ကျနော့်နာမည် က xxx ပါ ။ ရဲတပ်သား နံပါတ်ကတော့ xxx ပါ။ xxx ရဲစခန်းမှာ တာဝန်ထမ်းဆောင်တာ။ လုပ်သက်က ၁၀နှစ် ပေါ့ ။
အဖေက ဝန်ထမ်းလုပ်စေချင်တယ်ဆိုပေမယ့် အကုန်လုံးက စစ်သားမျိုးရိုး ဆိုတော့ အစောကြီးကတည်းက စစ်တပ်ထဲ ဝင်ချင်တယ်။ တကယ်ကစစ်တပ်ထဲ ဝင်ချင်တာ။ အကိုတွေမှာ အပွင့်တွေ၊ အခက်တွေ တွေ့တော့ သဘောကျတယ်။ စစ်တိုက်ရတာကိုလည်း ငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။
ဒါပေမယ့် စစ်တပ်ထဲက အခြေအနေကို အကိုတွေကရှင်းပြတယ်။ ၁၀တန်းအောင် DSA လျှောက် အရာရှိဖြစ်မှ စစ်တပ်မှာ အဆင်ပြေတာ။ အောက်ခြေ ရဲဘော်ဆိုရင် သူတို့ရဲ့ တောက်တိုမယ်ရခိုင်းတာ လုပ်ရမယ်။ သူတို့ ခိုင်းတာပဲ အကုန် လုပ်ရမှာဆိုပြီး အကိုတွေက အဝင်မခံဘူး။ မင်း ဝင်လာမယ်ဆို ငါ ပါးရိုက်မယ် အဝင်မခံဘူး။ မင်း ဝင်ချင်တယ်ဆို တခြား အစိုးရ ဝန်ထမ်း ကြိုက်တာလုပ်လို့ပြောတော့ နောက်ဆုံးကျနော်က ရဲထဲကို ဝင်လိုက်တာ ။
စစ်သားနဲ့ရဲမှာက ကွာခြားချက်အများကြီးရှိတာကိုတော့သိတယ်ပါတယ်။ ဒါပေမဲ့ရဲတပ်ဖွဲ့ထဲဝင်ပြီး သင်တန်းတွေ တက်ပြီးတဲ့ အချိန်မှာ သဘော ကျတာတခုရှိတယ်။ ကျနော်တို့ ရဲမှာ ပြည်သူနဲ့ လက်ပွန်းတတီး ထိတွေ့ဆက်ဆံရတာရှိတယ်။ မသိတဲ့အချက်အလက်လေးတွေ သူတို့ဆီက ယူရမယ့် အကြံဉာဏ် လေးတွေ သူတို့ဆီက ရတယ်။ နွေးထွေးမှုရှိတယ်။ ပြည်သူနဲ့ တသားတည်း အတူတကွ ယှဉ်တွဲနေရတဲ့ အတွက် ကျနော်တို့မှာ အသိအမြင် ပွင့်လင်းလာတာရှိတယ် ။ အဲဒီလို ခံစားရတာလေးတခုတော့ တော်တော်သဘောကျတယ်။
ကျနော် နယ်ထိန်းထမ်းဆောင်တော့ ကျနော်တို့ အနေနဲ့ ဂျိုကာဖမ်းတယ်ဆိုတာရှိတယ်။ ဂျိုကာဖမ်းတယ်ဆိုတာ လက်နက်မှုနဲ့ ဖမ်းရတာကို ကျနော်တို့အချင်းချင်း သိတဲ့စကားနဲ့ ပြောတာပေါ့လေ။ အဲလို ဂျိုကာတွေ ဖမ်းရတဲ့ နေရာမှာ ဘယ်လိုလုပ်ရလဲ ဆိုတော့ အမှုမပြည့်တဲ့အခါ လူကြီးတွေကဖိအားပေးတော့ ကြုံခဲ့ရတာတွေ ရှိတယ်။
အဲ့လိုဖိအားပေးတဲ့အတွက်ကျနော်တို့က လစဉ်လစဉ် အမှုပြည့်အောင် ဖမ်းပေးရတယ်။ ဂျိုကာ ပြည့်မီရေး ဖမ်းပေးရတာဖြစ်တဲ့အတွက် ကျနော်တို့မှာ မပြည့်ရင် နေ့တိုင်း အစည်းအဝေးခေါ်ပြီးအထောင်းခံရတယ်။ အခုဆို လှည့်ကင်း လှည့်တယ်ဗျာ ညဆို ၁၂ နာရီကနေ မနက်၅နာရီ ထိ လှည့်ကင်းလှည့်ရတယ်။ ကျနော်တို့ နယ်မြေက ဒုစရိုက် အမှုအခင်းကလဲ ပေါများတယ်။ အဲလို ပေါများတဲ့ကြားမှာ သူတို့ ဂျိုကာ မပြည့်လို့ရှိရင် ကျနော် တို့ကို ထောင်းပြီ။
မနက် ၇နာရီ ၈နာရီ ဆို အစည်းဝေးတက်။ တက်ပြီးရင် မရဘူး သူတို့ အပေါ်က ဖိအား ပေးတဲ့ အပေါ်မှာ အဆင့်ဆင့် ပြန်ပြီး ဖိအားပေးတယ်။ ခရိုင်မှုးက မြို့နယ်မှူး မြို့နယ်မှူးကနေ စခန်းမှူးကို ဖိအားပေးတယ်။ စခန်းမှုးကနေမှ နယ်ထိန်းအင်ချပ် နယ်ထိန်းအင်ချပ် ကနေမှ ကျနော်တို့ကို ဖိအားပေးတယ်။ အဲလို ဆိုတော့ ပြည့်မီအောင် ရှာပေးရတယ်။ နောက်ဆုံး မရဘူးဆို ပြည့်ခါနီးမှာ ကျနော်တို့ ဘယ်လိုလုပ်ရလဲ ဆို အရက်သေစာ သောက်စားနေတဲ့သူတွေဆီ သွားပြီးတော့ရှာရတယ်။
သူ့ဘာသာသူ စည်းနဲ့ကမ်းနဲ့သောက်ပြီး မူးနေပေမယ့် မင်းတို့ လမ်းဘေးမှာ အရက်သောက်တယ်ဆိုပြီး ဖမ်းရတာမျိုးတွေ ရှိတယ်။ ဖမ်းပြီးမှ လက်နက်ဘာညာ ပါတယ်ဆိုပြီး ၁၉(၅)တပ်ရတာပေါ့။ ဓါး(လက်နက်) မှာ လက်ကိုင်အရိုးသွား ၆လက်မ ပြည့် မှ ၁၉ (၅) တပ်လို့ရတယ်။ တချို့ကျ ဘာမှ မဟုတ်ပဲ ခဲတံချွန် ဓားလောက်လေး ပါလာလဲ ၁၉ (၅) တပ်ပြီး ဖမ်းရတာရှိတယ်။
တချို့ကျ အချင်းချင်း ညှိနှိုင်း လို့ ပြေလည် သွားတဲ့လူတွေကျလဲ ပြန်လွှတ်ပေးတာပေါ့။ အဲ့လိုကျ ရင်ဆိုင်လို့ မရတဲ့ လူကြီးပိုင်းတွေ ။ ငွေပေးပြီးတော့ ညှိနှိုင်းတာ ရှိတာပေါ့။ ကျနော် တို့နဲ့ လက်မခံရဘူး လက်ခံတဲ့ အပိုင်း မှာ မရှိတဲ့အတွက် ကျနော် တို့နဲ့လဲ အဆင်မပြေ တဲ့ အတွက် သူတို့ ဘာသာ အပေါ် လူကြီးပိုင်းတွေ နဲ့ ညှိနှိုင်းကြတာ ရှိတယ် မြို့နယ်မှုး စခန်းမှုး တွေ နဲ့ ညှိနှိုင်းကြတာ ရှိတယ် ဒီလို ဒီလို လုပ်ပေးလိုက်ပါဆို ကိုယ်တွေက လွန်ဆန်လို့ မရတဲ့ အပိုင်းတွေ ရှိပြန်တယ်။ အဲဒီလို မျိုးတွေ ။
ကျနော် စစဝင်တာ ရဲတပ်ရင်း xxx ကနေဝင်တာ။ ရဲတပ်ရင်း ၉ ကနေ သင်တန်းကို xxx မှာ သွားတက်ရတယ် ။ ရမည်းသင်းကနေ ရဲတပ်ရင်း xxx ကို ပြန်ချပေးတယ်။ ရဲတပ်ရင်း xxx ကနေ xxx ကို သွားပြီး ၆လ နေရတယ်။ ကျနော်တို့ လက်ထက်မှာ ရဲ တပ်သားတွေ ၃လ နှစ်ခါ ပြန်ခွဲပြီး တင်ရတယ် ။ ၂ခွဲ တင်ပြီး xxx ကနေ ပြန်လာပြီး ဒုတိယ တကျော့ xxx မှာ ၃လ ထပ်တက် ပြီးတော့မှ xxx ရဲစခန်း။ အဲဒီမှာ CDM လုပ်ပြီး ထွက်လာတဲ့အထိ ထမ်းဆောင်ခဲ့တယ် ။
အာဏာသိမ်းတာက တရက် နှစ်ရက်လောက်ထဲက လူတွေ ပြောနေတာ ကြားတယ် မဖြစ်ပါစေနဲ့ပေါ့။ စိတ်ထဲမှာ ဆုတောင်း နေတာ။ ကျွန်တော်ဆို ကုန်သည်တွေ ပွဲစားတွေနဲ့ စကားပြောတာ ရှိတယ်။ တချို့ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ပြောတာရှိတယ်။ သူတို့က အာဏာသိမ်းမှာဆိုတော့ ဟုတ်လို့လား အကိုကြီးရယ် ကျနော်တို့ ကိုယ်တိုင် မဲပေးတဲ့နေရာမှာ သွားစောင့်နေတာ သိတယ်၊ ဘယ်သူ့ရဲ့မဲ အားသာချက် ဘယ်လောက်ရှိလဲဆိုတာ အကုန်သိတယ်။
ကျနော်တို့ ကိုယ်တိုင်ကလည်း ပေးထားတာသိတဲ့အတွက် နောက်ပြီး ဒီ လူတွေက ဘယ်သူ့ကို ပေးထားတယ်ဆိုတာ အကုန်သိတယ် ။ သိတဲ့ အတွက် ကျနော်တို့က တထစ်ချ နိုင်မှာ သိတယ် ။ သိလိုက်တဲ့ အချိန် မှာ အာဏာသိမ်းတဲ့နေ့ လှည့်ကင်း လှည့်နေတဲ့ အချိန် ည ၁နာရီ ကျော်ကျော်လောက်မှာ သိလိုက်တာ။
ဘာကြောင့် သိလိုက်လဲဆိုတော့ ဖုန်းတွေ အင်တာနက်တွေ ဖျက်လိုက်ပြီ။ ဖျက်လိုက်ပြီးတော့ ၄နာရီလောက်မှာ အသိမိတ်ဆွေ တယောက်က ဖုန်းဆက်တယ်။ ရဲလေး အာဏာသိမ်းသွားပြီတဲ့ မင်း ကြားလားဆိုတော့ ဟာ အကိုကြီးကလည်း ဟုတ်ပါ့မလားဆိုတော့၊ ဟုတ်တယ် facebook ပေါ်မှာတောင် တက်နေပြီတဲ့။ ကျနော်က မသိဘူး လိုက်မေးတော့ ဖုန်းတွေက ဆက်မရ ကျနော်တို့ စက်တွေလည်း အသုံးပြုလို့ မရတော့ ထင်ယောင်ထင်မှားပါပဲဆိုပြီး လှည့်ကင်း လှည့်နေရင်းနဲ့ နေလိုက်ရော။ ၆နာရီ ခွဲကျ ကျနော်တို့ကို လူကြီးကခေါ်တွေ့တယ်။ မြို့နယ်မှုးက အာဏာ သိမ်း သွားပြီတဲ့။ မြို့နယ်ထဲမှာ ဖြန့်ပြီးတော့ သတင်းယူရမယ် ဆိုပြီး ကျနော် တို့ကို လွှတ်တယ်။
အဲလိုကျမှ အာဏာသိမ်းတာ သိတာ။ ဆန္ဒပြမှုတွေ ဖြစ်နိုင်မလား ရပ်ကွက်ထဲမှာ ဘယ်လိုဖြစ်နိုင်တယ် ဆိုတဲ့ သတင်းတွေ စုဆောင်းခိုင်းတာ။ အဲလိုအချက်တွေတော့ သူတို့ရဲ့ခိုင်းတဲ့ လုပ်ဆောင်ချက် အတိုင်း ကျနော်တို့က လုပ်ပေးရတာပေါ့ ။
ကျနော်ဆို ကျနော့် အသိမိတ်ဆွေ အုပ်ချုပ်ရေးမှုး တယောက် ဖမ်းတဲ့နေ့က လိုက်ရတယ် ။ မလိုက်လို့က မရဘူး စစ်တပ်က G1 ပါတယ် xxx နဲ့ xxx ဆို G1 တယောက်။ မြို့နယ်တိုင်းမှာ စစ်တပ် G1 တွေ ချပေးထားတယ်။ စစ်သားတွေနဲ့ပါ တွဲ ထားတယ်။ xxx သစ်စက်ဝင်းထဲမှာ စစ်တပ် အထိုင်ချထားတာ။ xxx သစ်စက်ဝင်း ဆိုတာလဲ စစ်တပ် အပိုင်ပဲ ။
သူတို့ တပ်ထဲလဲ ရောက်ဖူးတယ် G1 နဲ့ လှည့်တုန်းကလဲ လိုက်ရတယ်။ ဘာလို့လဲ ဆိုတော့ ကျန်တဲ့သူတွေက မလိုက်ချင်တော့ မြို့နယ်မှူးက ကျနော့်ကိုပဲ အတင်း လိုက်ပေးရမယ် ဆိုတော့ လိုက်ပေးရတယ်။ အုပ်ချုပ်ရေးမှုးက သူလုပ်တာလဲ မဟုတ်ဘူး ရပ်ကွက်က သူ့ရုံးရှေ့မှာ ဗီနိုင်း လာကပ်တာ။ အဲတာကို အုပ်ချုပ်ရေးမှုး ပါပါတယ် ဆိုပြီး ဖမ်းတာ။ အဲတုန်းက ရပ်ကွက်ရုံး အုပ်ချုပ်မှုအောက်မှာ ရှိတဲ့အတွက် ဒီ အုပ်ချုပ်ရေးမှုးနဲ့ လုံး၀ မသက်ဆိုင်တော့ပါ ဆိုပြီး ရေးထားတာ။
အဲတာကို အုပ်ချုပ်ရေးမှုး လုပ်တာပါ ဆိုပြီး ညတွင်းချင်း ဖမ်းတာ။ အုပ်ချုပ်ရေးမှုးကလဲ သူ မှန်တဲ့ အတွက် သူ ကိုယ်တိုင် ထွက် အဖမ်းခံတယ်။ သူ မလုပ်ထားတာ ဖြစ်တဲ့ အတွက်မို့ အဖမ်းခံတာ။ အဲ့တာကို စစ်တပ်က ပုဒ်မနဲ့ တပ်ပြီး ဖမ်းတာ။ အင်းစိန် ထောင်ကိုပို့တာ။ ရိုက်နှက်တာတော့ မတွေ့မိဘူး တချို့ ဖမ်းဆီးမိတဲ့ သူတွေကိုတော့ ရိုက်နှက်တာ တွေ့တယ် ။ ဒါတွေက ကျနော် တို့ ဝင်လုပ်လို့ မရဘူး သူတို့ဘာသာ စစ်တယ် သူတို့ဘာသာ လုပ်တဲ့ အတွက် အပြင်ကနေပဲ ကြည့်လို့ရတာ နားထောင် လို့ ရတာပဲ ရှိတယ်။
အာဏာ သိမ်းလိုက်ပြီ လို့ သိလိုက်တဲ့ အချိန်မှာ ကျနော်တို့က ခပ်ရိုင်းရိုင်း ပြောရရင် ခွေးဖြစ်ပြီ လို့ ထင်တယ်။ ကျနော်တို့ မျှော်လင့်ထားတာ ဒီမိုကရေစီမှာ တိုးတက် ကောင်းမွန်မယ့်ရလာဒ် တွေ တွေ့လာရတယ်၊ လူတွေလည်း သိလာတယ် ပွင့်လင်း မြင်သာ လာတယ် ။ ပြည်သူ့ ဝန်ဆောင်မှု ပေးရတာက အစ ကျနော်တို့ အပေါ် ယုံကြည်မှု ရှိလာတယ်။ ယုံကြည်မှု ရှိလို့ တည်ဆောက် နေတဲ့ ကာလ မှာ ဒီလို ထဖြစ်တယ် ဆိုတော့ နောက်ဆုံး ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ နဲ့ လမ်းမှာတွေ့ရင်တောင် အားနာရတဲ့ ပုံစံဖြစ်တယ်။
နောက်ပြီးတော့ သူတို့ကို ကိုယ်တွေက နှုတ်ဆက် ဖို့ တောင် မဝင့်မရဲ ဖြစ်နေတယ်။ တွေ့ရင်တောင်မှ ခင်မင် ရင်းနှီးတဲ့ စိတ်နဲ့ သာ ကျနော်တို့ နှုတ်ဆက်လို့ နှုတ်ဆက်တာ ဖြစ်မယ် သူတို့စိတ်ထဲမှာ ကျနော်တို့ကို မသတီတဲ့ ပုံစံမျိုး သူတို့ မျက်လုံးထဲမှာ မြင်ရတယ် ခံစားရတယ်။ ကျနော့်ဆို အကို တယောက်က ပြောတယ်။ ရဲလေး မင်း ဘာ ဆက်လုပ်နေမှာလဲတဲ့၊ ကိုကြီး ကျနော်ဆိုရင် မလုပ်ချင်တော့ဘူး။ ဘယ်သွားလို့ ဘယ်လာရမှန်း အတိုင်းအတာက အစ ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကျနော် ပေါင်းတဲ့သူတွေ အကုန်လုံးက ကျနော့်ကို ကူညီတယ် အားပေးတယ်။ မင်း ရုန်းထွက်နိုင်တဲ့နေ့ကျရင် ရုန်းထွက်ပါ ဆိုတဲ့ အတွေးမျိုးတွေ ပေးတယ် ။ အဲ့တာကြောင့်လဲ ကျနော် CDM လုပ်လာတာ ။
xxxမြို့နယ် xxxလမ်းက အထိုင်သပိတ် သွားတားရတာရှိတယ်။ ဒါကလည်း ဖြစ်ပြီးမှ ကျနော်တို့ ရောက်တာ။ ရှိနှင့်နေတာကအသွင်ပြောင်းတွေပေါ့။ အဲဒီမှာ ရဲယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေ ပေါ့ ယူနီဖောင်းတွေ ပြောင်းထားတာ။ သူတို့စစ်တပ်က ကျနော်တို့ကို ဘယ်လိုလုပ်လဲဆိုတော့ သူတို့က ကျနော် တို့ကို ထိုးကျွေးတာ။ ပြောရမယ်ဆိုရင် ရဲယူနီဖောင်းတွေ ရွေးကောက်ပွဲတုန်းက အရံရဲ ခေါ်တယ် အဲဒီ ဝတ်စုံတွေကို ဝတ်ပြီးတော့ သူတို့က ရဲ ပုံစံ လုပ်ပြီး နှိမ်နင်းတာ။ ပြီးတော့မှ အမှု ဖွင့်တော့မယ် ဆိုတော့မှ ဖမ်းမိတယ် မျက်မြင် သက်သေ ပုံစံ မျိုးနဲ့ အုပ်ချုပ်ရေးမှုး တွေ နဲ့ ကျနော်တို့ နယ်မြေခံ ရဲတွေ ခေါ်ပြီး ဒီကောင် ဒီကောင်တွေ ဆိုပြီး လက်ညှိုးထိုးခိုင်းပြီး အမှုဆင်တာ။
ကျနော် တို့က ကျနော်တို့ ကိုယ်တိုင် တရားစွဲတာ မဟုတ်ဘူး။ သူတို့က ကျနော် တို့ နာမည် တပ်လိုက်တာ။ ကျနော် တို့တောင် မသိဘူး တရားရုံး ရောက်တော့မှ မင်း နာမည် ပါတယ် မင်း ဒီလို ပြောရမယ် ဒီလို ဆိုရမယ် ဆိုတော့မှ အဲဒီကျမှ ကိုယ်က အမှုဖွင့်ထားတာပါလား ဆိုတာ သိတာ ။ အပေါ်က မြို့နယ်မှုး စခန်းမှုးတွေက တာဝန်ပေးတာ ဘယ်သူက ဘယ်သူ့ ပိုင်နက်ထဲမှာ ဖြစ်တဲ့ အတွက် အမှုဖွင့် ဘယ်နယ်ထိန်းက ဒီအမှုကို နာမည် ထည့်လိုက် ဘယ် နယ်ထိန်း နာမည် ထည့် လိုက် အဲ့လိုပေးတာ။
နောက်ဆုံး တရားရုံးက ဒီအမှု သမ္ဗာန်စာပေးတယ်၊ အဲဒီနေ့ ဘယ်နေ့ ဘယ်ရက် ဆိုတာ ပါတယ်၊ အဲဒီနေ့ကျရင် စခန်းတွေကို ရောက်တယ်၊ ဘယ်နေ့ကျရင် မင်း တရား စွဲဆိုဖို့ ရှိတယ် မင်း သွားရမယ် အဲ့တာမျိုးကျ သွားပေးရတာ ရှိတယ်။ ကျနော်ဆို မှတ်မှတ်ရရ အထိုင် သပိတ်မှာ xxx ကနေ တက်လာတဲ့ အလုပ်သမားလေး ၅ယောက်ကို ကျနော့် နာမည် ထည့်ပြီး စွဲထားတာ။ ဒါပေမယ့် ကျနော် အမှန် အတိုင်း ဖြေပေးခဲ့ပါတယ် ။ ကျနော်တောင် အံ့သြသွားတယ်။ ငါ ဘယ်တုန်းက တရားစွဲဆို ထားတာဆိုပြီး ကိုယ်တောင် အံ့သြသွားတယ် ။
ဖမ်းတဲ့ဆီးတဲ့အခါ ရိုက်ထားတာ နှက်ထားတာ လက်ပြန်ကြိုး တုပ်ထားတာတွေကအစ တွေ့တယ်။ ဖမ်းဆီးနေတဲ့ ကာလ အတွင်းမှာ တွေ့ခဲ့တာက ပန်းပင်ကြီးလမ်း အဓိကရုဏ်း ဖြစ်တုန်းက လက်ပြန်ကြိုး တုပ်ပြီး ရိုက်နှက်နေတာတွေ တွေ့တယ် ။ ပြည်သူတွေ ထွက်ကြည့်လို့ ရှိရင် မထွက်နဲ့ ပစ်လိုက် ရမလား ဆိုပြီးပြောတာ တွေ တွေ့တော့ ကိုယ့ကနယ်ခံ ဖြစ်တဲ့အတွက် မျက်နှာပူတယ်၊ ရင်ထဲမှာလည်း မခံစားနိုင်ဘူး။ အဲဒီက ရဲဝတ်စုံနဲ့လူတွေက စစ်တပ်က အသွင်ပြောင်းထားတာ ။ ယူနီဖောင်းတွေ ချွတ်ခိုင်းပြီး ရဲ ဝတ်စုံတွေ ဝတ်ပြီး နှိမ်နင်း ပေးတာ ။
၂၀၂၁ – ၆လပိုင်း ၁၀ရက်နေ့ မှာ ကျနော် CDM စလုပ်တယ် ။ စလုပ်တယ်ဆိုတာ ဘယ်လိုမှ မနေနိုင်တော့လို့ အိမ်ကို ပွင့်ပွင့်လင်းလင်းပြောတယ်, မိတ်ဆွေတွေလည်းပြောတယ်။ ထွက်တော့မယ် တပည့် တွေကိုလဲ လိုက်နိုင်မလားပေါ့။ သူတို့ကတော့ မိသားစု အခက်အခဲကြောင့် မလိုက်နိုင်သေးဘူး ဆိုတော့ ကျနော့် ဘာသာ ပဲထွက်လာလိုက်တာ ။
အကို ဝမ်းကွဲ ရှိတယ်။ ဦးလေးတွေဆိုလဲ တပ်က ထွက်သွားပြီ။ အကို ဆိုလဲ တိုက်ပွဲ ကျသွားပြီ။ အမေတော့ပြောတယ်။ သူဝမ်းသာပါတယ်တဲ့ လှိုက်လှိုက်လှဲလှဲကို ပြောတာ။ ဖြစ်မြောက်အောင်သာ လုပ်လိုက် အမေတို့ကိုမပူနဲ့ ဆိုတဲ့စကား တခွန်းကြောင့် ခြေစုံပစ်ပြီး ထွက်လာတာ။
ထွက်လာတာက လက်ထဲမှာ ပိုက်ဆံ ၄သောင်းပဲပါတော့ ဘာလုပ်ရမလဲ ဘယ်မှာ နေရမလဲ ဆိုတဲ့ စိတ်နဲ့။ ထွက်လာချင်တဲ့ စိတ်ပဲရှိတယ် ရှေ့လျှောက် အပြင်ရောက်တော့မှ ဘာဆက်လုပ်ရမလဲ ဆိုတဲ့ အတွေးတွေတော်တော်ဝင်တာ။ ဒါပေမယ့် ကောင်းပါတယ် ဆွေမျိုးသားချင်းတွေက ဒီလို ဖြစ်တယ်ဆိုတော့ ဝိုင်းဝန်း ကူညီကြတယ် ။ ပံ့ပိုးကြတယ် ထောက်ပံ့ကြတယ်။
အဲလိုနဲ့ပဲ ထွက်လာတာ ဧရာဝတီ ဘက်မှာ တလလောက် သွား တိမ်းရှောင်လိုက်တယ် ။ ကောင်းကောင်းတော့ မနေရပါဘူး။ ညဘက်ဆို ကိုယ့် အိမ်ရှေ့က အုပ်ချုပ်ရေးမှုး အိမ်မို့ ညဘက်ဆို ရဲက ဆိုင်ကယ်နဲ့ လာလာနေတော့ ညဘက်ဆို မအိပ်ရဲဘူး။ နောက်ဆုံး မထူးတော့ဘူးဆိုပြီး ဆက်သွယ် ကြည့်တော့မှ CDM လုပ်ထားတဲ့ ဆရာဝန် အစ်မ တယောက်က ပြည်သူ့ရင်ခွင် ကို ချိတ်ပြီးတော့ လုပ်လိုက်လို့ လမ်းညွှန်တာနဲ့ ပြည်သူ့ရင်ခွင်နဲ့ ချိတ်ပြီး လွတ်မြောက်နယ်မြေကို လာလိုက်တာ ။
CDM လုပ်ပြီးမှ စစ်တော့တိုက်ခဲ့ရသေးတယ်။ လေးကေ့ကော်တိုက်ပွဲ စကတည်းက တောထဲမှာ တိုက်လာခဲ့တယ်။ ကော်ဘရာ စစ်ကြောင်းမှာ။ တပ်ရင်း ၆ ကော်ပရာ စစ်ကြောင်းမှာ တာဝန် ထမ်းဆောင် ခဲ့တယ်။ တနှစ်ကျော် ကျော်လောက် နေခဲ့တယ်။ အခု ဒီကို ရောက်တာ ၂လကျော်ကျော် ၃လ မပြည့်ပဲ ရှိသေးတယ် ။
အခြေအနေတွေက မတရားလုပ်နေတာ မြင်နေရတာ မခံစားနိုင်ဘူး။ နောက်ဆုံး မျက်ရည်တောင် ကျတယ်။ ကိုယ့်ပြည်သူ ကိုယ်ပြန်နှိပ်စက် နေတဲ့ ဘဝကြီးကို အဆင်မပြေဘူး ။ သေတဲ့သူတွေလဲ တွေ့နေရတယ်။ ထောင်ထဲ ရောက်နေတဲ့ကောင်တွေ အများကြီး တွေ့နေရတယ်။ ဒီ စနစ်ဆိုးကိုလဲ မကြိုက်ဘူး။ ကျနော် တို့ လိုချင်တဲ့ စနစ်သည် အကုန်လုံး ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာနဲ့ ဖြစ်ရမယ်၊ လွတ်လပ်ပျော်ရွှင်စွာနဲ့ နေနိုင်အောင်လဲ ဖြစ်ရမယ်၊ စီးပွားရေး မြင့်မားနေတဲ့ နိုင်ငံတော်အဖြစ် မြင်ချင်တယ်။ အဲဒီလို ဖြစ်ချင်တဲ့ ဆန္ဒတွေ အကောင်အထည် ဖော်နေပါတယ်ဆိုမှ ဒီလိုကြီး ဖြစ်တယ် ဆိုတော့ ကျနော် တို့က မခံစားနိုင်ဘူး။ လူငယ်တွေတောင်မှ တောထဲ ဝင်ပြီး လုပ်နေသေးတာပဲ ကျနော်တို့လိုလူတွေက မလုပ်ရင် ဘယ်သူတွေက လုပ်တော့မှာလဲ အဲ့ဒါကြောင့် တောထဲ ဝင်ဖြစ်တာ ။
ဒီမှာ နေရတာ ခက်ခဲတယ်။ ကိုယ်တွေ စရောက်လာတုန်းက သူငယ်ချင်း ကောင်းလို့ ဒီကို လာရဲတာ။ ဒီကို လာဖို့ ဆိုတာ အိပ်မက်ထဲတောင် မစဉ်းစားရဲဘူး။ တော်တော်ကြီးကို ကိုယ့်ရဲ့ အခက်အခဲကြောင့် ဒီကို ရောက်လာတာ။ ကျန်းမာရေး အခက်အခဲ ကြောင့်လဲ ဒီကို ရောက်လာတာ။ ကျန်တာက ဘာမှ အထွေအထူး မရှိပါဘူး အခုထိတော့ ကူညီ ထောက်ပံ့ပေးနေတဲ့ သူတွေနဲ့ အဆင်ပြေနေတာ ။
ရှေ့ဆက် လုပ်ဖို့က မတွေးထားသေးဘူး ရဲထဲမှာ နေလာခဲ့တာ ဆိုတော့ အခုထိ ဘာပညာမှတတ် လာတာ မဟုတ်ဘူး။ သူတို့ ခိုင်းတာကို မင်းသွားလုပ်လိုက်ဆို လုပ်လိုက်တာ။ အဲ့လို နေလာ ခဲ့တဲ့ ဘ၀ ဆိုတော့ အခု ဒီအချိန်ကြီးကျမှ ဟိုဟာ လုပ်ရမလို ဒီဟာလုပ်ရမလို စမ်းတဝါးဝါး ဖြစ်နေတယ်။ ဘာလုပ် လို့ လုပ်ရမှန်းမသိဘူး အဲ့ဒီလို အခက်အခဲတော့ ရှိတယ်။ အသက်မွေးဝမ်းကြောင်း ဘာသာရပ်လေးတွေ ရှိတဲ့ အခါကျရင်တော့ တက်ပြီးတော့ပဲ ရှာစားရမယ့် အနေအထားမျိုးပဲ ။
တော်လှန်ရေးအတွက် အလုပ်လုပ်ဖို့တော့ ရှိပါတယ် ရှိတယ်။ဆိုလိုတာက ကျနော် ထမ်းဆောင်နိုင်တဲ့ ရပ်တည်ပေးနိုင်မယ့် နေရာမျိုးကနေ လုပ်ပေးရမှာပဲ၊ ကိုယ့်နိုင်ငံ ကောင်းစားဖို့ အတွက်ပဲ လုပ်မယ်။