ကျနော့ နာမည်ကတော့ xxx ပါ။ ဇာတိကတော့ xxx ပါ။ ရာထူး ကတော့ ရဲတပ်သားပဲ ။ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ xxx ကျောင်းမှာ သင်တန်းစတက်ပြီး ၂၀၁၉ နှစ်စပိုင်းမှာ သင်တန်းဆင်းတယ်။ ၂၀၁၉ ၃လပိုင်း မှာ သင်တန်း ဆင်းပြီး xxx မှာပဲ တာဝန် ကျတယ်။ တာဝန်ကျကျပြီးခြင်း ရခိုင်ကို တန်းသွားရတယ်။
ရခိုင်ပြည်နယ် က xxxxလို့ ခေါ်တဲ့ မောင်းတောမြို့ရဲ့ ဘေးကပ်ရပ် စခန်းမှာ တာဝန်ကျတယ်။
အစိုးရဝန်ထမ်း လုပ်ဖို့ စပြီး စဉ်းစားလိုက်တာ အပြင်မှာ တခြား Customer Service တွေလဲ လုပ်ဖူးတယ်။ အရောင်းဝန်ထမ်းလဲ လုပ်ဖူးတယ်။
Security လဲ လုပ်ဖူးတယ် ပန်းရံလဲ လုပ်ဖူးတယ် အလုပ်စုံအောင် လုပ်ဖူးတယ်။ နောက်ဆုံး ကိုယ့်အတွက် ရေရှည် အတွက်လဲ ကြည့်မယ်ဆိုရင် အစိုးရ ဝန်ထမ်းကလဲ ကောင်းတယ်၊ နောက်ပြီးတော့ကျနော်တို့ ရွာဘေးမှာ နယ်မြေစခန်းလေး ရှိတယ်။ ကျနော့ စိတ်ကူးက ပြီးသွားရင် အဲ့ဒီ စခန်းလေးမှာ ပြန်နေမယ်။ ကျနော့ မိသားစု နဲ့ အရမ်းမဝေးဘူး။ ကျနော့ အမျိုးသမီးကလဲ အဲ့ဒီ ရွာနားမှာပဲ ဆိုတော့ အဆင်ပြေတယ် ဆိုပြီးတော့ တပ်ထဲတော့ မဝင်ဘူး၊ ကျိန်းသေတယ် ရဲထဲမှာပဲ ဝင်မယ်ပေါ့။ အဲ့ဒီအချိန်တုန်းက ကျနော်တို့ နိုင်ငံ တော်တော်လေး အဆင် ပြေနေတဲ့ အချိန် တိုးတက်လာဖို့ မျှော်မှန်းထားတာပေါ့ ကောင်းတဲ့ဘက်ကို တော်တော်လေး တွေးခဲ့တာ အဲ့ဒီအချိန်တုန်းက။
သေချာတာတော့ တပ်ထဲဝင်ရင် စစ်တိုက်ရမှာပဲ အဆက်အသွယ်လဲ မရှိ။ ဒီအတိုင်း တပ်ထဲမှာ ဆွေမျိုး သားချင်း မရှိ။ ရှေ့တန်းကို ကျိန်းသေပို့ခံရမှာပဲ။ ခြေမြန် တပ်ရင်းတွေ ရောက်ရင်ရောက်မယ်။ အရင်တုန်းက အဲ့ဒီ အကြောင်းအရာတွေ မသိဘူး ကိုယ့်မိသားစု ကလဲ ကိုယ့်ရွာ နားမှာပဲ ရှိတယ်။ တပ်ထဲနေရင် ကျိန်းသေတယ် တပ်မှာပဲ သွားနေရမှာပဲလေ။ ကိုယ့်ရွာနားမှာ ကိုယ်ပြန်နေလို့တော့ ရမှာမဟုတ်ဘူး။ စစ်တိုက်ရတဲ့အလုပ်ကို မလုပ်ချင်ဘူး။ အရင်ကတည်းက ဘာဖြစ်လို့လဲ ဆိုတော့ သူများ အသက်သတ်ရတာလဲ ဖြစ်တယ်။ နောက်ပြီးတော့ ကိုယ့် လုံခြုံရေး အတွက် ကိုယ့်အသက် အန္တရာယ် အတွက် စိုးရိမ်တာလဲ ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒါကြောင့် ရဲ ထဲပဲ ဝင်လိုက်တာပါ။
သင်တန်း ၆လ တက်ရတယ် ။ ၂၀၁၉ မှာ ရခိုင် စရောက်တယ် ။ ရခိုင်မှာ ၆လ ကြာတယ် ။ ကျနော် က သင်တန်း ဆင်းတော့ ရခိုင်ကို ပါတာပေါ့ သင်တန်းသား တဝက်လောက်က ရခိုင်ကို ကျတယ် ။ တပ်နဲ့ရောပြီး မနေရဘူး နယ်မြေစခန်း သီးသန့်ပဲ ကင်းစခန်း ပုံစံမျိုး ရဲတပ်ရင်းပဲ နေတာ။
အဲ့အချိန်တုန်းက အိမ်ထောင်မကျသေးဘူး။ ကျနော့ အမျိုးသမီးနဲ့ ရည်းစားဖြစ်နေပြီပေါ့ အိမ်ထောင် မကျသေးတာ။ သူက ကျနော်တို့ ရွာမှာပဲ၊ ကျနော့ မိသားစုကလဲ ရွာမှာပဲ။ ကျနော်က xxx မှာ သင်တန်း သွားတက်တော့ xxx မှာပဲ တာဝန်ကျခဲ့တာ ။ နောက်မှ ရခိုင်ကိုသွားရတာ။
ကျနော်က သင်တန်းတက်တော့ ကျောင်းတွေ ခွဲတယ်၊ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄) ဆိုပြီး ရှိတော့ အမှတ် (၁) က အမျိုးသမီးတွေပဲ သီးသန့် ထားတာ။ ကျနော်က အမှတ် (၂) ကျောင်းပေါ့ အမှတ် (၂) ကျောင်း ကျတယ်။ သင်တန်းဆင်းပြီးတာနဲ့ နယ်မြေ ကို တန်းမပို့ဘူး လုံခြုံရေး ရဲတပ်ရင်း ဆိုပြီး ပို့တယ် ရခိုင် သွားရတယ်။
ဟိုမှာ လုံခြုံရေး အနေနဲ့ လုံခြုံရေးတပ်ရင်း အနေနဲ့ပဲ အဓိက သွားရမှာ။ ဘယ်ကိုမှလဲ သွားမတိုက်ဘူး ကျနော်တို့ တပ်ရင်းမှာပဲ ရှိနေတယ်။ တခါတလေ ရွာထဲမှာ အကြောင်းပေါ်ရင် သွားတယ်။ တစခန်း နဲ့ တစခန်း လုံခြုံရေး အရ ညဘက် သွားစရာရှိရင် သွားတယ် ဒီလောက်ပါပဲ ။
ရခိုင်ပြည်နယ် မောင်းတောမြို့နယ်ပဲ ဖြစ်မှာပေါ့ သေချာ မမှတ်မိလို့ မောင်းတောမြို့ရဲ့ ဘေး ကပ်ရပ်ပဲ မောင်းတော မြို့နဲ့ ကျနော်တို့က လှမ်းကြည့် ရင်တောင် မြင်ရတယ်။ စခန်းအပိုင် ကလဲ မောင်းတော မြို့ ဘေးမှာပဲ ။ နယ်မြေ သတ်မှတ်ထားတာ ရှိတယ်။ ကျနော်တို့ တပ်ရင်းက လုံခြုံရေး ယူရတာ နယ်မြေ (၇) နဲ့ နယ်မြေ (၈)။ ကျနော်တို့က နယ်မြေ (၈) ထဲ ပါမလား မသိဘူး xxxx ကင်းစခန်း ။
ကျနော်တို့ စခန်းက (2017) အရေးအခင်း ဖြစ်တဲ့ အချိန်မှာ ဝင်စီးခံရတဲ့ စခန်းထဲ ပါလိမ့်မယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ စခန်း က ရောက်သွားတဲ့ အချိန်မှာ သတိပေးတယ် ဒီစခန်းက ဝင်ပြီးတော့ အတိုက်ခံရတဲ့အထဲမှာ ပါတယ်။ ဒါပေမယ့် စခန်းတော့ မကျသွားဘူး။ “မင်းတို့လဲ ရှေ့က အစဉ်အလာကို ထိန်းကြ လုံခြုံရေး သတိရှိရှိနဲ့နေကြ” အဲ့လိုမျိုးတော့ ရှေ့ က အရာရှိက ပြောတာ ကြားဖူးတယ်။ ကျနော်လဲ အဲ့ဒီအချိန်တုန်းက ရဲထဲ မရောက်သေးတော့ အဲ့ဒီ ကိစ္စတွေကို လက်လှမ်းမမှီဘူး ဖြစ်နေတယ် ။ သူများ တွေ ပြောသလောက် အဲ့ဒီ အချိန်က ကျနော်တို့ စခန်းက ပါခဲ့တယ် ။ အတိုက်ခံရတဲ့ အထဲ မှာ ပါတယ် ရွာသားတွေလဲ ပြောပြတယ် ။
တိုက်တာကတော့ ARSA နဲ့ AA ပူးပေါင်း လို့ပဲ သိတယ်။ ဘယ်နှစ်ယောက်ကျတယ် ကတော့ သူတို့ လဲ ကျနော်တို့ကို အတိအကျ မပြောဘူး။ ဒါပေမယ့် စခန်းမကျသွားတာတော့ သိတယ်။ အဲ့စခန်းရဲ့ တည်နေရာ ပတ်ပတ်လည် အရပ် လေးမျက်နှာ ကင်းစင်အမြင့်တွေ ရှိတယ်။ အဲ့ဒီအပေါ်ကနေ ကြည့်ရင် ဝေးဝေးကို ပတ်ပတ်လည် ကွင်းပြင်ကြီး ဖြစ်လို့ ကောင်းကောင်း မြင်ရတယ်။ ညဘက် လူတက်လာမယ်ဆို လသာတဲ့ ညမျိုးဆို ရိပ်ရိပ်တော့ မြင်ရမယ်။ လမိုက်ညတွေ ဘာတွေဆို မမြင်ရဘူး။ မမြင်ရလဲ ကွင်းပြောင်ကြီး ဖြစ်လို့ အရမ်းတိတ်ဆိတ်တယ်။ အသံလေး ချွတ်ချွတ်တောင် ကြားနိုင်တယ်။ ကင်းသမားက သူ အိပ်မနေဘူး ဆိုရင် လူစုလူဝေး နဲ့ လာတာ မျိုးဆို သူ အသံလေး သဲ့သဲ့တော့ ကြားမိမယ် ။ စခန်းက အရင်ကျမသွားတာ ကျနော်တို့ အရာရှိ ပြောပြတာ ကင်းသမား က Alert ဖြစ်နေ တယ်။ အရေးပေါ် အချိန်လဲ ဖြစ်တော့ ညဘက်ကျရင် ဘယ်သူမှ မအိပ်ကြတော့ လာတိုက်တဲ့ အချိန်မှာ သူပစ် ကိုယ်ပစ် ပစ်ကြတယ် ။ စခန်းတော့ မကျသွားဘူး ။
ဘာတွေဖြစ်သွားတယ်လို့ အတိအကျ မသိရဘူး ။ သူတို့ပြောအရဆို စခန်း အတိုက်ခံရတာပဲ ပြောတယ် ။ ဘေးက ရွာတွေ ကျနော်တို့ စခန်းဘေးမှာ ရွာတွေ ဖြစ်လို့ တခုခုဆို သူတို့မှာလဲ အန္တရာယ် ရှိတယ်လေ အဲ့ဒါကြောင့် စခန်းအတိုက်ခံရတာ သိတယ် စခန်းကျမသွားဘူး ဆိုတာ သိတယ် လူ ဘယ်နှစ်ယောက် ကျသွားတယ် သူတို့ဘက်က လူ ဘယ်နှစ်ယောက် ကျသွားတယ် ဆို တာတော့ ကျနော်တို့လဲ အတိအကျ မသိဘူး ။
စခန်းမှာ ၁၀ယောက် ကျော်ကျော်ပဲ ရှိတယ်။ အလွန်ဆုံး ၁၂ယောက် တခါတလေကျရင် ၁၀ယောက် လောက်ပဲ ရှိတယ်။ စခန်းကလဲ အကြီးကြီး မဟုတ်ဘူး စခန်းကလဲ သေးသေးလေးပဲလေ ။
ရခိုင်မှာနေတုန်းက ဒေသခံလူတွေဟာ လူ့အခွင့်အရေးတို့ လူသားဆန်မှု အပိုင်းတို့က ကြည့်ရင်တော့ အဲ့ဒီဒေသ က လူတွေက လူ့အခွင့် အရေး အပြည့်အဝ မရဘူး။ ကျန်းမာရေး စောင့်ရှောက်မှုလည်း အပြည့်အဝ မရဘူး။ ပညာရေးလဲ အပြည့်အဝ မရဘူး။ တနေရာနဲ့ တနေရာ သွားဖို့ကိုလဲ သူတို့မှာ မဖြစ်နိုင် သလောက်ကို အခွင့် အရေးက အရမ်းကို နည်းပါးတယ်။
ပတ်ဝန်းကျင် လူနေထိုင်မှုက ဆင်းရဲတဲ့ လူတန်းစား များတယ်။ ချမ်းသာတဲ့ လူ ဆိုတာ ရွာလူကြီးတွေ ရွာမျက်နှာဖုံး နည်းနည်း ပါးပါး ရွာတရွာမှာ ပိုက်ဆံရှိ လူတန်းစားက လက်ချိုး ေရလို့ ရတယ် ။ ရွာတရွာကို အိမ်ခြေက ၁၀၀ကျော်ကနေ ၅၀၀ နီးပါးလောက် ရှိတယ် ။ ဘယ်လိုလူမျိုးတွေ နေကြလဲ ဆိုတော့ အဓိကက တော့ ကျနော်တို့ သွားတဲ့ ရွာတွေ ဆိုရင် မောင်းတော မြို့ဘက်ခြမ်းမှာ ရခိုင်တွေ။
ရခိုင်လူမျိုးတွေ တွေ့ တယ်။ ကျနော် တို့ ရဲ့ စခန်း ဒီဘက်ခြမ်းမှာ ဆိုရင် ကျနော်တို့ ပတ်ပတ်လည်မှာတော့ အကုန်လုံး က မွတ်စလင်တွေ နေကြတယ်။ တခြား ဟိန္ဒူတွေလဲ ပါမလား မသိဘူး။ ကျိန်းသေတာတော့ မြန်မာ မရှိဘူး ရခိုင် မရှိဘူး တခြား တိုင်းရင်းသားတွေ မရှိဘူး သူတို့ပဲ သီးသန့် အဲ့ဒီရွာမှာ သူတို့ပဲရှိတယ်။
ကျနော့ အမြင်ဆိုရင်တော့ သူတို့ နေထိုင်ရတဲ့ဘ၀ ပုံစံလေးတွေက ကျနော့တို့ နိုင်ငံ အနေ အထား နဲ့ ကြည့်ရမယ် ဆိုရင် အရမ်း ဆင်းရဲ နွမ်းပါးတဲ့အထဲမှာ ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ကပဲ ကြည့်ကြည့် ပညာရေး ရှုထောင့်ကပဲ ကြည့်ကြည့် တော်တော်ကြီးကို သူတို့ဆီမှာ ဘာတခုမှ မရှိသလောက် နီးပါး ရှားတယ်။
ကျနော်တို့ သွားတဲ့အချိန်မှာ ကလေးငယ်တွေ ကာကွယ်ဆေး လာထိုးပေးတာတို့ မကြုံဖူးဘူး။ ကျန်းမာရေး စောင့်ရှောက်မှုတွေ မကြုံဖူးဘူး။ ကလေးတွေ စာသင်တဲ့ ကျောင်း ဆိုရင် မောင်းတောမြို့ပေါ်မှာပဲ။ အဲ့ဒီ မြို့ပေါ်မှာပဲ ရှိတယ် ။ ဘေးပတ်ဝန်းကျင် ရွာတွေမှာ ကျောင်းရယ်လို့ သီးသန့် မရှိဘူး ။ သူတို့ရွာ လူဦးရေ နဲ့ တွက်ကြည့်မယ် ဆိုရင် ရာခိုင်နှုန်း အရမ်း ကွာလိမ့်မယ်။ ရွာမှာ လူဦးရေ ရာကျော် ထောင်ကျော် ရှိတဲ့ အထဲက ကျနော်တို့ မျက်စိရှေ့မှာ ကျောင်း သွားတဲ့ ကလေး က အယောက် ၂၀ ၊ ၃၀ လောက်ပဲ ရှိတယ်။
အဲ့ဒီ ကလေး တွေ က ကျနော်တို့ စခန်းရှေ့ကနေ လမ်းလျောက် သွားကြတယ် ပြန်လာရင် လမ်းလျောက်ပြီး ပြန်လာကြတယ်။ တချို့တွေကတော့ စက်ဘီးနဲ့ သွားကြတယ် ပိုက်ဆံရှိတဲ့ ကလေးတွေကတော့ ဆိုင်ကယ်တွေ ဘာတွေနဲ့ သွားတယ်။ ဒါပေမယ့် ကျောင်းသား လူဦးရေကတော့ တော်တော်လေး နည်းတယ်။ ဆယ်ဂဏန်းလောက်ပဲ ရှိတယ် ၅၀ အထက်ကို မကျော်ဘူး အဲ့လောက်ထိ ကို နည်းပါးတယ်။
မနက် ၆နာရီကနေ ညနေ ၆နာရီ အတွင်းမှာ လွတ်လွတ်လပ်လပ် သွားကြလာကြတယ်။ ကျနော်တို့ စခန်းရှေ့ကနေ သွားကြတယ်။ သူတို့ ပွဲတော်တွေ ဘာတွေလဲ ကျနော်တို့ ကြုံခဲ့တယ်။ သူတို့ ပွဲတော်တွေ ဘာတွေလဲ သွားကြတယ်။ ည ၆နာရီနောက်ပိုင်းကို လုံး၀ အသွားအလာမရှိ တိတ်ဆိတ်နေတယ်။ ည ၆နာရီ နောက်ပိုင်း လုံး၀ မသွားလာကြဘူး။
သူတို့ နေတဲ့ ပတ်ဝန်းကျင် သူတို့သွားခွင့်ရှိတဲ့ နေရာလေးတွေ သူတို့ သွားရတယ်။ မောင်းတော မြို့ပေါ် ထိတော့ သွားလို့ ရတယ်။ မောင်းတော မြို့ပေါ်ကနေ ကျော်ပြီးတော့ တခြား ကျောက်ဖြူတို့ သံတွဲတို့ အဲဒီလို မြို့ပေါ်အထိ သွားတာမျိုးတော့ မရှိဘူး။ သူတို့မှာ အဓိက နိုင်ငံသားကတ် မရှိဘူး။ သူတို့မှာ ခရီးသွားလာဖို့ အန္တရာယ် များလွန်းတယ်။ ကျနော်တို့ ရောက်သွားတဲ့ ကာလ ဆိုရင် အရေးအခင်း တွေ ဘာတွေတော့ ဖြစ်ပြီးပြီ လုံခြုံရေး စခန်းတွေ ဆိုတာလဲ အများကြီး ရှိတယ်။
သူတို့ အတွက် safe မဖြစ်ဘူး။ တနေရာနဲ့တနေရာ သွားချင်ရင် နိုင်ငံသား မှတ်ပုံတင်လဲ မရှိဘူး တနေရာ သွားရင်လဲ သွားတဲ့ စခန်းက အထပ်ထပ် အခါခါ စစ်ဆေးတာမျိုး ရှိတယ်။ ရခိုင် ပြည်နယ်က မြို့ကြီးတွေတော့ သူတို့သွားလို့မရဘူး၊ သူတို့နေတဲ့ နေရာ ကျဥ်းကျဉ်းမှာပဲ သူတို့ သွားလို့ရတယ်။ တခြားနေရာတွေ သွားလို့မရဘူး။ အဓိက အဲ့လိုနေရာတွေ သွားမယ်ဆို နိုင်ငံသား ကတ် လိုတယ်။ နိုင်ငံသား ကတ် ရှိမှ သွားလို့ရတယ်။
အဲ့ဒီအချိန်မှာ သူတို့ အတွက်ကို ဒီ နိုင်ငံသားကတ် လုပ်ပေးတာ မရှိဘူး။ သူတို့ လုပ်ချင်တယ် ဆိုလဲ တရားမဝင် လမ်းကြောင်းကနေ လုပ်လို့ရတယ်လို့တော့ သိတယ်။ ကျနော် ကိုယ်တိုင် မြင်တွေ့ ရလို့တော့ မဟုတ်ဘူး၊ သူတို့ ပြောပြဖူးတယ်။ နိုင်ငံသားကတ် လုပ်ဖို့ သိန်း ၂၀ ၊ ၃၀ လောက် ကုန်တယ် ပြောတယ်။ အဲ့လောက် ထိလုပ်ရင်တော့ နိုင်ငံသားကတ် ရတယ် ပြောတယ်။ တော်တော် များများ ကတော့ နိုင်ငံသား ကတ် မရှိဘူး ။
ရှေ့မှာ ကျနော်တို့ မရောက်ခင်မှာ ရခိုင်ပြည်နယ် မှာ မောင်းတော ဒေသမှာ သူတို့ မွတ်စလင် နဲ့ မြန်မာ အသုံးအနှုန်း နဲ့ ခြုံပြီး ပြောရမယ်ဆိုရင် ကုလားတွေပေါ့ဗျာ။ ကုလားတွေနဲ့အဲ့ဒီက နယ်မြေ လုံခြုံရေး ကင်းစခန်းတွေနဲ့ တိုက်ပွဲဖြစ်သွားတာတွေ ရှိတယ်။ အဲ့ဒီ တိုက်ပွဲကြောင့် အဲ့ဒီက ဒေသခံ တွေ ပြောင်းရွှေ့ပြီး စစ်ဘေး ရှောင်ရတာတွေ အများကြီးပဲ ရှိတယ်။
ဘင်္ဂလား ဒီဘက်ခြမ်းမှာ စစ်ဘေး သွားရှောင်နေတဲ့သူတွေ အများကြီးပဲ ရှိတယ်။ အဲ့ဒီအချိန်တုန်းကတော့ ကိုယ်တွေလဲ အဲ့ဒီထဲမှာ ရှိနေတာ မဟုတ်တော့ သေချာ အရင်းအမြစ် ကို မသိဘူး။ အဲ့လိုဖြစ်တယ်ဆိုတာကတော့ အဲ့ဒီဒေသ ကို ရောက်တဲ့ အချိန်မှာ သိရတာ ။
လူ့အခွင့်အရေးနဲ့ပဲ ကြည့်ကြည့် လူသားဆန်မှု အပိုင်းကပဲ ကြည့်ကြည့် တရားတဲ့ ကိစ္စတော့ မဟုတ်ဘူး။ လူသား တယောက်ရယ်လို့ လူ့အခွင့်အရေးပိုင်းက ကြည့်ရင် လူ့အခွင့်အရေး ချိုးဖောက်မှု တော်တော် လေး သိသာတယ် ။ သူတို့မှာ လူသား တယောက် ရရမယ့် အခွင့်အရေး အပြည့်အ၀ မခံစားရဘူးလို့ မြင်တယ်။
၂၀၁၉ ထဲမှာပဲ ပြန်ဖြစ်တယ် ။ ပြန်ဖြစ်တယ် ဆိုတာ ၃လပိုင်းကနေ ရောက်ပြီး ၉လပိုင်းမှာ ပြန်ဖြစ်တယ် xxx ကနေမှ xxx မှာ တာဝန်ကျပြီးတော့ ရွေးကောက်ပွဲ ကာလ မတိုင်ခင် နယ်မြေစခန်းတွေ ကို ရွေးကောက် ပွဲ လုံခြုံရေး ဆိုပြီး တော့ နယ်မြေ ပြန်ပို့ကြတယ်။
ကျနော်နဲ့သိတဲ့ လူတယောက်အကြောင်းပြောပြချင်တယ်။ နာမည်တော့ မပြောပြင့်ဘူးထင်တယ်။ သူ လို့ပဲ လောလောဆယ် သုံးချင်တယ်။ သူ့နာမည်ကို သိတယ် ဥပမာ ကိုxxx ပဲ ထား။ ကိုxxxလို့ပဲ ခေါ်တယ် ဒါပေမယ့် သူ့ နာမည်ကို အခု မမှတ်မိဘူး ကောင်းကောင်း မမှတ်မိတော့ဘူး ။
ကျနော်က ဖုန်းဘေလ်သွားဖြည့်တာ။ ဖုန်းဘေလ် သွားဖြည့်တဲ့အခါကျတော့ ဖုန်းဘေလ် သွားဖြည့်ရင်းနဲ့ သူ့ဆိုင် ရောက်တယ် ။ xxx ရွာက xxx က ကျနော်တို့ စခန်းနဲ့ မျက်နှာချင်းဆိုင် ဆောရီး၊ xxx က မဟုတ်ဘူး xxx က။ xxx ရွာနဲ့ xxx ရွာ က ကား လမ်း ပဲ ခြားတယ်။ xxx က ဟိုဘက်ခြမ်း ဒီ ဘက်က xxx ရွာ မှာ သူက နေတာ။ အသက်အရွယ်အားဖြင့်တော့ ၃၀ ကျော် ၄၀ နားပဲ ။
ဖုန်းဘေလ် ဖြည့်တော့ ပိုက်ဆံ တွေ ဘာတွေ ပေးတဲ့အခါကျ သူက ကျနော်တို့ကို ပထမ မသိတော့ သူ ယူဖြစ်တယ်။ နောက်ရက် ကျ တော့ ကျနော်က ဂိတ်ရှေ့မှာ ထိုင်နေတော့ ကျနော့ကို မြင်သွားပြီး ဆရာကြီးတဲ့ သူကတော့ ကျနော့ကိုဆရာကြီး ခေါ်တာပါ။ ဆရာကြီး ဟိုနေ့က ကျနော်တို့ဆိုင် လာတာ ဟုတ်လားဆိုတော့ ဟုတ်ပါတယ်ပေါ့။ ဟုတ်တယ် အစ်ကို ကျနော်တို့ ဖုန်းဘေလ် လာဖြည့်တာပါ ဆိုတော့ အဲ့လိုမှန်းသိ ကျနော် ပိုက်ဆံ မယူပါဘူးတဲ့။ နောက်လိုလို့ရှိရင် ပြောနော် ကျနော် ပိုက်ဆံ မယူဘူးတဲ့။ အဲ့လိုတော့ မလုပ်ပါနဲ့ အားနာစရာကြီး အဲ့လောက်ပဲ ပြောဖြစ်တယ်။
နောက်ပိုင်းကျတော့ ဆိုင်ကို နောက်တခေါက် ထပ်ရောက် သွားတယ်။ ကာဗာလေး ဘာလေး မှာရင်း ဖြစ်ချင်တော့ ကျနော်တို့ ဖုန်းတွေက ကာဗာတွေ ဘာတွေဆိုလဲ ပစ္စည်းက အဲ့ဒီနေရာမှာ နည်းနည်းလေး ရှားတော့ သူ က အပေါ်ကို လှမ်းမှာ ပေးတယ်။ ဝယ်လို့ရတဲ့ နေရာကို လှမ်းမှာပေးတယ် မှာထားပေးလို့ ရရင် ဖုန်းတွေ ဘာတွေ ကျနော်တို့ကို ဆက်ရင် သွားယူ ဖြစ်တယ် အဲ့လိုနဲ့ပဲ ဖုန်းဘေလ်လဲ အမြဲတမ်း ထည့်ဖြစ်တယ် သွားလို့ရှိရင် သူ့ဆိုင်မှာပဲ ထည့်ဖြစ်တယ် ။
စကားပြောလဲ ကောင်းတယ် ကျနော် တို့နဲ့ တော်တော်လေး ရင်းနှီးတယ် ။ သူ့အိမ်တွေဘာတွေထိ ရောက်ဖူးတယ် ။ သူတို့မှာ မိသားစု ရှိတယ်။ မိန်းမတွေ ကလေးတွေ ရှိတယ်။ ဒါပေမယ့် သူ့မှာ တခြား ညီအစ်ကိုတွေလဲ ရှိတယ်။ အဲ့ဒီအချိန် မှာ ကလေး ဘယ်နှစ်ယောက် ကျန်ခဲ့လဲတော့ မသိဘူး အမျိုးသမီး တွေ ရှိတယ် ကလေးတွေ ရှိတယ် လို့ သိတယ် ။
နောက်ပိုင်းကျ မြို့ထဲ သွားတိုင်းကို သူ့ဆိုင်ကို ရောက်ဖြစ်တယ်။ သူ့ဆိုင် သွားတယ် စကားပြောတယ်။ အဲ့လိုပေါ့ ပြီးရင် ပြန်လာတယ်။ သူကလဲ တခါတလေ အလုပ်က ပြန်လာရင် ကျနော်တို့ စခန်းရှေ့ရောက်ရင် ကျနော်တို့ ကင်းတဲလေးနားမှာရပ်ပြီး စကားပြောတယ်။ သာကြောင်းမာကြောင်းတွေ ပြောဖြစ်တယ်။ အဲ့လိုပြောပြီးမှ သူပြန်တယ်။ တခါတလေကျရင် ကိုယ်မသိတာလေးတွေ ရှိရင် ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းလေးတွေ ဖြစ်ဖြစ် ဘယ်နားရောင်းမှန်း မသိရင် အဲဒါကအစ သူ့ကို ဖုန်းလှမ်းဆက်ပြီး အကူအညီ တောင်းပြီး မေးတတ်တယ် ။
သူ့ case က ကျနော်တို့ ရောက်ပြီး ၃ ၊ ၄ လလောက် အကြာမှာ ဖြစ်မယ်။ ကျနော်လဲ သေချာ မမှတ်မိ တော့ဘူး ။ အဲ့ဒီအချိန်မှာ သူနေမကောင်းဖြစ်တာပေါ့။ ဖြစ်တော့ ကျနော်တို့ကလဲ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ ဖြစ်တယ် ဆိုပြီး သူ့ညီကဖုန်းဆက်လာတယ်။ သူ့ညီ နဲ့လဲ ကျနော်တို့ကသိတယ်။ သိတော့ သူက ကျနော် အစ်ကိုတော့ ဒီလိုဒီကြောင်း ဖြစ်လို့ပေါ့နော် လာလို့ရလားလို့မေတာ။ ကျနော်တို့ကလည်း အေး လာလို့ရတယ် လာခဲ့ ဆိုပြီး ပြန်ပြောလိုက်တယ်။ တရားဝင် ခွင့်ပြုချက် အရတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ နားလည်မှုနဲ့ သူတို့ကို ပေးသွားတာပါ။ ည ၁၂ နာရီ နောက်ပိုင်းတော့ ဖြစ်နေပြီ အချိန်အတိအကျတော့ မမှတ်မိဘူး။
သူ့ ကျန်းမာရေးက အခြေအနေမကောင်းဘူး အသည်းအသန်ဖြစ်နေပြီ ဆိုတော့လေ၊ ကျနော်လဲ ပျာပျာယာယာနဲ့ ထလိုက်ပြီး အဲ့ဒီအချိန်မှာ ကျနော်က အိပ်နေတာ၊ ကျနော့ ကင်းလှည့် ချိန် မကျသေးတော့ အိပ်နေတာ။ သူက ကျနော့ဖုန်းကို ဆက်လာပြီး “ကျနော့ အစ်ကို ဗိုက်တအားအောင့်လာလို့ ဆေးရုံ သွားချင်လို့” ဆိုပြီး ပြောတော့ “ရတယ်၊ လာ ကျနော် ကင်းမှူး ထပြောပေးမယ်” ဆိုပြီး ကျနော် စခန်းမှာ တာဝန်ရှိတဲ့ ကင်းမှူးကို အဲ့အချိန်မှာ ထပြောပေးပြီးတော့ လာ ဆိုပြီး သူတို့ကို သွားခိုင်း လိုက်တာ။ ကျနော်တို့ စိတ်ထဲ ဗိုက်အောင့်လို့ အူအတက် ပေါက်ခဲ့မယ် ဆိုရင် အဆင်ပြေမယ် လို့ ထင်တာပေါ့။ မနက်မိုးလင်းလို့ သူသေသွားပြီဆိုတဲ့ သတင်းကြားတဲ့အချိန်မှာ ကျနော် တို့ လုံး၀ မယုံနိုင်ဘူး။ မနက်မိုလင်းလို့ မိုးလင်းခါစ ၆နာရီကျော်လောက်လေး သူ့ညီက ဆိုင်ကယ်နဲ့ ပြန်လာတာ။ သူ ငိုလာတော့ ဘာဖြစ်လို့လဲ ဆိုတော့ “မနက်၅ နာရီလောက်က ကျနော့ အစ်ကို ဆုံးသွား တယ်တဲ့ ။ စိတ်မကောင်းဘူး ။ သူ ဆိုတာလဲ ကျနော် တယောက်တည်း နဲ့ သိတာ မဟုတ်ဘူး ကျနော်တို့ စခန်းထဲမှာ ရှိတဲ့သူတွေ အကုန်လုံးနဲ့က ဒီလိုပဲ သိကြတယ် ရင်းနှီးကြတယ် ။
မောင်းတော ဆေးရုံပဲ သွားတာ။ သူတို့ အဲ့ဒီ ဆေးရုံပဲ သွားလို့ရမယ်။ ညကြီးအချိန်မတော်မှာ အဲ့ဒီ ဆေးရုံက လွဲပြီး တခြား ဆေးရုံ သွားဖို့ကလဲ ကင်းစခန်းတွေ အထပ်ထပ် ရှိတယ်။ ကျိန်းသေတာက သူတို့ ထုတ်ထားတဲ့ ဥပဒေ တွေ နဲ့ ည ၆နာရီကျော်ရင် ဘယ်မှာ သွားလို့မရတာ ဖြစ်တဲ့ အတွက် ဒီဆေးရုံပဲ ကျနော်တို့ ကျော်ပေးလိုက်တဲ့ နယ်မြေကိုပဲ သွားခွင့်ရှိမယ်။ အဲ့ဒီတော့ ဒီနယ်မြေပဲ သွားခွင့် ရှိတဲ့ အတွက် ဒီဆေးရုံကိုပဲ သွားရတာ။ ကျနော့ စိတ်ထင်တော့ ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံတာကြောင့်ရယ် တွေးမိတယ် တကယ်တမ်းကျတော့ ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံလို့ တခြားနေရာကို သွားမယ်ဆိုရင်ရော ဆိုတဲ့ အတွေးနဲ့ တွေးမိရင် လူ့အခွင့်အရေးတွေ၊ နိုင်ငံသား အခွင့်အရေးတွေ ခြုံကြည့်လိုက်ရင် လူ့အခွင့်အရေးပိုင်းက ပြောရင် သူတို့ အတွက် လူ့အခွင့်အရေးက မရှိတော့ဘူး ။
မောင်းတော နဲ့ ဆေးရုံ အကွာအဝေးက လှမ်းကြည့်ရင်တောင် မြင်နေရတယ်။ မခွဲစိတ်ရဘူး ဆိုတာ ထက်ကို ကျနော့ စိတ်ထင် ခွဲစိတ်မယ့်သူ မရှိတာလား၊ ခွဲစိတ်ဖို့ ပစ္စည်းကရိယာ အစုံအလင် မရှိ တာလား။ အထဲမှာ ဘာဖြစ်နေတယ် ဆိုတာ သိရဖို့က ပစ္စည်းကရိယာ အစုံအလင် မရှိတာလား ဒါမှ မဟုတ် ကိုယ်ပဲ ကျန်းမာရေး ဗဟုသုတ နည်းလို့လား။ မခွဲစိတ်လိုက်ရတာကိုတော့သိတယ်။ သူ မခွဲစိတ်လိုက် ရဘူး မနက် ၅နာရီ ဝန်းကျင်လောက်မှာ ဆုံးသွားတယ် ။
အလားတူ ဖြစ်စဉ်တော့ နောက်ထပ် မကြားဖူးဘူး။ ကျနော်တို့ကလဲ ကျနော်တို့နဲ့ ဘေးက xxx ရွာလေးနဲ့ xxx ရွာ လောက်ပဲ ကျနော်တို့နဲ့ အဆက်အသွယ် ရှိတာ ဆိုတော့ တခြား ဝေးသွားတဲ့ ရွာတွေ ဘယ်လို ဖြေရှင်းလဲ ဆိုတာတော့ ကိုယ်လဲ အဲ့ဒီအချိန်က မသိရဘူး။ အဲ့ဒီရွာတွေမှာ သူတို့နဲ့သက်ဆိုင်တဲ့ ကင်းစခန်းတွေ ရှိတယ်လေ။ ကျနော်တို့ ရွာဘေးက စခန်းတွေ ရွာတွေလောက်ပဲ ကျနော်တို့ စခန်း ကို အကြောင်းကြားကြတာ။ ကျန်တဲ့ ရွာတွေကတော့ တခြား စခန်းတွေ တခြား နေရာတွေ လမ်းပန်းဆက်သွယ်ရေး ရှိကြလိမ့်မယ်။
ရန်ကုန်မြို့ကို ဆေးသွားကုဖို့ အဲ့ဒီလို အခွင့်အရေး သူတို့မှာ လုံး၀ မရှိဘူး။ သူတို့မှာ အဓိက အဲ့ဒီနေရာ တွေကို ကျော်ဖြတ်ပြီး သွားဖို့ဆို နိုင်ငံသားကတ် မရှိဘူး။ ကျော်ဖြတ်ပြီး သွားလို့ မရတဲ့ အတိုင်းအတာ တခုမှာ သူတို့ ရန်ကုန်သွားပြီး ဆေးသွားကုဖို့ ဆိုတာ မလွယ်ဘူး။ သူတို့မှာ မှတ်ပုံတင်တွေ ဘာတွေ ရှိလို့ သွားမယ်လာမယ် ဆိုရင်တောင်မှ တော်တော်လေး ထောက်ခံချက် ကောင်းမှ အဆင် ပြေမယ်၊ ဘာလို့ဆို အဲ့ဒီရွာ တွေမှာလဲ ကျနော်တို့လို ရွာလူကြီးတွေ ဘာတွေဆို တခြား တပ်ရင်းမှူး နဲ့ သိကြတယ်။ တာဝန် အရ သိကျွမ်းကြတာတွေ ရှိတယ် အဲ့ဒီအချိန်မှာ အဲ့ဒီလိုမျိုး သွားတာ တွေလုံးဝ မမြင်ဖူးဘူး။ နောက်ပြီးတော့ အဲ့ဒီအချိန်မှာ လူငယ်တွေပေါ့ဗျာ အသက် ၂၀ကျော် လူငယ်လေး တယောက် နဲ့လဲ ရင်းနှီးတယ် ။ သူပြောပြတာတော့ အဲ့ဒီ အရေးအခင်း မဖြစ်ခင်မှာ ရန်ကုန် ကနေ ဒီဘက်ကို လာလိုက်တယ်၊ လာပြီးတော့ အရေးအခင်း ဖြစ်သွားတော့ သူ ပြန်လို့ မရ တော့ဘူး အဲ့ဒီလို ဖြစ်သွားတယ်။
သူပြောပြဖူးတာ ရှိတယ်။ အာဏာသိမ်းတဲ့အချိန်မှာ ကျနော်တို့ ရွာမှာ ပြန်ရောက်နေပြီ ။ ကျနော် ရဲထဲ စစဝင်ခြင်းမှာ ကျနော်က မြို့ထဲ စခန်းက ဝင်တာဆိုတော့ ကျနော်က တကယ်တမ်း ကျတော့ မြို့ထဲ စခန်းမှာ ပြန်နေလို့ရတယ် ။ ဒါပေမယ့် ကျနော် က မြို့ထဲ စခန်းမှာ မနေချင်ဘူး။ အဲ့ဒီအချိန်တုန်းက ကိုယ်ဘယ်နေရာ နေချင်လဲ၊ နေချင်တဲ့ နေရာ ပို့ပေးတယ်။ ရွေးကောက်ပွဲ ကာလ ဖြစ်တော့ နေရာတိုင်းမှာ လူက လိုနေတော့ ပို့ပေးတယ်။ ကျနော် က ကျနော်တို့ ရွာဘက်ကိုပဲ ပြန်သွားခဲ့တာ ။
အာဏာသိမ်းလိုက်ပြီ ဆိုတော့ စခန်းထဲမှာတော့ ပျော်သွားကြတာပေါ့။ အဲဒီမှာဆိုရင် ကျနော်တို့ရဲ့ ရဲဘော်တွေရဲ့ မိသားစု တွေရော၊ ရဲဘော်တွေရော ည ၈နာရီ ထိုးတာနဲ့ MRTV က လာတဲ့ ဇော်မင်းထွန်း ရဲ့ သတင်းစာ ရှင်းလင်း ပွဲကို အတင်းကြည့်ခိုင်းတယ်။ ပြီးရင် အပေါ်က မြို့နယ်ရုံးက ပေးလိုက်တဲ့ စာတွေ တန်းစီဖတ်ပြတယ်။ စည်ရုံး သိမ်းသွင်းတဲ့ စာမျိုးတွေ ခဏခဏ ကြုံခဲ့ရတယ်။ ရုပ်အပျက်ဆုံးက MRTV က လာတဲ့ သတင်းကို ဘယ်သူမှ မကြည့်မနေရ ထိုင်ကြည့်ခိုင်းထားတယ်။
စိတ်တော်တော်ညစ်တယ်။ ကျနော့ ဦးလေးက တိုင်းလွှတ်တော် ကိုယ်စားလှယ် ဆိုတော့ သူက မဲ နိုင်ထားတာ ဆိုတော့ ကျနော့ကိုလဲ သူတို့က မယုံကြဘူး။ ဆန္ဒပြ တဲ့သူတွေကို ဘယ်လိုဖြိုခွင်းရမယ် ဆိုတာ ကျနော်တို့ သင်တန်းကျောင်းမှာ သင်ဖူး တယ် ဆန္ဒပြတဲ့သူတွေကို မျက်ရည်ယိုဗုံးနဲ့ပစ်မယ်။ လုံး၀ အဓိကရုဏ်း ဖြစ်တယ် ဆိုရင်တောင် မှ မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်းမယ်၊ ရာဘာကျည်နဲ့ ခြောက်လှန့် ပစ်ခတ်မယ်၊ ဒီလောက်ပဲ သိထားတာ။ တကယ်တမ်း စစချင်း ဖြစ်လာပြီ ဆိုတဲ့ အချိန်မှာ အဲ့ထက် ကျော်လွန်ပြီး လုပ်ဆောင်တာတွေ ဖြစ်လာကတည်းက ကျနော်နဲ့ က စခန်းထဲမှာ စကားများကြတယ် ။
မြသွဲ့သွဲ့ခိုင်ကို ပစ်လိုက်တယ်။ မြသွဲ့သွဲ့ခိုင်ကို ဘာလို့ ကျည်အစစ်နဲ့ ပစ်တာလဲ။ ကျည်အစစ် နဲ့ပစ်ရခြင်း အကြောင်းရင်းက ဒီကျည်ဆံက သူ့ကို မှန်တယ်ပေါ့၊ မှန်လို့သေသွားတယ်ပေါ့။ ကျနော်က အဲ့ဒီအချိန်မှာ တော်တော် စိတ်မကောင်း ဖြစ်ရတယ်။ အဲ့ဒီအချိန်မှာ ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်နေတုန်း ဥပဒေနဲ့မညီ စပြီး လုပ်ဆောင် နေ တာကို တွေ့ရတယ်။ မြသွဲ့သွဲ့ခိုင်တို့ သေသွားတဲ့အချိန်မှာ တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ်။ သူတို့သေတဲ့နေ့မှာ မှတ်မှတ်ရရ စခန်းထဲက ရဲဘော် အချင်းချင်း စကားများ ကြတယ်။ သူတို့က ဘာလဲ ဆိုတော့ ဆန္ဒပြလို့ အခုလို သေသွားတာ ကောင်းတယ်ပေါ့။
ဘာလို့ ကောင်းတာလဲ၊ လူတယောက် သေသွားတာ ဘယ်သူပဲသေသေ ဒါ ကောင်းတဲ့ အကြောင်းအရာ မဟုတ်ဘူး၊ ပြီးတော့ သမာရိုးကျ နေမကောင်းဖျားနာပြီး သေသွားတာလဲ မဟုတ်ဘူး။ သေနတ်နဲ့ ပစ်လိုက်တာ၊ ပစ်လိုက်တဲ့သူကကော၊ ဥပဒေ မှာရှိတယ် လူတယောက်ကို သေစေနိုင်လောက်အောင် ပစ်ခတ် တော့မယ် ဆိုရင် အဲ့ဒီသူက ပစ်မှုကြီးတွေကို ကျူးလွန် ထားတဲ့ သူ ဖြစ်ရမယ်၊ ဥပမာ မုဒိမ်းမှုတို့၊ လူသတ်မှုတို့၊ ပြန်ပေးဆွဲမှုတို့ အဲ့လိုအမှုကြီးတွေကို ကျူးလွန်ထားတဲ့သူ ဖြစ်မှသာ အဲ့ဒီလူကို ကျနော်တို့က ပစ်ခတ် ဖမ်းဆီးခွင့် ရှိတာ။ အဲဒါတောင်မှ ပေါင်တို့ ဘာတို့ မသေနိုင်တဲ့ နေရာကို ပစ်ရမှာ။ ဒါပေမယ့် ဆန္ဒပြတဲ့သူကို ကျည်ဆံ နဲ့ ဘာဖြစ်လို့ ခေါင်းကို ပစ်လိုက်တာလဲ ဆိုတာ တော် တော် လေး ရှော့ရသွားတယ် ။
အဲ့ဒီအချိန်တုန်းက CDM လုပ်ဖို့ကို CDM တွေလဲ ခေတ်စား နေတော့ သူများတွေလဲ လုပ်ကြပြီ ဆိုတော့ CDM လုပ်ဖို့ကို စပြီး အစီအစဉ် ဆွဲပြီးတော့ CDM လုပ်တယ်။ ကျနော့ ဦးလေး နဲ့လည်း တိုင်ပင် တယ်။ ဘယ်နေ့ ဘယ်ရက်မှာ ဘယ်လိုလုပ်မယ် ဆိုတာ တိုင်ပင် ပြီး လုပ်ခဲ့တာပေါ့ ။
၂၀၂၁ခု ၃လပိုင်း လကုန်လောက်မှာ CDM စလုပ်ဖြစ်တယ်။ ဖြစ်ချင်တော့ ကျနော် က CDM လုပ်လာတာ စခန်းက လုပ်လာတာ။
ကျနော် ထွက်လာ ပြီး ညတွင်းချင်းပဲ လိုက်ရှာတယ် ရွာဘက်ထိတော့ ညဘက် မလာရဲဘူး။ နောက်နေ့ မနက် မိုးလင်းတော့မှ စစ်တပ်က ကားတွေ ဘာတွေ ခေါ်ပြီးတော့ အကုန်လုံး အိမ်ထိ ဝင်ပြီး အိမ်ထဲ ဝင်ရှာတော့ အိမ်မှာ ရဲ နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေတောင်မှ ဖြုတ်ပြီး အကုန် သေတ္တာထဲ ထည့်ပြီး မြေကြီးထဲ မြုပ် ပြီး သွားပြီ။ အိမ်မှာ ဝင်ရှာတော့ သူတို့ ဘာမှ မတွေ့ဘူး ကျနော့ကိုလဲ မတွေ့ဘူး။
ကျနော်က ၁၂လပိုင်းထဲက ၂၀၂၁၊ ၄လ ပိုင်း ထဲက လေးကေ့ကော် ရောက်တာ။ ဒီဘက်ကို မလာဖြစ်ဘူး။ မလာဖြစ် ဘူး ဆိုတာ ဒီဘက်မှာ အသိ မိတ်ဆွေက လုံးဝ မရှိဘူး။ ကျနော်တို့ လေးကေ့ကော် မှာ နေတုန်းက တောထဲ စခန်းတွေ ဘာတွေ တခါတလေ ရောက်တယ်။ အဲ့ဒီက ရဲဘော် တယောက် နဲ့ သိတယ်။ သိတော့ သူ့ အမေ တွေက မဲဆောက်မှာ ရှိတယ်။ ဖြစ်ချင်တော့ ကျနော်က ငါတို့တော့ ပြေးနေရင်း ဒီဘက် ရောက်နေပြီ ဆိုတော့ သူက ဘယ်မှာလဲ ကူညီ ရှာပါတယ်။ အခုထိ သူ့အမေတို့ အိမ်မှာ ပဲ နေတယ်။
ကျနော်တို့က နိုင်တော့နိုင်မယ်။ မနိုင်လို့လဲ မရဘူး။ အကုန်လုံး ရင်းထားရတာ လူတိုင်း နီးပါးက ဘဝတွေ ရင်းထားရတာ။ စစ်တပ်ကို အားပေးအားမြှောက် လုပ်ပြီး မြန်မာပြည်ထဲမှာ ကျန်ခဲ့တဲ့သူတွေ အခု ဆီ တလီတာခွဲကို ၁သောင်းကျော်နေပြီ အဲ့ထဲမှာ ကိုယ့်မိဘတွေလဲ ပါတယ်။
ကျနော် CDM လုပ်လာတာ အဓိကအချက် ၂ ချက်ရှိတယ်။ ပထမအချက်က ရခိုင်မှာနေကတည်းက ဒေသခံလူတွေ လူ့အခွင့်အရေး အရမ်းဆုံးရှုံးနေတာကို ကိုယ်ချင်းစာပြီး၊ စိတ်မချမ်းသာတာရယ်၊ တနိုင်ငံလုံး ဆန္ဒပြပွဲတွေဖြစ်လာတဲ့အခါ ရဲလုပ်ထုံးလုပ်နည်းအရ လူစုကွဲအောင်ခွဲရမယ့်အစား လက်နက်မပါတဲ့ လူတွေကို သေနတ်နဲ့ ခေါင်းတည့်တည့်တမင်ပစ်သတ်တာမျိုးတွေကို မခံစားနိုင်လို့ CDM လုပ်ဖြစ်သွားတာပါပဲ။