By MPA / ထွန်းလင်း (အတွေးအမြင်ဆောင်းပါး )
၂၀၁၀ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲမကျင်းပခင်ကတည်းက ကြံ့ဖွတ်ပါတီ အနိုင်ရပြီးသား ဖြစ်တယ်။ဒုတိယအာဏာရှင်သန်းရွှေက ရည်ရွယ်ချက်ကြီးစွာနဲ့ ကြံ့ဖွတ်အသင်းအဖြစ်စတင်။ ၂၀၁၀ရွေး ကောက်ပွဲအတွက်ပါတီတွေမှတ်ပုံတင်ချိန်ရောက်တော့ ကြံ့ဖွတ်ပါတီအဖြစ် အသွင်ပြောင်းခဲ့တယ်။ကြံ့ဖွတ် ပါတီကနေတစ်ဆင့် သန်းရွှေမက်နေတဲ့လမ်းပြ မြေပုံ စစ် တစ်ပိုင်းဒီမိုကရေစီဖော်ဆောင်ရုံတင်မက နောင်နှစ် ၁၀၀ ကြံ့ဖွတ်ပါတီ အာဏာရရှိရေးအထိ။သန်း ရွှေ က ကွမ်း လေး တမြုံ့မြုံ့ဝါးလို့ မက်ခဲ့တဲ့အိပ်မက်ဟာ အဲဒီ လို အကြီးကြီး။
၂၀၁၀ရွေးကောက်ပွဲမတိုင်ခင်ကပင် ကြံ့ဖွတ်အစိုးရကို သန်းရွှေက ဖွဲ့ပေးခဲ့တယ်။အထက်ကခိုင်းရင် ခိုင်းတဲ့အတိုင်း တသွေမတိမ်းလုပ်တတ်ပြီး ထိုးထွင်းဉာဏ်မရှိ၊ထက်ထက်မြက်မြက်လည်းမရှိတဲ့ ကြံ့ဖွတ်ဥက္က ဌသိန်းစိန်က သမ္မတ။ထက်မြက်မှုလည်းရှိ၊မာနလည်းရှိ၊စစ်တပ်မှာ ရခဲလှတဲ့ သူရဘွဲ့လည်းပိုင်ဆိုင်ပြီး ဥပ ဒေအရာ မှာ ထဲထဲဝင်ဝင်ရှိတဲ့ သူရရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဌ။၂၀၀၈အခြေခံဥပဒေအရ အထက်ဆုံး အာ ဏာရရှိထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုတော့ ဟိုကောင် ငချွတ်လေး မင်းအောင်လှိုင်။မင်းအောင်လှိုင် ဆိုတာ က စီနီယာအရ၊ပညာအရ ဘယ်လိုမှကာချုပ်မဖြစ်နိုင်ပေမဲ့ အဲဒီလို ကာချုပ်မဖြစ်နိုင်မှန်းသူ့ကိုယ်သူသိ တဲ့ လူကို ကာချုပ်ပေးလိုက်တော့ နောင်ဘဝထိတိုင် ကျေးဇူးရှင်ကြီးအဖြစ် သိမှတ်သစ္စာခံမယ်လို့ သန်းရွှေက မျှော်လင့် ခဲ့ ပုံ ရတယ်။ပြီးတော့ သိန်းစိန်နဲ့သူရရွှေမန်းက အကြောင်းကြောင်းကြောင့် ထင်ရာစိုင်းခဲ့သော် သူပြောသလို ပြီး နိုင်တဲ့ မင်းအောင်လှိုင်ကို လိုသလိုခိုင်းမယ်လို့လည်း သန်းရွှေက ရည်ရွယ်ခဲ့ပုံရတယ်။
ပြီးတော့ သန်းရွှေက အနာဂတ်လျာထားချက်က သိန်းစိန်ရဲ့သမ္မတသက်တမ်း၅နှစ်အပြီး ဒုတိယ ၅နှစ်သက်တမ်းမှာ သူရရွှေမန်းက သမ္မတလုပ်။နောက်တစ်ဆက် ၂၀၂၀ရွေးကောက်ပွဲအပြီး အစိုးရသက်တမ်း မှာ မင်းအောင်လှိုင်က သမ္မတလုပ်ဆိုပြီး သူတို့ကြံ့ဖွတ်သတင်းရပ်ကွက်နေပြီး အခိုင်အမာထွက်လာခဲ့တယ်။ အဲဒီသတင်းက သန်းရွှေရဲ့ တကယ့်လျာထားချက်ဖြစ်နိုင်သလို လတ်တလော အားလုံးစိတ်ကျေနပ်စေရေးအ တွက် အလွယ်ပြောလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ရည်မှန်းချက်ကြီးတဲ့ သူရရွှေမန်းက သူ့ကိုကျော်ပြီး တစ်နဲ့တစ်ပေါင်းနှစ်ထက်ကျော်မတွေးတတ်တဲ့ သိန်းစိန် သမ္မတဖြစ်သွားတာကို ကြိတ်မနိုင်ခဲမရဖြစ်ရတယ်။ဒါပေမဲ့ ကာချုပ်မင်းအောင်လှိုင်အောက်မှာ ကာ ကွယ်ရေးဝန်ကြီးမ လုပ်နိုင်လို့ သန်းရွှေကိုစောဒကတက်ခဲ့တဲ့ သူရမြင့်အောင်တစ်ယောက် ချက်ချင်းအကျယ် ချုပ် ဘ ဝရောက်သွား တဲ့သင်ခန်းစာက ပူပူးနွေးနွေးလေးဆိုတော့ သန်းရွှေရဲ့ တစ်ချက်စိုက်အကြည့်ကို ဘယ်ရင်ဆိုင်ဝံ့ပါ့မလဲ။
ဘာပဲဖြစ်ဖြစ် သူရရွှေမန်းဟာ ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်လာတော့ သူစိတ်ဝင်တစားဖြတ်သန်းခဲ့ဖူး တဲ့ ဥပဒေနယ်ပယ်နဲ့ တစ်ဆက်တည်းမို့ သူ့အလုပ်သူပီပြင်အောင်လုပ်ပြခဲ့တယ်။အစိုးရလုပ်ရပ်ကို စောင့်ကြည့် စစ်ဆေးတဲ့လွှတ်တော်အဖြစ်တင်မက သမ္မတအာဏာကိုပင် လွှတ်တော်ကနေ လှမ်းကိုင်တွယ်ချင်တဲ့အထိ လည်း လုပ်ပြခဲ့တယ်။ကြံ့ဖွတ်အမတ်တင်မက တခြားပါတီအမတ်တွေရဲ့ ထောက်ခံမှုရအောင်ပင် အချိန်တိုအ တွင်း စွမ်းဆောင်နိုင်ခဲ့တယ်။
တစ်ဖက်မှာ အခြေခံဥပဒေအရ သမ္မတဟာ ပါတီလုပ်ငန်းတွေနဲ့လုံးဝပတ်သက်ခွင့်မရှိလေတော့ သူရ ရွှေမန်းဟာ ကြံ့ဖွတ်ဥက္ကဌသိန်းစိန်ရဲ့နေရာကို ဆက်ခံကာ ကြံ့ဖွတ်တွဲဖက်ဥက္ကဌအဖြစ် ပါတီရဲ့အမြင့်ဆုံးအာ ဏာကို ချုပ်ကိုင်ထားနိုင်ခဲ့တယ်။အဲဒီလိုပါတီအကြီအကဲဖြစ်ခြင်းအရရော ကြံ့ဖွတ်အမတ်တွေနဲ့ လွှတ်တော် တွင်း အနေနီးနေခြင်းအရပါ ကြံ့ဖွတ်ပါတီတွင်း သူရရွှေမန်းရဲ့ ဩဇာဟာ ရိုးရိုးကြီးသိန်းစိန်ကို ဝါးဆယ်ပြန်စာ မက နောက်ကောက် ကျစေခဲ့တယ်။
သူရရွှေမန်းရဲ့သမ္မတအိပ်မက်ဟာ သူ့အတွက်သူ မက်မောခြင်းလို့သာ အများကနားလည်ကြတယ်။ စစ်ဗိုလ်ချုပ်ကြီးတို့ထုံးစံအတိုင်း အာဏာနဲ့သိုက်တူးပြီး သောက်သောက်လဲကြီးပွားခဲ့ကြတာချည်းဆိုတော့ တိုင်းပြည်အတွက်ဆိုတဲ့စကား ချေးငုံပြီးပြောတောင် ဘယ်ပြည်သူကမှ မယုံကြတာ သဘာဝကျလှတယ်။
ဒါပေမဲ့၊၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကနေ ဒေါ်အောင်ဆန်းစုကြည်လွတ်တော်ထဲရောက်လာ ပြီး သိပ်မကြာခင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်လို လူထုထောက်ခံမှုကြီးတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ် ချင်တဲ့ စိတ်ကူးယဉ်ခန်းကို သူရရွှေမန်း စမက်တော့တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးနီးရာကနေ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်စိတ် တရိပ်ရိပ် ဒီတက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာနိုင်ငံရေးနဲ့တိုင်းပြည်အတွက်ပဲတွေးပြီးတိုင်းပြည်အတွက် ဘ ဝ တစ်ခုလုံးပုံပေးထားခြင်းဟာ သူရရွှေမန်းရဲ့အနာဂတ်ကို အလင်းဓာတ်ပေးခဲ့ပုံရတယ်။
သူ့ကိုယ်သူ သမ္မတလုပ်ချင်တယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားခဲ့တယ်၊ဒီနေ့ထိတိုင် ဘယ်သူမှမ သိသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းကြိတ်ဆွေးနွေးမှုတွေ စိပ်လာတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့သူ ရရွှေမန်း သတင်းစာရှင်းလင်းပွဲအတူလုပ်တဲ့အထိ နိုင်ငံရေးအရ အပြန်အလှန်နွေးထွေးမှုရှိကြောင်း ထုတ်ဖော် ပြခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်ကောင်းဖို့ အတူပူးပေါင်းလုပ်ကြမယ်ဆိုတဲ့ အမြင်ကို သူရရွှေ မန်းက စိတ်ရောကိုယ်ပါ ထောက်ခံခဲ့တယ်။
အဲဒီမှာ ကိုယ့်အာဏာတည်မြဲရေးကလွဲ ဘာကိုမှ ထည့်မစဉ်းစားတဲ့ သိန်းစိန်ဂိုဏ်းက NLDနဲ့ ကြံ့ဖွတ် ပေါင်းသွားမှာ ရူးမတတ်ကြောက်လန့်နေပြီး သူရရွှေမန်းကို ကြံ့ဖွတ်ပါတီထဲကနေ ရိုးသားစွာ ဖယ်ထုတ်နိုင်စွမ်း လည်းမရှိတာကြောင့် ၂၀၁၅ခုနှစ်၊ဩဂုတ် ၁၂ရက်နေ့မှာ နာမည်ကျော် သန်းခေါင်ယံအာဏာသိမ်းပွဲဖြစ်ပေါ် လာခဲ့တယ်။
သန်းခေါင်ယံအာဏာသိမ်းပွဲဆိုတာ သိန်းစိန်နဲ့မင်းအောင်လှိုင်ပေါင်းကာ တရားဥပဒေမဲ့ လက်နက်နဲ့ သူရရွှေမန်းကို ကြံ့ဖွတ်တွဲဖက်ဥက္ကဌရာထူးကနေ ဖယ်ရှားလိုက်ခြင်းပါပဲ။လွှတ်တော်ဥက္ကဌ ဖြစ်နေတဲ့ သူရရွှေ မန်းကို အခုလိုဗြောင်ကျကျ လုပ်ရဲဖို့ဆိုတာ သန်းရွှေက မီးစိမ်းပြလိုက်တာကြောင့်လို့ ထင်ရပေမဲ့ ဒီနေ့ထိတိုင် ဘယ်သူကမှ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ဘာပဲဖြစ်ဖြစ်စစ်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို ဘယ်လောက်ပဲ ကုန်းအော်အော် အချိန်တန်တော့လည်း သေနတ်ကိုကောက်ကိုင်လိုက်တာပဲလို့ ပြည်သူတွေ သိခွင့်ရခဲ့တယ်။
သိန်းစိန်ဂိုဏ်းရဲ့ရည်ရွယ်ချက်က သူရရွှေမန်းကို လွှတ်တော်ဥက္ကဌအဖြစ်ကနေဖြုတ်ပြီး ပြုတ်တာနဲ့ အကြောင်းပြချက်တစ်ခုခုနဲ့ ထောင်ထဲထည့်ဖို့အထိ ရည်ရွယ်ပုံရပြီး လွှတ်တော်ဥက္ကဌရာထူးကို သေနတ်နဲ့ ခြိမ်းခြောက်ပြီးဖြုတ်မရဲတာကြောင့် ငြိမ်လိုက်ပုံရပါတယ်။
၂၀၁၅ရွေးကောက်ပွဲကျင်းပတော့ ကြံ့ဖွတ်လည်း ခေါင်းမဖော်ဝံ့အောင်ရှုံး၊သူရရွှေမန်းလည်း ရွေး ကောက်ပွဲရှုံး။ပထမအကြိမ် လွှတ်တော်ပြီးဆုံးပြီးနောက် သူရရွှေမန်းတစ်ယောက် ပြည်သူ့လွှတ်တော်ဥက္ကဌ တာ ဝန်ရောလွှတ်တော်အမတ်တာဝန်ပါပြီးဆုံးသွားချိန်မှာ ကြံ့ဖွတ်အစိုးရအာဏာက ဆက်ရှိနေပါသေးတယ်။ အဲ ဒီအချိန်မှာ သိန်းစိန်ဂိုဏ်းက သူရရွှေမန်းကို အကြောင်းတစ်ခုခုပြ ဖမ်းဆီးနိုင်ခြေရှိတာကြောင့်လို့ ထင်ရဲ့။ ဒုတိ ယအကြိမ်ပြည်သူ့လွှတ်တော်စတင်အသက်ဝင်တဲ့နေ့မှာပဲ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အ ထူး ကိစ္စ ရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် သူရရွှေမန်းကိုခန့်အပ်လိုက် တယ်။ ခန့်အပ်ခံရတဲ့ အဲဒီကော်မရှင်ဥက္ကဌနဲ့အဖွဲ့ဝင်တွေကို ပြည်သူ့လွှတ်တော်ရဲ့ သဘောတူညီချက်ယူပြီးမှ သာ ဖမ်း ဆီးခွင့်ရှိမယ်လို့လည်း ပြဌာန်းခဲ့တယ်။
လုပ်ထုံးလုပ်နည်းအရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဖွဲ့စည်းအတည်ပြုပြီးမှသာ ပြည် ထောင်စုလွှတ်တော်ကို ဖွဲ့စည်းကြရပါတယ်။ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်စတင်အသက်ဝင်တဲ့နေ့ မှာပဲ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စ ရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မ ရှင်ကိုဖျက်သိမ်းပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စ ရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မ ရှင်(အထူးကော်မရှင်)ကို ဖွဲ့စည်းလိုက်ပြန်ကာ သူရရွှေမန်းကို ပြည်ထောင်စုလွှတ် တော်ရဲ့ အထူးကော်မရှင်ဥက္ကဌ ခန့်အပ်လိုက်ပြန်ပါတယ်။
တကယ့်တကယ်ဖွဲ့စည်းချင်တာက ပြည်ထောင်စုလွှတ်တော်အထူးကော်မရှင်ကိုပါ။ဒါပေမဲ့ ပြည် ထောင်စုလွှတ်တော်အထူးကော်မရှင်ဆိုရင် ချက်ချင်းမဖွဲ့နိုင်ဘဲ အထက်မှာ ဆိုခဲ့သလို လွှတ်တော်နှစ်ရပ်ဖွဲ့ စည်းပြီးမှ ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းရတာမို့ ပထမအကြိမ်လွှတ်တော်ပြီးဆုံးခြင်းနဲ့ ဒုတိယအကြိမ်ပြည် ထောင်စုလွှတ်တော်ဖွဲ့စည်းခြင်းကြားမှာ အချိန်တစ်ခုဟနေပါတယ်။အဲဒီဟနေတဲ့အချိန်မှာ သူရရွှေမန်းဟာ ဖမ်းချင်ရင်ဖမ်းလို့ရတဲ့ သာမန်ပြည်သူသာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူ့လွှတ်တော်အထူးကော်မရှင်ကိုဖွဲ့ပြီး ဖမ်းလို့မရအောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မဟာမိတ်ကို အကာအကွယ်ပေးလိုက်ခြင်းဖြစ်ပါတယ်။
သူရရွှေမန်းဟာ အထူးကော်မရှင်ဥက္ကဌ တာဝန်ယူထားစဉ်ကာလမှာ ပြုသင့်ပြုထိုက်တဲ့ဥပဒေရေးရာ တွေကို အကောင်းဆုံး အကြံပေးနိုင်ခဲ့သလို သိန်းစိန်ဂိုဏ်းနဲ့လည်း သံမဏ်လမ်းခွဲ ခွဲကာ ကြံ့ဖွတ်ရဲ့အပြင်ဘက် ကိုရောက်ခဲ့တယ်။
သူရရွှေမန်းအုပ်စုက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို တည်ထောင်ကာ ၂၀၂၀ရွေးကောက်ပွဲ ဝင်ရေးလက်သီးလက်မောင်းတန်းခဲ့ကြတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့တောက်လျှောက်ဆိုသလို ကောင်းခဲ့တဲ့ ဆက်ဆံရေးဟာ အထူးကော်မရှင်ကိုဖျက်သိမ်းပြီးနောက် နိတ္ထိတန်ခဲ့ပုံရတယ်။
အားလုံးသိကြတဲ့အတိုင်း ၂၀၂၀ရွေးကောက်ပွဲမှာ သူ့ပါတီ တစ်နေရာမှမနိုင်တဲ့အထိ အရှုံးကြီးရှုံးခဲ့ တယ်။NLDအစိုးရရဲ့ ဒုတိယသက်တမ်းမှာ သူ့အတွက်နေရာ လုံးဝမရှိတော့ဘူးဆိုတာလည်း နားလည်ပုံရ တယ်။လူထုထောက်ခံမှုအားနဲ့ သမ္မတမပြောနဲ့၊အရေးကြီးတဲ့အာဏာတစ်နေရာရဖို့တောင် မလွယ်ကူမှန်း သူ ရရွှေမန်းကောင်းကောင်းသိသွားခဲ့ပုံလည်းရတယ်။
အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ မင်းအောင်လှိုင်က ရန်သူစာရင်းသွင်းခဲ့တဲ့ သူရရွှေမန်းကို မဖမ်း တာ ကံကောင်းတယ်လို့ဆိုရပါမယ်။သူ့ကိုမဖမ်းရအောင်လည်း တစ်ယောက်ယောက်က ကြားဝင်ညှိနှိုင်းပေးခဲ့ တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အာဏာသိမ်းလိုက်တဲ့အချိန်မှာ တစ်တိုင်းပြည်လုံးက ပြည်သူတွေ မီးဟုန်းဟုန်းတောက်ခဲ့ကြပေမဲ့ သူရရွှေမန်းနဲ့ သူ့ပါတီကတော့ သူတို့နဲ့ဘာမှမဆိုင်သလို တုပ်တုပ်မျှ မလှုပ်ခဲ့ပါဘူး။ဘာ့ကြောင့်မလှုပ်ခဲ့တာလဲ ဆိုတော့ သူတို့အားလုံးမှာ ပြည်သူလို နာနာကျင်ကျင်မခံစားတတ်ကြတဲ့ ရေပေါ်ဆီ ခါတော်မှီနိုင်ငံရေးသမား တွေ ဖြစ်ကြတာကြောင့်ပါပဲ။
ရေပေါ်ဆီဆိုတာက ပြည်သူတွေရဲ့ ဝေဒနာကိုထိသိခံစားတတ်ပြီး ပြည်သူကြားကနေပေါက်ဖွားလာ သူမဟုတ်ခြင်းဖြစ်ပြီး ခါတော်မှီဆိုတာက ၂၀၁၀ရွေးကောက်ပွဲကျမှ သန်းရွှေရဲ့လိုအင်အရ ယူနီဖောင်းချွတ်ပြီး ခေါင်းပေါင်းကောက်စွပ်ခြင်းကို ဆိုလိုတာပါ။ပြောရရင် သူရရွှေမန်းနဲ့သိန်းစိန်အပါအဝင် ခေါင်းပေါင်းစွပ်လိုက် တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ သန်းရွှေခိုင်းလို့ ခါတော်မှီနိုင်ငံရေးသမား ဖြစ်လာကြသူတွေချည်းပါပဲ။ဒါ့ ကြောင့် တကယ့်နိုင်ငံရေးသမားတွေလို တက်ကြွလှုပ်ရှားသူတွေလို ထောင်ထဲဝင်ရဲတာမျိုး အာဏာသိမ်းမှု ဆန့်ကျင်ရေးတစ်စုံတစ်ရာဆောင်ရွက်တာမျိုးလုံးဝမရှိတဲ့သူပုန်စိတ်မရှိတဲ့သူပါ။ဒါကို သွေးဆုံးနေတဲ့နိုင်ငံရေး သမားတွေလို့ ပြောရင်လည်းမှန်ပါတယ်။ကုန်ကုန်ပြောရရင် ခေါင်းပေါင်းစွပ်လိုက်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့အကျိုးစီးပွားကိုအထိ ခိုက်ခံပြီး ပြည်သူအတွက် ဘာဆိုဘာမှမလုပ်ရဲကြပါဘူး။
ဒါပေမဲ့၊မင်းအောင်လှိုင်ရဲ့အသုံးချခံအဖြစ်မခံဘဲ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်း လိုက်တာကတော့ ၂၀၂၃ရွေးကောက်ပွဲ ဝင်ဖို့ စိုင်းပြင်းနေတဲ့ ကိုကိုကြီး ထက်အများကြီးသာတာအမှန်ပါပဲ။သူ ရရွှေမန်းဟာကျန်းမာရေးနဲ့အသက်အရွယ်ကြောင့် အကြောင်းပြချက်နဲ့ မကြာသေးခင်က ပြည်ထောင်စု ကောင်း ကျိုးဆောင်ပါတီကို ဖျက်သိမ်းကာ သူ့နိုင်ငံရေးသူ အဆုံးစီရင်လိုက်ပါတယ်။အဆုံးမစီရင်ခဲ့ရင်လည်း သူ့ရဲ့အခန်းကဏ္ဍဟာ ဘယ်နေ ရာမှာမှ မရှိတော့တာ သူ့ကိုယ်သူ သိပုံပါပဲ။
အငြိမ်းစားဗိုလ်ချုပ်ဟောင်းတွေရဲ့ ထုံးစံအတိုင်း သူ့ရဲ့နေဝင်ချိန်ကို ဂေါက်လေးရိုက်လိုက်၊စိတ်ပုတီး တဂျောက်ဂျောက်စိပ်လိုက်နဲ့သက်ပြင်းတွေတွင်တွင်ချနေမယ်လို့ ထင်ပါတယ်။