ကျနော်က xxx လေတပ်ကပါ ။ နာမည်က xxx ၊ အဆင့်ကတော့ တပ်ကြပ်ကြီးပါ ။
ကျနော် စစ်တပ်ကို စဝင်တာ ၂၀၁၂၊ တပ်က ထွက်လာတာ ၂၀၂၁။ စစ်သက် ၉နှစ်ပေါ့ ။
မိသားစုကတော့ ပုံမှန်မိသားစုပါပဲ။ ဘွဲ့ရတဲ့အထိ ကျောင်းနေတယ်။ ကျောင်းပြီးတော့ ဘွဲ့ရတော့ လေတပ် ထဲ ဝင်လိုက်တာပါ။ ကျနော် ၁၀တန်းအောင်တော့ အိမ်က ဗိုလ်သင်တန်း တက်ခိုင်းတယ်။ ဗိုလ်သင်တန်း ဖြေတော့လည်း မဝင်ချင်လို့ အောင်အောင်မဖြေဖြစ်ဘူး။ အဲ့ဒါကို အိမ်က ပိုက်ဆံနဲ့လိုက်တော့ ရေးဖြေ အောင်သွားတယ်။ လက်တွေ့ကျတော့ တမင်ကို မကျကျအောင် ကလိမ်ကကျစ်တွေ လုပ်ပြီးဖြေလိုက်တာ ကျတယ်ပေါ့။ ကျပြီးတော့ ကျနော်က ကျောင်းပဲ တက်ချင်တာ။ အိမ်က တပ်ထဲ ဇွတ်သွင်းတယ်။ တက္ကသိုလ် တက်ချင်တော့ အိမ်ကို ကတိပေးလိုက်တယ်။ ကျောင်းပြီးရင် တပ်ထဲ ဝင်ပါမယ်လို့ ကတိပေးပြီး ကျောင်းပြီးတဲ့အခါ မိဘကအတင်းတိုက်တွန်းတော့ တပ်ထဲ ဝင်လိုက်ရရော။ တပ်ဆိုတာ ဘာမှန်းမသိဘူး အမျိုးထဲမှာလဲ စစ်မှုထမ်းတဲ့သူ မရှိဘူး။ ကျွန်တော်က ပထမဆုံးပဲ။ အိမ်က အပြင်မှာ ရန်ဖြစ်တယ် ဆိုးတယ် ဆိုပြီး ငြိမ်သွားအောင် တပ်ထဲ ဝင်ခိုင်းတဲ့ သဘောမျိုးပါပဲ။ စပြီး ဝင်ချိန် စစ်အခြေခံ တက်တော့ xxx မှာ တက်ရတာ။ xxxစက်ဘက်ကနေမှ ခြင်းသွားသယ်ရတာ။ ကျနော်တို့က စွပ်ကျယ် နဲ့ ဘောင်းဘီတိုနဲ့။ ဘေးက တာဝန်ကြပ်တွေ သူတို့တွေက ဘေးက နွားတွေ ရိုက်တဲ့ ကြိမ်ကိုင်ပြီးတော့ လိုက်ထိန်းတာ။ အဲဒီမှာ စဝင်ကတည်းက နာနာကျည်းကျည်းဖြစ်နေပြီ ငါ တပ်ထဲဝင်တာ မှားပြီဆိုတာမျိုး တွေးဖြစ်ခဲ့တယ်။ ဒီလိုနဲ့ပဲ သင်တန်းဆင်းတော့လဲ ပြေးလို့မှ မရတာ၊ ထောင်လည်းအကျမခံနိုင်တော့ ဒီလိုပဲ နေရတာပေါ့။ ဒါပေမယ့် စစ်တပ်ထဲဝင်တာ အဲဒီကတည်းက စိတ်ပျက်နေတာပါ။ စပြီးဝင်တာ xxxလေတပ်ကနေ ဝင်တယ် ။ xxxမှာ စစ်အခြေခံ သင်တန်းတက် ပြီးတော့ xxxကိုပြန်လာ။ xxx လေတပ်မှာ သင်တန်း ၁နှစ် နီးပါး တက်ရတယ်။ တက်ပြီးတော့ ပို့စ်တင်ကျတော့ xxx ကိုကျတယ် ။
xxx မှာ စပြီးကျတော့ လေယာဉ်လက်နက်လုပ်ငန်းနဲ့ xxxမှာ ၂နှစ်နေပြီးတော့ ကျွန်တော် xxxမှာ ကွန်ပြူတာ သင်တန်း ၂နှစ် သွားတက်တယ်။ ပြန်လာတော့လဲ xxxကိုပဲ ပြန်တောင်းလိုက်တာပေါ့။ ကိုယ်နေဖူးတဲ့ တပ်ဆိုပြီးတော့ ပြန်တောင်းလိုက်တာ ။
နောက်ဆုံး ထွက်လာတာ တပ်မှာ ရုံးလုပ်ငန်း အုပ်ချုပ်မှုပိုင်း စစ်ဦးစီးစစ်ရေးစစ်ထောက်။ xxxကို ရောက်ရောက်ခြင်း ၂နှစ်ကတော့ လေယာဉ် လက်နက်အပိုင်းပေါ့။ နောက်ပိုင်း စစ်ဆင်ရေး တလျောက်လုံးလဲ ကျနော်က လေယာဉ်လက်နက် လုပ်ပေးရတယ် ။
အတွေ့အကြုံ ရှိခဲ့တာတခုက တပ်တွင်း ပြဿနာပါပဲ။ ဒီပြသနာက ကိုယ်နဲ့တိုက်ရိုက်သက်ဆိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်နဲ့တိုက်ရိုက်ဖြစ်သလို စိတ်မကောင်းဖြစ်ခဲ့ရတာ။ ဖြစ်တာက ဘေးက ရေဒါအုပ်က။ သက်ငယ်မုဒိန်းမှု ဖြစ်တယ်။ မုဒိန်းမှုဖြစ်တာ ကျုးလွန်တဲ့စစ်သည်ကို သူ့အုပ်မှုးက တခြားအမှု နဲ့ ထောင် ၁နှစ်ချပြီးတော့ မုဒိမ်းမှုကို ထိန်ချန်တယ်။
ခုနှစ်တော့ သေချာ မမှတ်မိဘူး။ ကျနော်တို့တပ်ရဲ့ဘေးက xxx အုပ်ပဲ၊ ရေဒါအုပ်။ အဲဒီအုပ်မှာ ကလေးတယောက်ကို စစ်သည်ကနေ သက်ငယ်မုဒိန်းမှု ကျူးလွန်တယ်။ ကျူးလွန်တဲ့ စစ်သည်ကို အုပ်မှုးက အထက်ကို တခြားအမှု စည်းကမ်းဖောက်ဖျက်မှုနဲ့ လိမ်တင်ပြီးတော့ ထောင် ၁နှစ် ချတယ်။ ပြီးတော့ ထုတ်လိုက်တယ်။ ကလေးလေးနဲ့ သူ့ မိဘတွေကိုကျတော့ တခြားတပ်ကို နေရာ ပြောင်းလိုက်တယ်။ ကလေးက ၅နှစ်လား ၆နှစ်လား တော်တော်တော့ ငယ်သေးတယ်။ အဲ့ဒီကစ္စနဲ့ ပတ်သက်ပြီးတပ်ထဲမှာ မကျေမနပ်ဖြစ်ခဲ့ကြတယ်။ အဲဒီကိစ္စတော့ ကြုံခဲ့ဖူးတယ်။ အုပ်မှုးက သူ့အုပ် နာမည်ပျက်မှာကြောက်လို့ အမှုကို လိမ်ပြီးတင်လိုက်တာပါ။ အစကတည်းက တပ်ထဲဝင်ခဲ့မိတာ မှားတယ်လို့ အခံရှိတော့ အဲဒီသက်ငယ်မုဒိန်းမှုဖြစ်တဲ့အခါ ပိုပြီး စိတ်ပျက်သွားရတယ်။ တပ်ကထွက်ဖို့ပဲ စဥ်းစားထားခဲ့တာ။
ကလေးအခြေအနေကတော့ စိတ်ဒဏ်ရာတွေရသွားနိုင်တယ်လေ။ မသိတတ်သေးတဲ့ အရွယ်မို့ စိတ်အခြေအနေကတော့မခန့်မှန်းတတ်ဘူး။ လက်ရှိဖြစ်သွားတဲ့ အချိန်မှာတော့ မိဘရဲ့ ထိန်းကျောင်းတဲ့ လမ်းကြောင်းအတိုင်း ကလေး က နာခံရမှာပေါ့။ ။ မိဘတွေကလဲ လူကြီးကို မလွန်ဆန်နိုင်တော့ ငြိမ်နေရတာပဲလေ။ xxx အုပ် ။ အုပ်မှုးရဲ့ နာမည်က ဒုတိယဗိုလ်မှုးကြီး သိန်းဝင်းထွဋ်။
တပ်ထဲမှာက လူကြီးပြောရင် နာခံကြတာ များတယ်။ ဒီဟာကို ဒီလိုမျိုး မကျေနပ်ပါဘူး လုပ်ရင် သူ့ဘဝတလျောက်လုံးက လူကြီး ရဲ့ အငြိုးအတေးပဲ ခံရမှာဆိုတော့ အဲဒီလိုနဲ့ ငြိမ်သွားပုံရတယ် ။ ပြောတော့ပြောလို့ ရတယ် သူ့အတွက် ဆိုးကျိုးတွေပဲ ရမှာစိုးလို့ မျိုသိပ်ပြီးမပြောတော့တာ ဖြစ်မယ်။
တပ်ထဲမှာ သိတဲ့အတိုင်း စစ်သည်ကို လူကြီးက ငြိုးပြီဆိုရင် တလျောက်လုံး ငြိုးတာ။
လူကြီးတစ်ယောက်က လက်အောက်ငယ်သားကို ငြိုးပြီဆိုရင် ရာထူးမတက်အောင် ငြိုးတာရှိမယ်၊ ပြီးရင် အလုပ်ကို လိုတာထက် ပိုခိုင်းမယ်၊ အဝေးတပ်တွေ လူမနေချင်တဲ့ တပ်တွေကို ပို့ပစ်တာ ရှိမယ်။ တော်ရုံတန်ရုံ ဘာမှမဟုတ်တဲ့ အမှုလေး ဖြစ်တာနဲ့လဲ အရေးယူပြီး ထောင်ချရင်ချတာမျိုးလည်းရှိမယ်။ ဒါမှမဟုတ်ရင်လည်းတခြားတပ်ကို ပြောင်းပစ်တယ်။ အဲလိုမျိုးတွေ။
အာဏာသိမ်းတဲ့အချိန်က xxx မှာပဲ ။ အိပ်နေရာကနေ မနက် ၂နာရီလောက်ကြီး ထ တန်းစီပြီးတော့ တစ်တပ်လုံး လုံခြုံရေးယူရမယ်၊ တပ်ပတ်ပတ်လည် လုံခြုံရေး ယူရမယ်လို့ပြောတယ်။ နိုးတဲ့အချိန်မှာ ဖုန်းလိုင်း တွေက မရှိတော့ဘူး။ မရှိတော့ စိတ်ကတော့ သိလိုက်ပြီ။ နဂိုကတည်းက အာဏာက သိမ်းမယ်လို့ အသံ ထွက်နေတာလေ။ သိမ်းပြီနဲ့ တူတယ်လို့ ထင်လိုက်တာ။ ပြီးတော့ MRTV က သတင်း လွှင့်တဲ့ အချိန်မှာ အဆောင်ပြန်နေတဲ့အချိန်နဲ့ တိုးတော့ ကြည့်လိုက်တာ အဲ့ဒီအချိန်မှာ သိလိုက်တာ။
အဆောင်မှာ တော်တော်များများက အာဏာသိမ်းပြီ ဆိုကတည်းက သွားပြီ၊ ပြဿနာတော့ ရှုပ်ကုန်ပြီ မလုပ်သင့်တာကိုလုပ်တယ်ဆိုတာကို သိကြတယ်။ ကျနော်တို့လည်း အပေါင်းအသင်းတွေနဲ့ ပြောဖြစ်တာပဲ။ သွားပြီ ၈၈ ထက် ဆိုးတဲ့ လူထုအုံကြွမှုကတော့ ဖြစ်မှာပဲ၊ အဲ့တာမျိုးကတော့ တွေးဖြစ်တယ်။
ကျနော်က CDMကို အွန်လိုင်းကနေ မှတ်ပုံတင်လို့ ရပြီဆိုတဲ့အချိန် ၃လပိုင်း ပထမပတ်မှာ မှတ်ပုံတင်လိုက်တယ်။ တင်ပြီးတော့ ၄လပိုင်း သင်တန်းသွားရဖို့ဖြစ်လာတယ်။ သင်တန်းတက်ဖို့ အပြင်ထွက်လို့ရတဲ့အချိန်မှာ တစ်ခါတည်း ထွက်လာလိုက်တာ ။
နဂိုကတည်းက ကျနော်က NLD ထောက်ခံတဲ့သူ။ အရပ်သား ဘ၀ကတည်းက NLD ထောက်ခံခဲ့တာ။ အာဏာသိမ်းလိုက်တော့လည်း စိတ်ဓာတ်ခိုင်မာမှု မရှိသေးဘူး။ မှားတော့မှားမှန်း သိတယ်၊ နိုင်ငံရေး အရ အကြီးပိုင်းတွေ လုပ်တာပဲ ဆိုပြီး ဖာသိဖာသာ နေဖို့ စဥ်းစားပေမယ့် အစကတည်းက တပ်ထဲမှာမနေချင်တော့ တပ်ကထွက်ဖို့ကိုပဲ နည်းလမ်းရှာနေခဲ့တာ။ ဘယ်မှာ ဆုံးဖြတ်ချက် ခိုင်မာလည်းဆိုတော့ မြသွဲ့သွဲ့ခိုင် ဖြစ်တဲ့ကိစ္စမှာ ငါ ဒီတပ်မှာ ဆက်နေလို့ မရတော့ဘူး ထွက်မှ ရတော့မယ်ဆိုပြီး CDM တွေ မှတ်ပုံတင်လို့ ရပြီလို့သိရတဲ့အချိန် တင်တဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ယောင်သွားမှာကြောက်လို့ နောက်ဆုတ်လို့ မရအောင် တပ်တွင်းကနေပဲ မှတ်ပုံတင်လိုက်တာ။
စစချင်းအာဏာသိမ်းတော့ အပြင်မှာတော့ မလိုက်ရဘူး။ ဖုန်းလိုင်းတွေက ဖြတ်ထားပေမယ့် ရုံးသမားတွေကတော့ wifi ရှိတော့ wifi နဲ့ သုံးလို့သတင်းကတော့ ဘယ်မြို့ကနေ ဘာဖြစ်ဖြစ် တွေ့နေရကြားနေရပါတယ်။ လုံခြုံရေးတာဝန်ပေးတော့ ကျနော်တို့တပ်က လူတွေက လေဆိပ်ကို လွှတ်တာ များတယ်။ လေဆိပ်တို့ လွှတ်တော် လုံခြုံရေးတို့ အဲသလိုမျိုးပဲ လွှတ်တာပဲ များတယ်။ ဆန္ဒပြပွဲ ထိန်းဖို့ လေတပ်ကနေ မသုံးဘူး။
CDM တင်တာမများဘူး။ တစ်ယောက်နှစ်ယောက်ပဲ။ ဒါတောင်မှ ကျနော် CDM မှတ်ပုံ တင်တော့ ကျနော် နဲ့ အမြဲပေါင်းတဲ့ ၂ယောက်ကိုပဲ အသိပေးတယ်။ သူတို့လည်း စိတ်တူကိုယ်တူမို့တိုင်ပင်တဲ့အခါ သူတို့လဲ တင်ချင်တယ်ပြောလို့၊ ဒါပေမယ့် တကယ်တမ်း တင်မယ်ဆိုတော့ မတင်ကြဘူး အခုထိလဲ ထွက်မလာပါဘူး။
အဓိကကတော့ အကြောက် တရားပေါ့။ ဘဝရပ်တည်မှုရယ် သူတို့ CDM လုပ်လို့ တပ်က မိသွားရင် အရေးယူမယ်။ ဘာမှမရေရာ မသေချာတဲ့ CDM လုပ်ရင် ရှောင်ရမယ်၊တိမ်းရမယ်။ စစ်သားက CDM လုပ်ရင် နေလို့မှမရတာ၊ စစ်ပြေးပဲ ဆိုတော့ ရှောင်ရမယ်။ ဘဝရပ်တည်ရေးတွေတွေးပြီး မထွက်ဖြစ်တာပေါ့။ နောက်ပိုင်း ကျတော့လဲ ဒီ လေတပ် ဆိုတာမျိုးက အခုဆို ပိုဆိုးတယ်၊ စစ်ဆင်ရေးဖြစ်လေ လေယာဉ်တက်ရလေ ကြားပေါက်ဝင်ငွေက ကောင်းကောင်းရလေပေါ့။ အဓိကကတော့ အခက်အခဲကို ရင်မဆိုင်ချင်တာနဲ့ ကိုယ်ကျိုးဘက် လှည့်ကြကြည့်ကြတော့တာပေါ့ ။
မတ်လတုန်းက ကျနော် CDM လုပ်မယ် ဆိုပြီး မှတ်ပုံတင်တော့ အိမ်ကို တိုင်ပင်ကြည့်သေးတယ်။ အိမ်ကမိဘတွေက လက်မခံဘူး။ သူတို့လဲ အဲ့ဒီလိုတွေးပြီး စိုးရိမ်တာပေါ့။ ၄လပိုင်း သင်တန်းသွားရတော့မှ သူတို့ကို အသိမပေးပဲ ထွက်လာလိုက်တာ။ ကျနော်စိတ်က တခုလုပ်ချင်ရင် ဇွတ်တရွတ်လုပ်တာ။ ဆုံးဖြတ်ချက် ခိုင်မာပြီ၊ သေချာတယ်၊ ငါလုပ်မှာ၊ ငါမှန်တယ် ဆိုပြီး ဘယ်ဟာမှလှည့်မကြည့်တော့ဘူး ဘာပဲကြုံကြုံလုပ်မယ်ဆိုပြီး လုပ်လိုက်တာ။
ကျနော်CDM စဝင်တော့ သင်တန်းသွားမယ် ဆိုပြီး အိမ်မှာ ၂ပတ် နေလိုက်တယ်။ အဲဒီ ၂ပတ်မှာ သင်တန်း က ဖွင့်နေပြီ။ သင်တန်း ဖွင့်တဲ့ရက်မှာပဲ တပ်က ထွက်လာပြီး အိမ်မှာ ဒီအတိုင်း နေနေတာ။ သင်တန်း ရက်ကျော်နေလို့ နောက်က ဖုန်းဆက်တဲ့ အချိန်ကျမှ ကျနော်လွတ်မြောက်နယ်မြေကို ထွက်လာတာ။ ထွက်ဖို့သာ စိုင်းပြင်းပြီး ထွက်လာတာ ဘယ်သွားရမှန်းမသိခဲ့ဘူး။ အဲ့ဒီတုန်းကလဲ အခုလိုမျိုး ချိတ်ဆက် ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေ မရှိသေးဘူး။ ၂ပတ် အိမ်မှာ နေပြီး နောက်က ဖုန်းဆက်မေးတော့မှ နေလို့မရတော့ဘူး ဆိုပြီး xxx ကနေ xxx ကိုတက်၊ xxxကားဝင်းကနေ ကျနော့ရှေ့က သွားတဲ့ တစ်ယောက်ကို ဖုန်းဆက်ကြည့်တော့ သူနဲ့ ဖုန်းအဆက်သွယ်ရပြီး သူ့ဆီလာလို့ ရတယ် သူ ဒီမှာ ပြောထားမယ် ဆိုလို့ တောင်ပိုင်းကို ထွက်လာတာပါ။ xxxဘက်u တောထဲမှာ ၅လလောက် နေပြီးမှ အခု လက်ရှိ နေတဲ့ နယ်စပ်ကို ပြီးခဲ့တဲ့ နှစ် ၁၀လပိုင်း ကမှ ရောက်တာ။
အခုလက်ရှိ နေရာမှာတော့ ၁နှစ် ပြည့်ပြီ အခုလက်ရှိနေတဲ့ နေရာမှာတော့ အခက်အခဲ မရှိပါဘူး xxx ဘက်မှာ နေခဲ့ တုန်းကတော့ ကိုယ့်ရိက္ခာ ကိုယ်ထမ်း တောင်ပေါ်နဲ့ တောင်အောက် ရိက္ခာ တစ်ခါထမ်းရင် ၆နာရီကြာတယ်၊ ထမ်းတာပဲ။ ဒါပေမယ့် လူတွေက CDM လုပ်ပြီးတော့ စိတ်ပေါ့သွားတယ်။ အရင်ဆို ညဘက် အိပ်မပျော်ဘူး တောင်တွေးမြောက်တွေးလျောက်တွေး CDM လုပ်ပြီးတော့ တောထဲမှာ နေရတာ ဖုန်းလိုင်းလည်းမရှိ ဘာမရှိနဲ့ နေတာပဲ၊ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွင်ပဲ၊ တပ်ကနေလွတ် သွားပြီ ဆိုတော့ စိတ်ချမ်းသာတယ်။
ကျနော့ မှာ ဝါသနာရယ်လို့ တိတိကျကျ မရှိဘူး။ ခရီးထွက်ရတာ ဝါသနာ ပါတယ် အဲ့ဒီ တစ်ခုပဲ ရှိတယ်။ လုပ်တတ်တာဆိုတော့ ကွန်ပြူတာရတယ်။ အရင် တပ်ထဲ မဝင်ခင်က ဆောက်လုပ်ရေးမှာ QC အလုပ် လုပ်ခဲ့ဖူးတယ်။ ကျန်တာတော့ ထွေထွေထူးထူး မရှိဘူး။ တပ်မှာလဲ ကွန်ပြူတာနဲ့ ပတ်သက်ပြီး ထမ်းဆောင်ခဲ့ဖူးတော့ အဲ့တာပဲ ရတယ်။ အသက်မွေးဝမ်းကြောင်း ဆိုလဲ ကွန်ပြူတာပဲ တတ်တယ် ကျန်တာ ဘာမှ မတတ်ဘူး။
ကျနော် xxx မှာ နေခဲ့တုန်းက ကရင် အဖွဲ့အစည်း အဲ့ဒီတပ်ရင်းမှာ မြေပုံဖတ်တာ။ စစ်မှ မတိုက်ဘူးတာ မြေပုံဖတ်တာရတော့ မြေပုံဖတ်ဖို့ အတွက်သွားတယ်၊ ၁လလောက်နေပြီးတော့ နယ်စပ် ဘက်ကို လိုက်လာတယ်၊ နယ်စပ်ဘက် လိုက်လာပြီး အခုလက်ရှိကတော့ xxx မှာ အဖွဲ့ဝင် တစ်ယောက် အနေနဲ့ အလုပ်လုပ်နေတယ်။ တခြား မြေအောက် အလုပ်တွေလဲ လုပ်တယ်။ စစ်မတိုက်တတ်တဲ့သူ ဆိုတော့ ကျနော် တတ်နိုင်တာ သတင်းအချက်အလက် ရှာဖွေဖို့ရယ် ကိုယ်သိသလောက် တတ်သလောက် လေကြောင်းနဲ့ ပတ်သက်တဲ့ အကြံဉာဏ် ပေးတာလောက်ပဲ ။
ဆုံးဖြတ်ထားတာက တော်လှန်ရေး မပြီးပြီးအောင် နေမှာ။ နယ်စပ်မှာ နေတာက နေတာပဲ စည်းမကျော်ဘူး။ ကျနော်နေတဲ့ နေရာမှာ တိုက်ပွဲ ဖြစ်လာလဲ ဝင်တိုက်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီးသား။ ကိုယ်နေတဲ့ အဖွဲ့အစည်းက ယုံယုံကြည်ကြည် နဲ့ လက်ခံပြီးတော့ တိုက်လို့ရတယ် ဆိုရင် တိုက်မယ်၊ တိုက်လို့မရရင် နောက်ကနေ ထမင်းထုပ်ပဲ ပို့ရပို့ရ လက်နက်ခဲယမ်းပဲ ထမ်းပြီး ပို့ရပို့ရ အဲ့လို တော့ ရှိတယ်။ ပြည်ပတော့ သွားဖို့ အစီအစဉ် မရှိဘူး။ တော်လှန်ရေး မပြီးပြီးအောင်နေမယ်၊ နှစ်တွေကြာ လာရင် တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့ထဲကို ကျနော် အပြီးဝင်လိုက်မယ် အဲ့လိုပဲ တွေးထားတယ်။
တရားမျှတမှု ဆိုတာ ကျနော် ၁ကျပ်ရရင် သူများလဲ ၁ကျပ် ရရမယ် ကျနော်၁ကျပ် ဆုံးရှုံးရင် သူများ လဲ ၁ကျပ် ဆုံးရှုံးမယ် လွယ်လွယ်ပဲ တွေးလိုက်တယ်။ လူ့အခွင့်အရေး ဘာညာ ကတော့ တပ်ထဲမှာ နေတုန်းက အဲ့တာတွေနဲ့ အလှမ်းဝေးတယ် ထွက်လာပြီးတော့မှ ဒီရောက်တော့မှ သင်တန်းတွေ ဘာတွေ တက်ရတော့ မှ လူ့အခွင့်အရေး ဆိုတာ ဘာလဲ၊ အဓိကက ကိုယ်ချင်းစာတရားပါပဲ ကိုယ်ချင်းစာတရားရှိရင် ရတာပဲ၊ ကိုယ့်အသားနာမှာလဲ မကြိုက်ဘူး မကြိုက်ရင် သူများအသားလဲနာအောင် မလုပ်နဲ့ အဲသလို လွယ်လွယ်ပဲတွေးတယ်။
တပ်ထဲမှာ လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးကို သုံးတာကို မရှိတာ။ အဲဒါနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဆို ပိုတောင်ဝေးတာပေါ့။ တပ်မှာက အမိန့်နာခံမှုပဲ။ တခါလာလည်း အမိန့်နာခံမှု၊ မှားမှားမှန်မှန် အမိန့်နာခံမှု၊ တပ်ကပြောတာပဲ အမှန်။ ဒါပဲ။ စစ်သား တော်တော်များများမှာ ခေါင်းထဲဝင်နေတာ အဲ့တာပဲ ဝင်နေတာ။ပြန်ပြောရရင် တပ်ကထွက်ဖို့ဖြစ်စေတဲ့တွန်းအားပြောရမလား အစကတည်းက တပ်ထဲမဝင်ချင်ခဲ့တာရယ် သက်ငယ်မုဒိမ်းမှုကို ထိန်ချန်လိုက်တာရယ် စစ်အာဏာသိမ်းပြီး ကန့်ကွက်တဲ့လူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေလုပ်တာ မကြိုက်လို့ တပ်က ထွက်ခဲ့တာပါပဲ။