စနစ်ဆိုးတွေ ရှိတယ်။ ထိုးကြိတ် ရိုက်နှက်တာ တွေ ရှိတယ်။ နိုင့်ထက်စီးနင်းမှုတွေ ရှိတယ်။ လာဘ်စားမှုတွေလဲ ရှိတယ်။
စာအုပ်ထဲမှာဆို ရပိုင်ခွင့်တွေ ရှိတယ်။ ကာကွယ်ရေး အသုံးစရိတ်တို ဘာတို တင်တောင်းရတာ။ တကယ်တမ်း ကျွန်တော်တို စားရသောက်ရ နေရထိုင်ရတာတွေက တခြားစီပဲ။ စာအုပ်ထဲမှာတော့ အရမ်းကောင်းတယ်။ သင်တန်းသား ဆိုရင် ဥပမာ စားရိပ်သာမှာဆို မီနူးက အရမ်းလန်းတယ်။ တနင်္ဂနွေကနေ စနေနေ့ အထိကို မီနူးရှိတယ်။ ဘယ်နေ့ဆိုရင် ဘာဟင်းကျွေးရမယ်။ အသားဟင်းက အမြဲပါတယ်။မီနူးထဲမှာက ကြက်သား ဝက်သား အမဲသားနဲ့ ကြည့်ရင်တော့ အပြင်အရပ်သား တစ်ယောက် ကြည့်ရင်တော့ ဟာ ရှယ်ပဲပေါ့။ မင်းတို ထမင်းစားမကောင်းစရာ ဘာရှိလဲပေါ့။ တကယ် တမ်း ကျွေးတော့ ကြက်သားဆို အသားက အတုံးသေးသေးလေး။ အရသာလဲ မရှိဘူး။ တချိုဆို သိုးနေတာတွေ ရှိတယ်။
ပြီးတော့ ပြောရမယ်ဆို ဂေါ်ဖီထုပ်ဆို အစိမ်းတောင်တိုပြီးစားကြတာ စားလိုကောင်းတယ်၊ အဲ့ဒီ စားရိပ်သာက ဂေါ်ဖီထုပ်ကြော်က ဘယ်လိုမှ စားမရတာ။ ဒီအတိုင်း အစိမ်းလိုက် ချကျွေးလိုက်တာကမှ စားရအုံးမယ် ။ ဒါတောင်မှ ဥပမာ ပေးပြီး ပြောပြတာ။ လာဘ်ပေးလာဘ်ယူမှု ဆိုတာ အဲ့ဒါပဲ။ သင်တန်းသားတွေကို ဘယ်လိုကျွေးတယ် ဆိုပြီး အထက်ကိုတင်ပြ ပိုက်ဆံတောင်းတယ်။ ကျွန်တော်တိုကို ကျွေးတော့နှစ်ပြားမတန်ဘူး ။ ပြီးတော့ စစ်တပ် အယူတခု ရှိတယ်။ မင်းတို ငါပြောသလိုလုပ် ငါ့လိုမျိုး မလုပ်နဲ့။ အဲလို ရှိတယ်။ င့ါလိုမလုပ်နဲ့ဆိုတာ ပြောတဲ့သူ ခိုင်းတဲ့သူက သူမှားနေတာတော့ သိတယ်၊ သူ့ပါးစပ်ကထွက်သမျှကို မင်းတိုကောင်တွေ အကုန်လိုက်လုပ်ရမယ်ဆိုတာမျိုး။ အဲဒီ အကျင့်ကို သင်တန်းကျောင်းမှာ ရိုက်သွင်းပေးခဲ့တာ။ ကျွန်တော် တို ထင်ခဲ့တာနဲ့ တခြားစီပဲ။
နိုင်ငံတော် နဲ့ ပြည်သူ့ အတွက်လိုထင်ခဲ့တာ။ တပ်ထဲရောက်တော့ သူတိုရဲ့ ဝေယျာဝေစ္စတွေပဲ လုပ်ပေးခဲ့ရတယ်။ သူတိုရဲ့စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေ လုပ်ပေးခဲ့ရတယ်။ ဖက်ထိပ် ခေါ်တာပေါ့။ ဖက်ထိပ်ကိုလဲ ကျွန်တော်တိုရဲ့ သင်တန်သားအချိန်တွေထဲကပေးပြီး သူတိုအတွက် ပေးဆပ်ခဲ့ရတယ်။ ငါတို မျှော်လင့်ထားတဲ့ တပ်မတော်နဲ့ တခြားစီပဲ သွားပြီဆိုပြီး ဖြစ်တာ၊ ကျွန်တော်တင် မဟုတ်ဘူး။ ကျွန်တော့်မိသားစုပါ သိသွားတယ်။ ဘာလိုလဲဆိုတော့ ကျွန်တော့် အဖေကအစ ပြောတယ်။ ကျွန်တော့် ညီ ၁၀တန်းအောင်တော့ ပိုက်ဆံဘယ်လောက် ပုံပေး ပုံပေး ငါ့သားကို တပ်ထဲမထည့်ဘူး ဆိုပြီးပြောတာ။ ကျွန်တော်တစ်ယောက် ဝင်ပြီးသွားပြီ။ အမှန်တော့ မဖြစ်သင့်ဘူးလေ။ စစ်သား တစ်ယောက် ဖြစ်သွားရင် နောက်ထပ်တစ်ယောက် ငါ့အကိုတော့ အားကျတယ်၊ ငါ့သားလေး အားကျတယ်ဆိုပြီးဖြစ်ရမှာ စစ်တပ် ရဲ့ အမှားကြီးပေါ့ ။ အမှားကြီးတွေကြောင့် အခုလို ဖြစ်နေတာပဲ ။
အဖြစ်မှန်တွေသိလာတော့ တပ်ကထွက်ဖို စဥ်းစားလာရတယ်။ နည်းလမ်းရှာရတယ်။ ဒါ ပေမယ့် တပ်ကထွက်လိုက မရနိုင်ဘူး။ ဘာလို ထွက်လို မရလဲ ဆိုတော့ စစ်တပ်ထဲစဝင်မယ်ဆို စာချုပ်ချုပ်တယ်။ ကြေးမုံတို ဘာတိုမှာ ထည့်တယ်လေ။ အနည်းဆုံး ၁၀နှစ် တာဝန် ထမ်းဆောင်ရပါမယ်ဆိုပြီး သူတို အနေနဲ့ ပါတယ်။ ပထမ ၅နှစ်၊ ၅နှစ်ဆိုပြီး စာချုပ်ချုပ်ရတယ်၊ ၁၀နှစ်ပြီးရင် မင်းတိုထွက်ခွင့်ရှိတယ် ဘာညာပြောကြတယ် ။ စစ်တပ်ထဲမှာက ၁၀နှစ်ပြည့်ပြီး ဘယ်မှာလွယ်လွယ်ထွက်လိုရလိုလဲ၊ ဘယ်သူ့ကို ထွက်ခွင့်ပေးလိုလဲ။ စစ်တပ်က ဝင်ဖိုသာလွယ်တယ် ထွက်ဖိုတအားခက်တယ် ။
စာချုပ်က ၁၀ နှစ် ချုပ်ထားတယ်။ ကျောင်းဆင်းမယ့် အချိန် Final year ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေမှာ စာတွေထွက်လာတယ်။ ဘာလဲ ဆိုရင် ၁၀နှစ်ပြည့်လိုထွက်တဲ့အထဲမှာ မင်းတိုမပါဘူးဆိုတာမျိုးပါတဲ့စာတွေ။ တကယ်တော့ အဲ့ဒီစာတွေက တစ်နိုင်ငံလုံးမှာရှိတဲ့စစ်တပ်တွေကို ဖြန့်လိုက်တာ။ ၁၀နှစ်ပြည့်လည်း ထွက်ခွင့်မပေးဘူးပေါ့။ စစ်သားဖြစ်သွားပြီ။ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ မင်းတို တာဝန်ထမ်းဆောင်ရမယ် ဆိုပြီး စာတွေထွက်လာတယ်။ အစကတော့ ငါတိုဝင်ပြီးသွားပြီ မှားတယ်ဆိုပေမယ့်လဲ ၁၀နှစ်အောင့်လိုက်ရင်ရတယ်လို မှန်းထားမိတယ်။ စစ်တပ်ထဲဝင်တာ ၁၆ ၊ ၁၇ မှာ ဝင်တယ်။ ထမ်းဆောင်ပြီးရင် ၃၀ မပြည့်ခင်မှာ အပြင်ထွက်မယ်ဆိုပြီး အဲ့ဒီလို စိတ်ကူးတွေလဲရှိခဲ့တယ်။ ဟုတ်မှမဟုတ်တာ။
ဒီ တပ်မတော် မကောင်းကြောင်းကို ကျွန်တော်တိုက အရင်သိခဲ့ရတာ။ အခုလို ဖြစ်ပျက်မှ တစ်နိုင်ငံလုံးက စစ်တပ်မကောင်းကြောင်း သိကြတာ။ ကျွန်တော်တိုက စစ်တပ်ထဲကို စဝင်ကတည်းက တပ်မတော် မကောင်းကြောင်းကို ခါးစည်းခံခဲ့ရတာ။ အဲလိုတွေ သိနေမှန်းသိလို ထွက်မရတာလည်း ပါတယ်။စစ်သားတွေ မထွက်ချင် အောင် စည်းရုံးတာတွေလဲ ရှိတယ်။ မှားနေရင်တောင် ဒီကောင်တွေစိတ်ဓာတ်ပျက်ပြီး ထွက်သွားမှာကြောက်လို မလုပ်ရက် မကိုင်ရက် ဖုံးဖိပေးတာမျိုးတွေရှိတယ် ။ ဥပမာ အရာရှိတစ်ယောက်က လာဘ်စားနေတယ်၊ ဒါကို မှားမှန်း သိတယ်။ စစ်တပ်ထဲက ထုတ်သင့်တာ။ ဒါပေမယ့် မထုတ်ဘူး။ လူအင်အားတွေ နည်းမှာစိုးတဲ့အတွက်ကြောင့် လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ချုပ်လိုက်တာ။
၃ နှစ် သင်တန်းတက်တယ်။ ပြီးတော့ XXX မှာ တာဝန်ကျတယ်။ ကျောင်းဆင်းတာ ၂၀၁၉ မှာ၊ ၂၀၁၉ ကနေ အခုချိန်ထိပါပဲ XXX ဆိုတော့ ယာယီ တာဝန်ပေါ့ ။ အာဏာသိမ်းပြီးတော့ XXX မှာပဲ ။ စစ်တပ်က အာဏာသိမ်းတော့မယ်ဆိုပြီးကြားတယ်။ အာဏာမသိမ်းခင် တစ်လလောက် အလိုကတည်းက ရိပ်မိတယ်။ ည ၇နာရီ တန်းစီတဲ့အချိန်မှာ စကားပြောတယ်။ သေနတ်တွေဘာတွေထားတဲ့ ဗဟိုကင်းမှာ သေနတ်တွေဘာတွေ အဆင်သင့် လုပ်ထားဖို၊ ပြီးတော့ ယူနီဖောင်း ဘာညာလည်း ပြင်ထား ၊ရှေ့တန်းထွက်တဲ့ပုံစံမျိုး အသင့်အနေအထားအမြဲ လုပ်ထားပါ ဆိုပြီး မှာတယ်။ အဲဒီအချိန်ကတည်း ရိပ်မိတယ် ဘာလဲပေါ့။ သူတို အနေနဲ့ တကယ်တမ်း လုပ်တော့မှာလားပေါ့။ ကျွန်တော့် အိမ်တောင် လှမ်းပြောသေးတယ် တကယ်လုပ်မယ် ထင်တယ်။ သားတိုကို ပြင်ဆင်ခိုင်းထားတယ်ပေါ့။ ဘယ်သူမှလဲ မယုံကြဘူး။ ကျွန်တော့်အဖေကတောင်ပြောတာ။ ဘယ်လိုဖြစ်နိုင်မှာလဲ လုပ်မရတော့ပါဘူး။ အခုက အရပ်သားအစိုးရမို အရင်လို လုပ်ချင်တိုင်း လုပ်လိုမရတော့ဘူး ” ပေါ့ ပြောတာ။ ကျွန်တော်လည်း “ ဟုတ်ပါတယ်လေ အဖေတိုလဲ သတိထားပါဦး” လိုပဲ ပြောလိုက်တယ်။
အာဏာသိမ်းတဲ့နေ့ ရောက်တော့မသိသေးဘူး။ လိုင်းတွေဖြတ်သွားပြီးတော့ မနက် ၇နာရီ မနက်စာသွားစားတဲ့အချိန် မှာ စစ်ကားတွေနဲ့ ရောက်လာတဲ့ အချိန်မှ ကျွန်တော်နဲ့ သိတဲ့ ကောင်လေးက ပြောက်ကျားဝတ်စုံ ရှေ့တန်းထွက်တဲ့ပုံစံမျိုးနဲ့ လက်ထဲမှာလည်း သေနတ်ရော ကျည်တွေရော အဲဒါနဲ့ ကျွန်တော့်ဆီ လာနှုတ်ဆက်တာ။ မနက်စာ လာစားတာလားလို နှုတ်ဆက်တာ။
သူက “ အကို သိလားတဲ့ အာဏာသိမ်းသွားပြီလေ” တဲ့။ “ ဟုတ်လား လိုင်းတွေ ဖြတ်ထားတော့ မသိဘူး ” ဆိုတော့။ သူတိုက “ အခု XXX ဝန်ကြီချုပ်ကို ဖမ်းလာရတယ်” တဲ့ “ဟုတ်လား တကယ်ကြီးလား “ ဆိုတော့ “ ဟုတ်တယ် တကယ်ကြီး မယုံရင် သတင်းထဲမှာ ပါလာလိမ့်မယ် “ လိုပြောတော့ စိတ်ထဲမှာ သူလျှောက်ပြောနေတာ။ သူ့ဘာသာ လုံခြုံရေးသွားတာကို နောက်ပြီး ပြောသွားတယ်လိုပဲ ထင်တာ။ အရင်ကလဲ စနေ၊ နောက်နေကျ ဆိုတော့လေ။ ပြီးတော့မှ မနက် ၈နာရီ မြဝတီ သတင်းမှာ နိုင်ငံတော် ရဲ့ အာဏာကို စစ်တပ်ကနေ အာဏာထိန်းလိုက်ပါပြီဆိုတာ သိခဲ့ရတယ်။
တချို စစ်သားတွေက ပျော်နေကြတယ် မြင်တယ်။ သူတို ခေါ်ခေါ်နေတဲ့ သာဝတိုက တကယ်လုပ်ပြီ မြင်လား၊ စစ်တပ်က မလုပ်နိုင်တာ မရှိဘူး ဘာညာနဲ့ ပြောတဲ့သူတွေ အများကြီးပဲ။ စစ်သားအိုကြီးတွေတောင် ပါသေးတယ်။ ကျွန်တော်က “ ဟာ ဘာလို အာဏာသိမ်းတာလဲ၊ တကယ် အာဏာသိမ်းသွားပြီလား “ ဆိုပြီး လူ ၃ ၊ ၄ယောက်လောက်ကို မေးတာ နေ့လယ်ခင်းကြီး မယုံနိုင်ဘူး။ အာဏာသိမ်းမှာကို ရိပ်မိတယ် ဒါပေမယ့် တကယ်ကြီး လုပ်မယ်လို မထင်ထားဘူး။ လိုက်မေးတော့ ပြန်ဖြေတဲ့လူတွေက “ မင်းကတော့ တကယ်ကြီးလား လုပ်နေတာ XXX ထဲမှာရှိတဲ့ ထောင်မှာတော့ XXX ဝန်ကြီးချုပ်တွေက အစ ရောက်နေပြီ “ တဲ့။ အဲ့နေ့က တကယ်လဲ အလုပ်ရှုပ်တယ် အကုန်ဖမ်းဖမ်းပြီး ခေါ်လာတာကိုး။ အဲ့တုန်းကဆို ရင်နာစရာ ဇာတ်လမ်းတွေလဲ ရှိတယ်။
XXX ဝန်ကြီးချုပ်ကို သွားဖမ်းတဲ့ အချိန်က ဘယ်သူသွားဖမ်းလဲဆိုတော့ စစ်တပ်ထဲမှာ ဘာမှသုံးစားမရတဲ့ တပ်ကြပ်အဆင့်ရှိသူကို ရဲဝတ်စုံ ဝတ်ခိုင်းလိုက်တယ်။ ပခုံးပေါ် ၂ပွင့်တင်ပြီး သွားဖမ်းခိုင်းတယ် ။ တအား ရက်စက်တယ်၊ ရာထူး အဆင့်ရှိတဲ့သူလည်း ပါတော့ ပါတယ်။ ဒါပေမယ့် XXX ဝန်ကြီးချုပ်ကို လက်ထိပ်ခတ် ဘာညာလုပ်တဲ့အချိန်မှာ စစ်တပ်ထဲက ရဲ ယူနီဖောင်းဝတ်တဲ့ကောင်တွေ ဖမ်းခဲ့တာပေါ့ ။ ဒါကတော့ အရမ်း စိတ်မကောင်းစရာဖြစ်တယ် ။ တခြားနှိပ်စက်တာတော့ မကြားရဘူး။ ဒါပေမယ့် ဖမ်းပြီဆိုကတည်းက သူတိုအနေနဲ့ အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ လုပ်မှာပဲ ၊ဘာဖြစ်လိုလဲ ဆိုရင် စစ်ကြောရေးအကြောင်းကိုလဲ ထုတ်ဖော်ပြောပြဖူးတယ်။ XXX စစ်ကြောရေးက ဘယ်လိုလဲဆိုတာ အဲ့လိုပြောထားတာ ရှိတယ်။
ကိုယ်ကိုတိုင် ကြုံတွေ့ခဲ့ရတာလဲ ရှိတယ်။ ကိုယ်ကိုတိုင် မကြုံတွေ့ရပေမယ့်လဲ ကိုယ်မြင်ခဲ့သိခဲ့ရတာတွေလဲရှိတယ်။ အာဏာသိမ်းကတည်းက ပျော်တဲ့သူတွေ အများကြီး ရှိတယ်။ သူတိုက ဘာလိုပျော်လဲဆို အရင်ခေတ် ပြန်ရောက်တော့မယ်။ စစ်သားဆို အကုန်လုံးက ကြောက်ကြရမယ်၊ အခွင့်ထူးခံ လူတန်းစားဖြစ်မယ်ဆိုပြီး ပျော်နေတဲ့လူမျိုးတွေလည်းရှိတယ်။ တအားကို သိပ်ကျပ်မပြည့်တဲ့လူတွေ။ ကျွန်တော်တိုစစ်တပ်ထဲဝင်တာ ၂၀၁၆ ဆိုတော့ အရပ်သားအစိုးရ စနေတဲ့အချိန် ရက်ပိုင်းပဲရှိသေးတယ်။ ကျွန်တော့်အိမ်ကလဲ စပ်ကူးမတ်ကူးကာလမှာ တပ်မတော်ကြီး ကောင်းလာမယ် ထင်ကြတာ။
ကျွန်တော့်အိမ်ကတောင် ပြောပါသေးတယ် “ ရွေးကောက်ပွဲကြီးပြီးတော့ တပ်မတော်ကြီးက ထပ်ပြီးတော့ ကောင်းလာဖိုပဲရှိတယ်။ အမေစု တက်လာတဲ့ အချိန် ငါ့သားတို အနေနဲ့ ကောင်းလာမယ်လို ထင်ခဲ့ကြတာ “ တဲ့ ။ ကျွန်တော် လဲ ထင်ခဲ့တယ် ။ အာဏာသိမ်းပြီးတော့ ဆန္ဒပြ ပြည်သူကို ထိန်းသိမ်းတဲ့နေရာကို မလိုက်ခဲ့ရဘူး ။ ကျွန်တော့်ကို စေလွှတ်ခြင်း ခံရတယ်။ XXX သားလည်း ဖြစ်တာမို မသွားနိုင်ဘူး ငြင်းပယ်ခဲ့တယ်။ အဲ့လိုမျိုး ငြင်းပယ်လိုဆိုပြီး ကျွန်တော့်ကို ဗဟိုကင်းမှာ ကင်းစောင့်ခိုင်းတယ်။ ကျွန်တော်ဆို တပ်ကြပ်ကြီး။ တပ်ကြပ်ကြီးက ဗဟိုကင်း ဝင်စရာအကြောင်းမရှိဘူး။ ဗဟိုကင်းမှာ တာဝန်ထမ်းဆောင်တဲ့ ကင်းမှုးအမြင့်ဆုံး တာဝန်ထမ်းဆောင်တဲ့သူတောင်မှ တပ်ကြပ်အဆင့်ပဲရှိတယ်။ ကျွန်တော်က သူတိုထက် ရာထူးကြီးတယ်။ ဒါပေမယ့် ကျွန်တော်က ငြင်းရကောင်းလားဆိုပြီး စိတ်ညစ်အောင် မသွားသွားအောင် ဖိအားပေးတယ်။ ဗဟိုကင်းမှာ ကင်းစောင့်ခိုင်းတယ်။ ပင်ပန်းတဲ့ ဖက်ထိပ်တွေ ခိုင်းတယ်။ အပြစ်ပေးတဲ့အနေနဲ့ပေါ့။ ကျွန်တော်ကလဲ ပြောလိုက်တယ်။ မသွားနိုင်ဘူး တခြားဘာအလုပ်လုပ်ခိုင်း လုပ်မယ် အဲ့တာတော့ မသွားနိုင်ဘူးပေါ့။
ဆန္ဒပြပြည်သူတွေကို မဖြိုခွဲ နိုင်ဘူးလို ငြင်းနေတဲ့ အချိန်မှာပဲ ကျွန်တော်နဲ့သိတဲ့ သူငယ်ချင်းတွေပါသွားတယ်။ အဲ့ဒီက စတာပဲ။ စစ်တပ်မကောင်းကြောင်းစစ်သားတွေ အကုန်လုံးသိတယ်။ ဒါပေမယ့် ဒီကောင်တွေ ဘာလို မထွက်နိုင်တာလဲဆို စစ်သားတွေကို မက်လုံးတွေပေးပြီး ချုပ်ထားတယ်။ မသိကျိုးနွံပြုပြီးချုပ်ထားတယ်။ အရင်က စစ်တပ်ထဲမှာ နေလို screen ဆိုတဲ့ ဖုန်းတောင် မကောင်းမကန်း ကိုင်နေတဲ့ ကောင်တွေက ဆန္ဒပြပြည်သူတွေကို ဖြိုခွင်းပြီး ပြန်လာတဲ့ အချိန်မှာ ဖုန်းတွေ ၃ ၊ ၄ ၊ ၅လုံး ပါလာတယ်။ မင်း တို ဖုန်းဝယ်မှာလား ၅သောင်း နဲ့ ယူမလား ၁သိန်း နဲ့ ယူမလားနဲ့ မြင်မကောင်းဘူး။
ဆန္ဒပြပွဲနေရာသွားတာ ဘယ်လိုတွေ ရလာတယ် ဆိုပြီး အားကြိုးမာန်တက် နဲ့ ပြောတာ။ တစ်ရက်ကို ဘယ်လောက်ဝင်တာတွေ ပြောကြတာ။ မင်းတို အဲ့လို လုပ်တာ အရာရှိတွေ မသိဘူးလား စစ်ကြောင်းမှုးတွေမသိဘူးလားဆိုတော့ သူတိုလဲ လုပ်တာပဲ ဘာမှ မဖြစ်ဘူး။ ငါတိုလဲ လုပ်ပြီးရင် သူတိုကို နည်းနည်းပါးပါး ပြန်ပေးရင် ရတယ်တဲ့။ သူတိုကလဲ လွှတ်ထားတာဆိုတော့ ကျွန်တော်က သူတိုကို မေးကြည့်တယ်။ မင်းတို ဒါ တရားလား မတရားလား သိလား ဆိုတော့ အဲ့ဒါတွေ စိတ်မဝင်စားဘူး။ အခု ငါ အဆင်ပြေတယ် ဒီလိုမျိုးတွေ ရတယ်တဲ့။ တပ်ထဲမှာ အကြွေးပတ်လည် ဝိုင်းနေတဲ့ ကောင်တွေကလဲ ဆန္ဒပြပွဲတွေ ဖြိုခွင်းတာ သွားလိုက်ရော သူ့မိသားစုကအစ ရွှေတွေ ဘာတွေ နဲ့ ဖြစ်ကုန်တာ။
ပြောရမယ် ဆိုရင် တော်တော် ဆိုးဆိုးဝါးဝါးပါ။ အစကတော့ မယုံဘူး။ အပြင်ကလူတွေပြောကြတာ” မင်းတို စစ်သားတွေက သူခိုး ဓားပြ ပုံစံတွေပေါ့။” “ဟာ မဟုတ်ပါဘူး ကျွန်တော် တိုဆို အဲ့လို စိတ်မျိုး မရှိပါဘူး ” ပေါ့။ ဒါပေမယ့် ကျွန်တော်လည်း သိလိုက်ရရော ဒါတွေက တကယ်ပါလားပေါ့။ တချိုဆို လုံခြုံရေးသွားတဲ့သူ အချင်းချင်း လောင်းကစားတွေ လုပ်ကြတယ်။ လေနဲ့လောင်းကြ တာပေါ့။ ဘောလုံးပွဲ လောင်းကြတဲ့အခါ ဆိုင်ကယ်တစ်စီးကြေး လောင်းပါလားတို၊ ဖဲတွေဘာတွေရိုက်တော့လည်း ဆိုင်ကယ်တစ်စီးထိုးတယ် ဆိုတာမျိုးတွေ ဖြစ်ကုန်တယ်။ လုပ်ချင်တိုင်းတွေ လုပ်ကြတယ်။
ပြီးတော့ နောက်ပိုင်း ပစ်ကြခတ်ကြတွေ ဖြစ်လာတဲ့အချိန်မှာလဲ အားရဝမ်းသာစွာတွေ ပြောကြတယ်။ ဘယ်လိုမျိုးတွေ ပစ်လိုက်တာ၊ ပစ်ရတာ ဘယ်လိုမိုက်တယ်တွေပြောကြတာ၊ “ ဟာ မင်း တို ဘာတွေ ပြောနေကြတာလဲ” ဆိုတော့ “ ဟာ မသိဘူး ကျွန်တော် ကတော့ မှန်တယ်လို ထင်တယ် တပ်မတော်က အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး “ ဆိုပြီးပြန်ပြောကြတာ။ အဲ့ဒီကတည်းက မဟုတ်သေးဘူး ဆိုပြီး သူတိုကို ပြောတယ်။ ဒါပေမယ့် မရခဲ့ဘူး။ သူတိုအနေနဲ့ ဆန္ဒပြ ပြည်သူတွေ ဆီကနေ ဖုန်းတို ဆိုင်ကယ်တို လုယူခဲ့ရတာတွေရှိတယ်။ ဆိုင်ကယ်ဆိုလဲ ကားပေါ် တင်ပြီး ယူသွားတာတွေ အများကြီး ရှိတယ် ။ အဲ့ဒီ ဆိုင်ကယ်တွေကို ပြန်ရောင်းစားတယ်။ စမတ်ကီး ကလစ် ဘာညာ တွေ ဆိုလဲ ၅သိန်း ၆သိန်း နဲ့ ပြန်ရောင်းတာတွေ ရှိတယ်။
တီဗီတွေဆိုလဲ ယူတယ် အိမ်တွေဆိုလဲ ဝင် စီးတယ်။ သူတို မနိုင်တာဆို ဖျက်ဆီးတယ်။ နိုင်တဲ့ဟာ တန်ဖိုးကြီးတာ မှန်သမျှ အကုန် ယူသွားတယ်။ ဒီလို မျိုးတွေပေါ့ အများကြီးပဲ။ ကျွန်တော်တို XXX မှာ ဖြစ်ခဲ့တယ်။ ကျွန်တော်က ဆန္ဒပြပွဲ ဖြိုခွင်းတာတော့ မသွားဘူး ဆိုပြီး ငြင်းခဲ့တော့ နောက်ကျ ဘယ်လို ဖြစ်လာလဲ ဆို အထက်က ဒါ မင်း ဆန္ဒပြ ဖြိုခွင်းရမှာ မဟုတ်ဘူး xxx ပတ်ပတ်လည်လည်မှာ လုံခြုံရေး ချထားတယ် အဲ့ဒီ မှာပဲ မင်း နေရမှာ ဆိုလို သွားလိုက်ရတယ်။
ဂိတ် တစ်ခု ကို သွားတဲ့ အချိန်မှာ စပြီး ကိုယ်တိုင် ကြုံတွေ့ရတာက ဂိတ်မှာနေတဲ့ အချိန် ကျွန်တော်က ကျွန်တော့်ထက် ရာထူးငယ်တဲ့ သူတွေကို အမြဲမှာတယ်။ မင်းတိုတော့ ဒါတွေ မလုပ်သင့်ဘူး။ လူတွေစိတ်ထဲမှာ စစ်သားတွေ မကောင်းဘူး ထင်ကြတယ်။ ဒါပေမယ့် ငါတို တွေက ဘယ်လို နေရမလဲ ဆိုရင် သူတို ထင်ထားတဲ့ စစ်သားတွေ မဟုတ်တဲ့အကြောင်း၊ ပြည်သူကို ငဲ့ညှာတဲ့ စစ်သား ဖြစ်ကြောင်း၊ ဘယ်လိုနေရမယ်ဆိုတာ အမြဲပြောခဲ့တယ်။ ကျွန်တော်တိုဂိတ်မှာ ပြောစကား နားမထောင်တဲ့ကောင် တစ်ကောင် ရှိတယ်။ ဒီကောင်က အရက်အမြဲသောက်တယ်။ ကျွန်တော်က “ မသောက်နဲ့ နောက်တစ်ခါ သောက်ရင် ဘယ်လိုလုပ်မယ် ဘာညာပြောထားတယ်။ တရက်တော့ သင်္ကြန်အတက်နေ့ ညကြီး၊ မာရှယ်လောက ည၈နာရီမှာရှိတယ်။ ည ၈နာရီ ကျော်ပြီးတော့ ကျွန်တော်တိုဂိတ်ကို ဖြတ်ဖိုလာရတဲ့ အချိန်မှာ အရပ်သားတွေက မူးပြီး သီချင်းတွေအော်ဆိုပြီး ဆိုင်ကယ် ၂စီး နဲ့ လာတယ်။ ရောက်လာတော့ ကျွန်တော်တိုအနေနဲ့ ဂိတ်က နေပြီး တားရတယ်။ကျွန်တော်က အဲ့ဒီ အချိန်မှာ တခြားဂိတ်ကို ရောက်နေတယ်။
ဘယ်လိုဖြစ်လဲဆိုတော့ တားတဲ့ အချိန်မှာ အရပ်သား ရဲ့ဆိုင်ကယ်က တန်းရပ်လို မရဘူး။ နည်းနည်းလေး အရှိန်လျော့နေပြီ။ ရပ်ခိုင်းတဲ့ အချိန်မှာ ချက်ခြင်း မရပ်လို ဆိုပြီး ဟိုမူးနေတဲ့စစ်သားက သေနတ်နဲ့ ၂ချက်ပစ်လိုက်တယ်။ ရှေ့ရော နောက်ရော ၂ယောက်လုံး မှန်သွားတယ်။ စစ်တပ်က သုံးတဲ့ သေနတ်တွေက တအားပြင်းတယ်လေ။ ရှေ့ မှန်တဲ့သူက မသေဘူး။ နောက်က ထိုင်တဲ့လူက သေသွားတယ်။ ရှေ့ကထိပြီး နောက်က လူက ပွင့်ထွက် သွားတာ ဆိုတော့ အဲ့ဒီအချိန်မှာ ဆိုက်ကယ်ပါ လဲသွားတယ်။ လဲသွားတဲ့ အချိန်မှာ ရှေ့ က အရပ်သား တစ်ယောက်က ပြောသွားတာရှိတယ်။ အဲ့ဒါကို ကျွန်တော့်ထက် အရင် CDM လုပ်တဲ့ ကောင်လေးက ပြောပြလို ကျွန်တော်သိတာ။ ဘာပြောသွားလဲဆိုတော့ ကျွန်တော် တိုမှာ ဘာအပြစ်ရှိလို ပစ်ရတာလဲတဲ့။ အဲ့လိုပြောပြီး ဆိုင်ကယ် မြေကြီးပေါ် ကျပြီး လဲသွားတယ်။ အဲဒီ တစ်ယောက် က သေသွားတယ်။ တစ်ယောက်ကလဲ ဘရိတ်က တန်းမမိဘူးလို ပြောပြီး အလူးအလဲ ခံစားနေရတယ်တဲ့။ အဲဒီအချိန် ကျွန်တော့်ကို ဖုန်းလှမ်းဆက်တယ်။ ပြောတော့ ကျွန်တော်လည်း ချက်ချင်းပြေးသွားလို ဖြစ်စဉ်ကို အကုန် သိခဲ့ရတယ်။
ဘာလုပ်လို လုပ်ရမှန်း မသိဘူး။ ကျွန်တော့် မျက်စိရှေ့မှာ တစ်ခါမှ မမြင်ခဲ့ရဘူး။ ပစ်တဲ့ကောင်ကို ထိုးကြိတ်လိုက်သေးတယ်။ ပြီးတော့ ပတ်ပတ်လည်မှာ တာဝန်ယူထားတဲ့ အရာရှိတွေကို လှမ်းအကြောင်းကြား ဆက်သွယ်ရတယ်။ တစ်ယောက်က မသေသေးဘူးဆိုတော့ အရာရှိတစ်ယောက် က လူနာတင်ကား သွားခေါ်တယ် ။ လူနာတင်ကား သွားငှားတဲ့အချိန်မှာ လူသေသွားတယ်ကြားတော့ XXX က ဗျူဟာမှုးအဆင့်ရှိတဲ့ ဗိုလ်မှုးတစ်ယောက်က ကားနဲ့ ရောက်လာပြီး ကျွန်တော်တိုကို ဆဲတာ။ တကယ် ဖြစ်တဲ့ ဂိတ်လဲ ရောက်ရော မဆဲတော့ဘူး။ လေသံကတန်းပြောင်းတာ။ မင်းတို ကောင်တွေ ဖြစ်ပြီးသွားမှတော့ ဘယ်တတ်နိုင်မှာလဲလိုပြောတယ်။
ပြီးတော့ ပြောရင်း နဲ့ စိတ်တိုလာပြီး “ မင်းတို ပစ်ပြီးပြီဆိုလဲ ကိုယ့်ဟာကိုယ်နေလိုက် ပတ်ဝန်းကျင် ရှိတယ်။ လူနေအိမ်တွေကလည်း ကပ်နေတာ။ မင်းတိုအဲ့လောက် မတုံးနဲ့ မအနဲ့၊ သူတိုကို အမှောင်ထဲမှာ ဖြစ်ဖြစ် ပစ်ထားလိုက် လူမသိအောင် မလုပ်တတ်ဘူးလား “ ဆိုပြီး ငေါက်တယ်။
“ မမိရင်အပြစ် မဟုတ်ဘူး မိသွားရင် အပြစ် ဆိုပြီး စစ်တပ်ထဲမှာ ပြော တဲ့ စကား ရှိတယ်။ လူမမိအောင် ဘယ်လိုလုပ်ရမလဲ မသိဘူးလား “ ဆိုပြီး ဆူငေါက်နေတဲ့ အချိန်မှာပဲ ခုနကပြောတဲ့ လူနာတင်ကား သွားငှားတဲ့ အရာရှိက နာရေးကူညီမှုကားနဲ့သူ ရောက်လာတယ်။ သူက ဗျုဟာမှူးကို ဒဏ်ရာ ရတဲ့သူ လာခေါ်တာပါဆိုတော့ “ မင်း ရူးနေလား၊ ဦးနှောက် မရှိဘူးလား “ လိုပြောပြီး သူ့ကို ပါးတွေ ရိုက်တာ။ “ မင်းဒီလောက်တုံးရလား သေနတ်နဲ့ ပစ်ထားတော့ ဒီလိုအရပ်ကားနဲ့ တင်သွားရင် တခြားသူတွေ မိကုန်မှာပေါ့။ မင်း ဒီအမှုကို ဘာမှတ်နေလဲ “ ဆိုပြီး အဲ့ဒီ ဗိုလ်ကြီးကို ဆူငေါက် ပါးတွေ ရိုက်ပြီး အဲ့ဒီကားကို ပြန်လွှတ်လိုက်တယ်။
တာဝန်မဲ့တဲ့ စကားတွေ ပြောပြီး စစ်တပ်ထဲက ကားကိုခေါ်တယ်။ စစ်ကား ရောက်လာဖိုကလဲ တစ်နာရီလောက် ကြာသွားတယ်။ တမင်သေအောင်ပဲ လုပ်တာလားပဲ။ ဖြစ်ချင်တော့ ကံကောင်းတာလား ကံဆိုးတာလား မသိဘူး။ သူမသေခဲ့ဘူး။ ညတွင်းချင်း အရေးပေါ် ဆေးရုံ ကို ပိုလိုက်တယ်။ အဲဒီမှာ ပြောခဲ့တဲ့ စကားတွေ ဆေးအသိုင်းအဝိုင်းက အရာရှိအသိုင်းအဝိုင်း က ပြန်ကြားတာ ကတော့ ဒီကောင်မသေဘူး ငါတိုတော့ ရှင်းရပြီ ထင်တယ် ဆိုပြီး ကြားတယ်။ ဒီအမှုက လူသတ်မှု မြောက်သွားတာ။ တကယ်က ဆိုင်ကယ် ၂စီး နဲ့ ရောက်လာတာ နောက်ထပ် တစ်စီးက ပြေးသွားတာ သူတိုလဲ သေသွားတာ သိမှာပေါ့။ ကျန်ခဲ့တဲ့ တယောက်ကလည်း မသေတော့ အမှုဖွင့် အရေးယူတာ ရှိမှာပေါ့။
ပစ်ခံလိုက်ရတဲ့ ၂ယောက်က အခြေခံ လူတန်းစားတွေ။ ဆိုင်ကယ်ဝမ်းတူးဖိုက်အစုတ် လေးနဲ့။ ဖုန်းတွေ စစ်ကြည့်တဲ့အခါ ပိုက်ဆံအိတ်ထဲမှာ ငွေလေး၅၀၀၀ ပဲ ရှိတယ်။ သူ့ဖုန်းလေး ဖွင့်ကြည့်တော့ သူ့ မိသားစုပုံ တွေ့ရတော့ တကယ် စိတ်ထဲ မကောင်းဘူး။ ဆုံးသွားတဲ့ တစ်ယောက်က ဒီအတိုင်း ဆုံး သွားတယ်။ မသေတဲ့ တစ်ယောက်ကျ ကံကောင်းလို မသေတာ။ သူ့ခမျာ ကောက်ညှင်းကမစေးပဲ ဆန်ကြမ်းကစေး ဆိုတဲ့ စကားလို ကျူးလွန်ခံရတဲ့သူက အမှု မဖွင့်ရပဲ စစ်တပ်က အမှုပြန်ဖွင့်တာ။ ရဲ နဲ့ ပေါင်းပြီး ညှိပြီး ဒီကောင်တွေက ကျွန်တော် တို ဂိတ် ကို မူးပြီး ရောက်လာတယ် မီးပုလင်း လာပစ်တယ်၊ လက်လုပ်ဗုံး လာပစ်တယ်ဆိုတဲ့ပုံစံ နဲ့ လုပ်ပစ်လိုက်တာ။ သတင်းစာထဲပါ အမှုတွေတပ်ပြီး ထည့်လိုက်တာ။ စစ်တပ်နဲ့ ပတ်သက်တဲ့ ခုံရုံးတွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ တရားရေးတွေ ဆို ရှုးပြီသာမှတ်။ မှန်လဲ ရှုးတာပဲ။ ရှေ့နေ နဲ့ ဘယ်လောက်ပဲ ကောင်းကောင်း ဟိုဘက်က လိုက်ပေးတဲ့ ရှေ့နေတောင် အရေးယူ ခံလိုက်ရတယ်နဲ့ တူတယ်။ ဒါ ကျွန်တော် ကိုယ်တိုင် ကြုံတာ။
ကျွန်တော် CDM လုပ်တာ ၉လပိုင်း ။ ၄လပိုင်းထဲက CDM လုပ်ချင်တာ။ ၄လပိုင်းမှာ ကျွန်တော့် အမေ ဆုံးသွား တယ်။ အဲ့ဒီအမှုတွေလဲ ဖြစ်တော့ ပိုပြီး CDM လုပ်ချင်တယ်။ ပြီးတော့ ကျွန်တော့် အဘွား ဆုံးတယ်၊ ဦးလေးဆုံးတယ်၊ အဘိုးဆုံးတယ်။ နာရေး ကိစ္စတွေလဲ လုပ်နေရတော့ အဲ့ဒီ အချိန်တုန်းက CDM လုပ်ရင် ဘယ်သွားရမယ်မှန်းလဲ မသိဘူး။ ၉လပိုင်းကျမှ CDM လုပ်ဖြစ်ခဲ့တယ် ။ မတရားမှုတွေကတော့ အများကြီး ကြုံခဲ့ရတယ်။
xxxမှာ ဖြစ်သွားတာတခုက သုံးဘီးဆိုင်ကယ် နဲ့ အရက်သောက်ပြီး အိမ်ပြန်နောက်ကျတဲ့သူတွေပေါ့ ။ ဟိုကောင်တွေကလဲ သောက်နေတဲ့အချိန် မူးနေတဲ့ အချိန်နဲ့ သွားတွေ့တော့ ပစ်လိုက်တာတစ်ယောက်သေသွားတယ်။ သူတိုအနေနဲ့ ရှေ့ပုံစံအတိုင်းပဲ၊ အမှုတွေ လိမ်တယ်။ အမှုတွေ ဖျောက်တယ်၊ ဂွင်ဆင်တယ်။ ဒီ နွေဦးတော်လှန်ရေး မှာ ပြည်သူတွေမသိပဲ သေသွားတဲ့သူတွေ အများကြီးပဲ။ ကျွန်တော်တာဝန် ထမ်းဆောင်နေတဲ့အချိန် xxxမှာတင် ဘယ်သူမှ မသိဘဲ မတရားအမှုတွေနဲ့ ပျောက်သွားတဲ့သူတွေ လူ ၁၀ယောက်လောက်ရှိတယ် ။ ပြီးတော့ နေ့ခင်းကြီးပစ်လိုက်တာ သေသွားတဲ့သူတွေလည်းရှိတယ်။ သူတို တားတာကို မရပ်လို သတ်ပစ်တဲ့ကောင်တွေကို အရေးယူသင့်တယ်။ ဒါပေမယ့် သူတိုတန်းမထုတ်ဘူး ။ငါတိုက လက်အောက်ငယ်သားကို ဘယ်လို ကြည့်တယ် ဆိုပြီး ဖုံးဖိထားတယ်။ ပြောရမယ်ဆို တခြား နေရာတွေ ပြောင်းလိုက်တာ ရှိတယ်။ ပြည်သူတွေကို ကြက်ကလေး ငှက်ကလေးလို သတ်ပစ်တာ။ သတ်ပြီးတော့လဲ သူတိုမှာ အရေးယူ မခံရဘူး ဘာအရေးယူမှုမှလဲ မရှိဘူး ။
စစခြင်းတော့ ဒီ တော်လှန်ရေးကို အရမ်းအားရတယ်။ နိုင်ကို နိုင်မှာ။ ပြည်သူတွေ နိုင်ကို နိုင်မှာ။ စစ်သားတွေ ကိုယ်တိုင်ကအစ အများကြီးပါတယ်။ CDM လုပ်ကြတယ် ။ နိုင်မယ်လို ယုံကြည်တယ် ။ နောက်ကျ ပြည်သူတွေကိုလဲ အပြစ်ပြောတာတော့မဟုတ်ဘူး။ မြိုပေါ်တွေမှာ ပြည်သူတွေရဲ့ ပါဝင်မှုက နည်းနည်း သွေးအေးသွားသလို ဖြစ်ကြတယ်။ ဘယ်သူ သေ သေ ငတေ မာရင် ပြီးရော။ ငါတို အသက်ရှင်နေသေးရင် ပြီးတာပဲဆိုတဲ့ အတွေးတွေရှိကြတယ်။ ဒါ တကယ်တော့ စစ်တပ်ရဲ့ ဆိုက်ဝါးတွေ ဝင်သွားတာ။ အကြောက်တရားနဲ့ လုပ်ပစ်တာ။ မဆိုင်တဲ့သူကို မလုပ်ဘူး။ ဆိုင်တဲ့သူကိုသာ လုပ်ပစ်တာဆိုတဲ့ အကြောက်တရားနဲ့ လုပ်ပစ်တော့ ပြည်သူတွေ ငြိမ်သွားတယ်။ နားလည်တယ်။ ဒါပေမယ့် ပိုလုပ်သင့်တာက မြန်မြန်ကူရင် ပြီးသွားနိုင်တယ်။
ဒါပေမယ့် တော်လှန်ရေး ပြီးဖိုကလဲ ကြာဦးမှာ။ တော်လှန်ရေး တပ်ဖွဲတွေအနေနဲ့ ပိုပြီး အားစိုက်သင့်တယ်လိုလဲ ထင်တယ်။ အခက်အခဲကတော့ အိမ်နဲ့ ဝေးနေတာ တခုပဲ။ ကျန်တာ အကုန် အဆင်ပြေတယ် ။ ဒီဘက် ရောက်လာကတည်းက အရင်လို ဘ၀ မဟုတ်တော့ဘူး။ ကိုယ်လုပ်ရင် လုပ်သလောက် ရတယ် ။လွတ်လပ်မှုဆိုတာ ဘာလဲသိရတယ်။ တရားမျှတစွာ နေနေရတယ် ။အရင်က ကိုယ့်ဘက်က မှန်နေလဲ မပြောရဘူး။ သတင်း ပိုစရာ ရှိလဲ ကိုယ်က ပြောချင်တယ်ဆိုရင်တောင် သူတို ကျေနပ်အောင် မရှိပါဘူး၊ ပြီး တော့ ဟုတ်၊ဟုတ် ဆိုတဲ့ တစ်ခွန်းပဲ ပြောခဲ့ရတယ်။ ဟုတ်၊ မဟုတ်၊ မရှိ၊ ရှိ အဲ့ဒီ စကားတွေပဲ ပြောခဲ့ရတယ်။ အခုချိန်မှာ ကျွန်တော်တို တရားမျှတစွာ နေနေရတယ် ။ လွတ်လပ်စွာ နေနေရတယ်။ ဒါပေမယ့် လွတ်လပ်လားဆို မလွတ်လပ်ဘူးပေါ့ ပြောပြတာ။
ဒါကြီးသာ အမြန်ဆုံးပြီးသွားရင် မိသားစုကို အချိန်ပေးမယ်။ ကျန်ခဲ့တဲ့ ညီ နဲ့ အဖေ ရှိတယ်။ ကျွန်တော့်အမေ ဖြစ်စေချင်တာတွေ လုပ်သွားမယ် စိတ်ကူး ထားတာတွေ ရှိတယ်။ သာမန်ပြည်သူ တစ်ယောက်လိုပဲ နေသွားမယ်။ ဘဝကို အေးအေးချမ်းချမ်း နဲ့ပဲ ဖြတ်သန်းသွားဖို စိတ်ကူး ထားတယ်။ တပ်ထဲ ဝင်ဖိုကတော့မရှိတော့ဘူး ။