“ဆရာဝန်လည်း လူကယ်တာပဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတာလည်း လူကယ်တာပဲ။ သူကျ လူတင်မဟုတ် သက်ရှိအကောင်တွေနဲ့ အပင်တွေကိုပါ ကယ်တာ။ ပြီးတော့ အေးချမ်းတယ်။ စိတ်ချမ်းသာတယ်။ ဖိအားမရှိဘူး” ဟု ဒေါက်တာမောင်မောင်ကြည်က ၎င်း၏ ခံယူစိတ် အတွေ့အကြုံများကို ပြောပြသည်။
ရခိုင်ပြည်တောင်ပိုင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် ဒေါက်တာမောင်မောင်ကြည်သည် ဆရာဝန်အလုပ်မှ အနားယူခဲ့ပြီးနောက် လက်ရှိကာလတွင် သဘာဝဘေးမဲ့သစ်တော တစ်ခု တည်ထောင်ထားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုပ်ကိုင်နေသူတဦးဖြစ်သည်။
ဒေါက်တာမောင်မောင်ကြည်သည် သစ်ပင်ပေါင်းများစွာ စိုက်ပျိုးခဲ့ပြီး ဒေသခံအစုအဖွဲ့များနှင့် ၎င်းပိုင် သဘာဝ ဘေးမဲ့သစ်တော စိုက်ပျိုးမှုက ၄ သောင်းခွဲ ရှိကာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ဘတ်ဂျက်နှင့် ဒေသခံအစုအဖွဲ့ ၆ ဖွဲ့ ပေါင်းစိုက်သည့် ဒီရေတောအပင် ၅ သန်း ရှိကြောင်း ဒေါက်တာမောင်မောင်ကြည်က ပြောဆိုသည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေကြောင့် သော်လည်းကောင်း၊ တချို့မှာ စားဝတ်နေရေးနှင့် အမျိုးမျိုးသော အကြောင်းတရားများကြောင့် ယခင်က လုပ်ခဲ့သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဂရုမစိုက်နိုင်တော့ဘဲ လက်တလော အခက်အခဲများကို အရင်ဖြေရှင်းနေကြကြောင်း ၎င်းက ဆိုသည်။
ယခုလို နိုင်ငံရေး အကျပ်အတည်းကာလတွင် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတို့၏ အခန်းကဏ္ဍသည် မှေးမှိန်လာသည်။ ပုံမှန်ကာလပင်လျှင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် လူထုအကြား ကျော်ကြားမှုမရှိ ရှေ့တန်းရောက်အောင် အားမကောင်းခဲ့ပေ။ ယနေ့လို နိုင်ငံရေးအကျပ်အတည်းကာလမျိုးတွင် ထိုအရေးက ပိုမိုဆိုးရွားစွာ ကျဆင်းနေသည်။
လူမှုရေး၊ စီးပွားရေး အကြောင်းအမျိုးမျိုးကြောင့် လူတို့အလေးမထားမေ့လျော့နေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပင် မျက်မှောက်ကာလ၌ လွန်စွာမှ အရေးကြီးလာနေသည်ဟုဆိုနိုင်သည်။
“တစ်နေရာကနေ တစ်နေရာသွားဖို့ ခက်လာတယ်။ နိုင်ငံရေး အခြေအနေအရ ဘဏ်စနစ်တွေကျပ်တယ်။ နိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေလည်း ရှိနေတော့ သိပ်မလုပ်နိုင်တော့ဘူး” ဒေါက်တာမောင်မောင်ကြည့်က ပြောဆိုသည်။
မြန်မာနိုင်ငံသည် Global Risk အဖွဲ့၏ သတိပေးချက်အရ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ဆိုးရွား ပြင်းထန်သည့် ကပ်ဘေးဒဏ်ကို အကြုံနိုင်ဆုံး ကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံ စာရင်းတွင် နံပါတ် ၂ နေရာ ရှိနေသည်ဟု သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း၊ ရေကြီးရေလွှမ်းမိုးခြင်း၊ တောမီးလောင်ခြင်း၊ မြေငလျင် စသည့် သဘာဝဘေးအန္တရာယ် မျိုးစုံ ကြုံရလေ့ရှိသည့် မြန်မာနိုင်ငံသည် လက်ရှိပစ္စုပ္ပန်နှင့် လာမည့်အနာဂတ်တွင် ဆိုးရွားသည့် ဘေးအန္တရာယ် များ ကြုံလာမည့် အခြေအနေ ရှိနေကြောင်း ရာသီဥတုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြသည်။
ပင်လယ်ရေ မျက်နှာပြင်သည် လာမည့် ၂၀၅၀ ခုနှစ်တွင် ၇၀ စင်တီမီတာထိ မြင့်တက်လာနိုင်သည့်အတွက် လူသန်းပေါင်း များစွာသည် ရန်ကုန်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့်ကမ်းရိုးတန်းဒေသများမှ စွန့်ခွာပြောင်းရွှေ့ရနိုင်သည်ဟု ကျွမ်းကျင် ပညာရှင်များ၏ ခန့်မှန်းမှုများလည်း ရှိနေသည်။
ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန်မှာ နိုင်ငံတိုင်း အတွက် အဆင်သင့် ဖြစ်နေရေးနှင့် ဖြစ်ပေါ်လာလျှင် လိုက်လျောညီထွေ ဖြစ်ရေးက အရေးကြီးသည့် အခြေအနေ တစ်ခုဟု ဆိုရမည် ဖြစ်သည်။
ထိုအခြေအနေများကို မြန်မာလူထု သိရှိနိုင်ရေးက ယခုအချိန်ကာလ၌ အသိပညာပေးရန်မှာ အတော်လေး ခက်ခဲနေသည်ဟုသိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အကျပ်အတည်းက အခင်းအကျင်းတွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးသည် အဓိက အကြီးမားဆုံး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
နိုင်ငံရေး အကျပ်အတည်းကာလ မကျရောက်ခင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတွင် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် လူငယ်တစ်ဦးသည်လည်း လက်ရှိတော်လှန်ရေး ကာလတွင် အခက်အခဲများကြားမှ ရရှိနေသည့် အခြေအနေမှာပင် ဆက်လက် လုပ်ကိုင်နေသည်ဟု ယခုလို ပြောပြသည်။
“ကျွန်တော်တို့က ကမ်ပိန်းတွေ၊ သမဂ္ဂတွေနဲ့ နီးစပ်ရာတွေကို လှုံ့ဆော်ခဲ့တာ ရှိတယ်။ ဒါပေမယ့် အခုတော့ တော်လှန်ရေး လုပ်နေရင်းပဲ ကမ္ဘာမြေကြီး အတွက်ရော၊ မြန်မာနိုင်ငံကြီး အကျိုးမယုတ်သွားစေမယ့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရမယ်ဆိုတဲ့ ခံယူချက်ကို ခံယူထားတယ်” ဟု “လွတ်မြောက်ရေးတောအုပ်” အစီအစဉ် ပြုလုပ်ခဲ့သည့် အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကမ္ဘာကြီးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လူတို့၏ အလိုရမ္မက် လောဘများကြောင့် စွမ်းအင်အရင်း အမြစ်များ (အဆမတန်) ထုတ်ယူသုံးစွဲခြင်း၊ စက်ရုံအလုပ်ရုံများမှ ဓါတုအဆိပ်အတောက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း၊ အလွန့်အကျွံ ထုတ်ယူသုံးစွဲမှုကြောင့် သစ်တောများ ပြုန်းတီးခြင်းတို့ကြောင့် ကမ္ဘာကြီး ပူနွေးလာပြီး အချိန်ကာလ ကြာလာသည်နှင့်အမျှ ကမ္ဘာကြီး နာမကျန်းဖြစ်မှုသည် တစ်စတစ်စ ဆိုးရွားလာပြီဖြစ်သည်။
ရာသီဥတုဖောက်ပြန်မှု အရေးပေါ် အခြေအနေများကြောင့် ကမ္ဘာတစ်ဝန်း လာမည့် ၂၀၅၀ ခုနှစ်အတွင်း လူသန်း ၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်မည်ဟု သုတေသီပညာရှင်များက ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင်လည်း ရာသီဥတုဘေးဆိုင်ရာ ဒုက္ခသည်များကို အမေရိကန်ပြည်ထောင်စုတွင် တွေ့မြင်နေရပြီ ဖြစ်သည်။
ရာသီဥတု ပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနှင့် ရေချိုကျဆင်းမှုကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများသည် ရုပ်ပိုင်းဆိုင်ရာ သာမက လူမှုရေးနှင့် စီးပွားရေးကဏ္ဍမှာပါ ကမ္ဘာ့လူသားများ အပေါ် ရောထွေးသက်ရောက်မှု ရှိသည်။
ထိုသို့ ပြောင်းလဲမှုများသည် မိသားစုလုံခြုံရေး၊ ရပ်ရွာတည်ငြိမ်မှု၊ လူမှုဆက်ဆံရေး၊ ကျန်းမာရေးနှင့် တစ်ခါတစ်ရံတွင် သတ္တဝါတို့၏ ရှင်သန်မှုကို ထိခိုက်စေတတ်သည်။
လက်ရှိတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြသူများအတွက် အဓိက စိန်ခေါ်မှုမှာ သက်ဆိုင်ရာများသို့ တင်ပြရသည့် အခြေအနေများဖြစ်ပြီး ခွင့်ပြုချက် တောင်းခံရမှုများနှင့် ခွင့်ပြုချက်ရရန် ခက်ခဲမှုများ ကြုံနေရသည်ဟု ထိုလုပ်ငန်းကို လက်ရှိမြေပြင်တွင် ဆက်လုပ်ဆောင်နေသည့် မဘဲဥမ (အမည်လွှဲ)က ပြောသည်။
“အခုလက်ရှိကာလမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ လူတွေအနေနဲ့က funding ရဖို့ ခက်ခဲတာတွေ၊ ငွေကြေး လွှဲပြောင်းတဲ့အခါ ဘဏ်မှာ ပိုက်ဆံထုတ်ရ ခက်တာတွေ၊ ကိုယ်လုပ်ချင်တဲ့ နေရာဒေသ၊ မြို့ပေါ် ၊ ကျေးရွာတွေမှာဆိုရင် ပရောဂျက်ကို အထမြောက်အောင်လုပ်ဖို့ အရမ်းခက်ခဲလာမျိုးတွေ တွေ့လာရတယ်” ဟု သူ၏ အတွေ့အကြုံကို ပြောပြသည်။
၂၀၁၅ ရွေးကောက်ခံ NLD အစိုးရလက်ထက်တွင် ပြည်သူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုပ်ကိုင်ရသည်မှာ လွယ်ကူခဲ့ပြီး အစိုးရကလည်း ကဏ္ဍတစ်ခုအနေဖြင့် ပြုလုပ်ပံ့ပိုးခဲ့သည်အတွက် ပိုမိုကောင်းမွန်သည့် အရွေ့တစ်ခုကို ဖြစ်စေခဲ့သည်ဟု ပြောဆိုကြသည်။
“လက်ရှိကာလမှာတော့ အရင်လို ပူးပေါင်းပါဝင်မှုတွေ အားနည်းတယ်။ ပြည်သူတွေအနေနဲ့ကလည်း သူတို့ မကြိုက်နှစ်သက်တဲ့ အဖွဲ့သော်လည်းကောင်း၊ အာဏာပိုင် အဖွဲ့အစည်းက သော်လည်းကောင်း မကြိုက်တဲ့ အခါမှာ ပရောဂျက် လုပ်ရတာက ပိုခက်ခဲလာတယ်”ဟု မဘဲဥမ (အမည်လွှဲ) က ဆက်ပြောသည်။
မြန်မာနိုင်ငံ ပါဝင်သည့် အရှေ့တောင်အာရှနိုင်ငံများသည် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု အန္တရာယ်ကို အကြီးမားဆုံး ကြုံတွေ့နိုင်သည့် ဒေသထဲတွင် ပါဝင်နေသဖြင့် ကိုဗစ်ကပ်ရောဂါအလွန်တွင် သတိကြီးကြီးထား ဆောင်ရွက်ရမည့် အခြေအနေတရပ်အဖြစ် သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်သူများက သတ်မှတ် ထားကြသည်။
ထို့ကြောင့် အရှေ့တောင်အာရှနိုင်ငံ အစိုးရများက ပြည့်စုံသော အာဆီယံဒေသတွင်း ပြန်လည်ထူထောင်ရေး မူဘောင်တွင် “ ရာသီဥတုပြောင်းလဲမှုသည် အာဆီယံအတွက် အခြေခံကျသော ဘေးအန္တရာယ်တစ်ခုဖြစ်သည်”၊ “ရာသီဥတုပြောင်းလဲမှု အကျိုးသက်ရောက်မှုကို လျှော့ချရန် ချက်ချင်းဆောင်ရွက်သင့်သည်” ဆိုသည့် သတ်မှတ်ချက်များကို အသိအမှတ်ပြု ဖော်ပြခဲ့သည်။
ကုလအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က လာမည့်ဆောင်းရာသီအတွက် “ကမ္ဘာကြီးဟာ ကြီးစွာသော အန္တရာယ် ကျရောက်နေပြီး ပဋိပက္ခတွေနဲ့ ရာသီဥတု ကပ်ဆိုးတွေကို ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်သလို ဆင်းရဲမွဲတေမှုအပြင် မညီမျှမှုတွေဟာ တိုးမြင့်နေပါတယ်” ဟု ထုတ်ဖော်အသိပေးခဲ့သည်။
တိုက်တန်းနစ်မင်းသားဟု နာမည်ကြီးသည့် မင်းသား လီယိုနာဒို ဒီကာပရီယိုက “ သန့်ရှင်းတဲ့ လေ၊ ရေနဲ့ နေထိုင်နိုင်တဲ့ ရာသီဥတု ရနိုင်ဖို့ဟာ ခွဲခြားလို့မရတဲ့ လူ့အခွင့်အရေးပါ။ ဒါဟာ ပါတီစွဲ ငြင်းခုံမှု မဟုတ်ပါဘူး။ လူသားတစ်ဦး အနေနဲ့ပါပဲ။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ဆိုတာကလည်း နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ မေးခွန်းလည်း မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ ကျင့်ဝတ်တာဝန်ပါ” ဟု ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပေးဖူးသည်။
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စာနဲ့ရေးပြနေတာကို အားမရပါဘူး။ ကိုယ်မလုပ်နိုင်တဲ့ ကိစ္စကို သူများတွေကို အတင်းလုပ်ခိုင်းနေတာလို့ ထင်ခံရမှာလည်း စိုးပါတယ်။ ဒီနေရာမှာ ပြောချင်တာက ကျွန်တော်တို့ လုပ်နိုင်တာက အသိပညာပေးဖို့၊ လုပ်နိုင်သူတွေ လုပ်ကြဖို့ တိုက်တွန်း လှုံ့ဆော်ပေးဖို့ပါပဲ။ တွန်းတိုက်တာများရင် ကျောက်ဆောင်တွေလည်း နဲ့လာ၊ လှုပ်လာသလို အစိုးရလို လက်တွေ့ လုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းတွေလည်း လှုပ်လာမယ်”ဟု ဘဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်းပါးများ အစဉ်တစိုက်ရေးသားနေသည့် ဆရာမင်းချစ်နိုင်က ပြောပြသည်။
သို့သော်တစ်ဘက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အပြိုင် အရေးကြီးနေသည့် အခြေအနေဖြစ်နေသည့်အတွက် ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲလာပုံကိုလည်း ၎င်းက ဖွင့်ဟပြောပြသည်။
“ဒီကာလမှာကတော့ အပွင့်အလင်းဆုံး ပြောရရင် ဘာမှ လုပ်လို့ မရပါဘူး။ ကျွန်တော်လည်း အချိန်တော်ကြာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပစ်ထားခဲ့ပါတယ်။ အမှန်တရားအတွက် ဦးစားပေးရမှာတွေကို ဦးစားပေးခဲ့ပါတယ်။ ဒါပေမယ့် ရောက်တဲ့နေရာတွေမှာ သဘာဝပတ်ဝန်းကျင်တွေဟာ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေ့ရတော့ ကျွန်တော် လုပ်နိုင်တာ လုပ်မယ်ဆိုပြီး ဒီအလုပ်ကို ပြန်လုပ်ဖြစ်တာပါ။ အလုပ်သင့်ဆုံး အလုပ်က သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ အသိပညာတွေ မျှဝေပေးဖို့၊ မြန်မာနဲ့ ကမ္ဘာမှာ ဘာတွေ ဖြစ်နေလဲ ပြည်သူတွေ သိအောင် ပြောပြပေးဖို့ပါပဲ။ ကျွန်တော်တို့မှာ လက်တလော မဖြစ်မနေ လုပ်ရမယ့်ကိစ္စတွေ ရှိပါတယ်။ တစ်ပါတည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ ရသလောက် လုပ်သွားဖို့လိုပါတယ်”ဟု ဘဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်းပါးများ အစဉ်တစိုက်ရေးသားနေသည့် ဆရာမင်းချစ်နိုင်က ပြောပြသည်။
မည်သို့ပင်ဖြစ်စေ လူသားအားလုံး အနေဖြင့် ဖျားနာနေသော ကမ္ဘာဂြိုဟ်ပေါ်တွင် ကျန်းမာနေသော သက်ရှိများအဖြစ် ဆက်လက် ရှိနေမည်ဟု တထစ်ချ ယုံကြည်ထား၍ မရနိုင်ပေ။ သဘာဝတရားနှင့် လူသားတို့သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို ဆက်စပ်နေထိုင်နိုင်မှသာ ကမ္ဘာကြီး ပြန်လည်ကျန်းမာလာနိုင်မည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ပြောဆိုသည်။
သဘာဝဘေးမဲ့တောတခုတည်ထောင်ထားသည့် ဒေါက်တာမောင်မောင်ကြည်ကတော့ “ အဲ့ဒီတော့ ရပ်ပစ်လိုက်ရမှာလား။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကဏ္ဍတွေ များတယ်။ ပြောချင်တာကတော့ လက်လှမ်းမီသလောက် ထိနိးသိမ်းပါ” ဟု တိုက်တွန်း ပြောဆိုလိုက်သည်။
မြတ်နိုးသူရ