By MPA / လွှမ်းရုံ [ အတွေးအမြင်]
ပါရီရောက်မှ ပန်းချီဆရာဖြစ်မယ်ဆိုတဲ့စကား တစ်ချိန်ကကျော်ကြားခဲ့သလို ရန်ကုန်ရောက်မှ ကဗျာဆရာဖြစ် မယ်လို့ သူထင်ခဲ့တယ်။၁၉၉၈ခုနှစ်၊မုံရွာမြို့က ကိုသန်းထွန်းစကူးလ်ကနေ ရန်ကုန်မှာ ကော်ပီသီချင်းရေးမယ်၊ ကဗျာဆရာလုပ်မယ်။အဲဒီတုန်းက နာမည်ကျော်လေထန်ကုန်းလက်ဖက်ရည်ဆိုင်မှာ မိန့်မိန့်ကြီးထိုင်မယ်ပေါ့။
ကိုသန်းထွန်းစကူးလ်ကနေထွက်လာပြီး ရန်ကုန်မှာ ကော်ပီသီချင်းရေးဆရာအဖြစ် အောင်မြင်နေတဲ့ ကေအေတီ(ကဗျာဆရာကျော်အောင်သစ်/ကွယ်လွန်)ရှိတယ်။ကိုသန်းထွန်းဆီကနေ ထောက်ခံချက်ပါတယ်။ သူရေးထားတဲ့ကော်ပီသီချင်းတွေလည်း ပါလာတယ်။သူ့အမေဝယ်ထားပေးတဲ့ စက်ဘီးကိုရောင်းပြီး ရန်ကုန် တက်ခဲ့တယ်။
ဗဟန်း၃လမ်းနားကဘုန်းကြီးကျောင်းမှာနေ၊လက်ထဲမှာ ငွေယားလေးရှိနေတော့ ရန်ကုန်ရဲ့ညနေခင်း တွေကို သောက်တတ်ခါစ ဘီယာနဲ့ အရသာခံ၊အောင်မြင်မှ မုံရွာပြန်မယ် စိတ်ကူးတွေဘာတွေယဉ်လို့။ငွေက ခမ်းစပြုလာတော့ လူလိုမခိုင်းတဲ့ စက်ရုံတစ်ရုံထဲ အလုပ်သမားအဖြစ်ရောက်လာတယ်။ကျနော်က အဲဒီစက်ရုံ မှာ အလုပ်သမားခေါင်း။မုံရွာသား၊ကဗျာရေးတယ်ကြားလို့ မေးကြည့်တော့ ကိုသန်းထွန်းစကူးလ်က။ကျနော် က ကိုသန်းထွန်းနဲ့ ထောင်ထဲ အတူနေခဲ့ဖူးသူမို့ အလွယ်တကူပဲ ဘော်ဒါဖြစ်သွားတယ်။အဲဒီတုန်းက သူ ကြည်ဇော်အေးမဖြစ်သေး၊တခြား ကလောင်တစ်ခုနဲ့ မြှားနတ်မောင်မဂ္ဂဇင်းမှာ ကဗျာ၂ပုဒ်လား ပါဖူးသူ။ ကျနော်က ရုပ်ရှင်တေးကဗျာမှာ လွှမ်းရုံ ကလောင်နဲ့ ၂ပုဒ်။အဲဒီတုန်းက ရိုးသားတက်ကြွတဲ့တောကျောင်း ဆရာတစ်ယောက်အသွင်နဲ့ မုံရွာက သူ့ကို အဲ ဒီလို မွေးဖွားပေးခဲ့တဲ့ပုံ။
လူလိုမခိုင်းတဲ့စက်ရုံမှာ သူ၁၅ရက်လောက်ပဲကြာမယ်ထင်တယ်။သူ့ကော်ပီသီချင်းကိစ္စကလည်း ချက် ချင်းလက်ငင်းအဆင်မပြေ။မုံရွာကို ခေါင်းငိုက်စိုက်ချပြန်သွားရတယ်။ဟိုမှာ ဘဏ်စာရေးတွေဘာတွေလုပ် လိုက်သေးတယ်။ဒါပေမဲ့ ရန်ကုန်မှာနေ ကဗျာရေးမယ်ဆိုတဲ့စိတ်က တောမီးလိုငြှိမ်းရခက်နေလေတော့ သူ့နှ လုံးသားသူ ကျစ်ကျစ်ပါဆုပ်လို့၊နောက်တစ်ခေါက် ရန်ကုန်။
ဒီတစ်ခေါက်ကတော့ လာကတည်းကအလုပ်နဲ့အကိုင်နဲ့။သူ့မုံရွာကကျောင်းဆရာမရဲ့အချိတ်အဆက်၊ ရွှေတောင်ကြားက အိမ်မှာ အိမ်စောင့်။အိမ်ပိုင်ရှင် သူ့ဆရာမသူငယ်ချင်းတွေက နိုင်ငံခြားကိုအပြီးပြောင်းသွား တာမို့ နှစ်အတန်ကြာပြန်လာဖို့လည်းမရှိ။ခြံကလည်းအကျယ်ကြီး၊ကိမ်ကလည်း အကြီးကြီး။ဩဇာလာပေး မယ့်သူ တစ်ယောက်မှမရှိ။ရွှေတောင်ကြားမှာ လစာလည်းရပြီး စိတ်ကြိုက်သာနေ။အဲဒီအချိန်မှာ သူက ကြည် ဇော်အေးကလောင်ကို စကိုင်နေပြီ။
အဲဒီရွှေတောင်ကြားကနေ ကြည်ဇော်အေးဖြစ်လာတယ်။သူ့ရဲ့အများကြိုက်ကဗျာ ‘ငါ့နာမည်ဂုဏ်သ ရေရှိ’ဆိုတဲ့ကဗျာ အဲဒီရွှေတောင်ကြားမှာ တခမ်းတနားနေပြီး ရခဲ့တယ်။ငါ့နာမည်ဂုဏ်သရေရှိစွာနဲ့ သူထိုင်ဖူး ချင်တယ်ဆိုတဲ့ လေထန်ကုန်းမှာ ဂုဏ်သရေရှိစွာထိုင်ခွင့်ရခဲ့တယ်။
ရန်ကုန်ရောက်လာတဲ့ နယ်က ကဗျာဆရာတွေ အိပ်စရာမရှိမှာမပူရ။အိပ်စရာမရှိရင် ရွှေတောင်ကြား အိမ် ကြည်ဇော်အေးနဲ့ လိုက်သွား။ရွှေတောင်ကြားမှာတခမ်းတနားနေထိုင်ကာ ဖြစ်သလိုစား ဖြစ်သလိုသောက် ပြီး မူးလာရင် စိတ်ထဲရှိသလို အော်ဟစ်ကြ။ကြည်ဇော်အေးမျက်နှာကလွဲ ဘယ်သူ့မျက်နှာကိုမှ ကြည့်ဖို့မလိုတဲ့ ရွှေတောင်ကြားဆိုတော့ အမြဲနေ ကဗျာဆရာ၃ယောက်လောက်။နေလိုက်ပြန်သွားလိုက် တွေက အထပ် လိုက်။အဲဒီရွှေတောင်ကြားကြောင့်ပဲ ကြည်ဇော်အေးလည်း ထင်ရှားလာခဲ့တယ်။
‘အဲဒီတုန်းက ခင်ဗျားတို့နဲ့ ပြန်မဆုံတာနာတယ်ဗျာ’တဲ့။ကျနော်ရယ် အောင်မိုး(ကဗျာဆရာ၊စာရေး ဆရာ)ရယ်သူရယ် မောင်အေးဘီအီးဆိုင်မှာ ထိုင်တိုင်း မကြာခဏဆိုသလို ကြည်ဇော်အေးပြောလေ့ရှိတယ်။ မောင်အေးဆိုင်က လှည်းတန်း၊ဆင်ရေတွင်းမှတ်တိုင်နားက အရက်သမားတို့အကြိုက် ဘီအီးကောင်းကောင်း ရတဲ့ဆိုင်။အင်းစိန်လမ်းမနဲ့ ဗဟိုလမ်းကြား ရပ်ကွက်။ကျနော်ရယ်ကိုအောင်မိုးရယ်ကိုဇော်ဇော်(အယ်ဒီတာ) ရယ်က အဲဒီရပ်ကွက်မှာ စာအုပ်အဌားဆိုင်ဖွင့်နေချိန် သေသွားတာကြာပြီဖြစ်တဲ့ မုံရွာသား ညီညီနိုင်(ကဗျာဆ ရာဆူးဖြူ)ကနေ အစအနရပြီး ကြည်ဇော်အေးနဲ့ ပြန်တွေ့။ဆံပင်ဖားလျားနဲ့ အရင်ကလို လည်ကတုံးအဖြူ မ ဝတ်တော့တဲ့ ကြည်ဇော်အေး။
ကျနော်နဲ့ပြန်တွေ့ချိန်မှာ ရွှေတောင်ကြားကနေ လွင့်လာခဲ့ပြီမို့ ရန်ကုန်မှာ ကျောတစ်ခင်းစာအတွက် ဗျာများနေရချိန်။ဘာအလုပ်မှမရှိ ကဗျာစာမူခပဲရှိတာမို့ အဆောင်တွေဘာတွေမဌားနိုင်။ကြုံသလို ကြုံတဲ့သူ နဲ့ လိုက်နေ၊နေ့ခင်းဆိုရင် ကျနော်တို့စာအုပ်ဆိုင်မှာ လာထိုင်။ည၇နာရီလောက်ဆို မောင်အေးဘိ။အဲဒီတုန်းက ကျနော်၊အောင်မိုး၊ကိုဇော်ထက်(ကဗျာဆရာလွင်ထက်လှိုင်)၊ကဗျာဆရာဟိန်းထိုက်ဈာန်။မောင်အေးဘိမှာသူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေ၊အငြင်းအခုံတွေနဲ့။
‘ရန်ကုန်မှာ ထမင်းစားဖို့က မပူရဘူး။နေဖို့သာ ပြဿနာ’တဲ့။လှည်းတန်းမှာ တစ်ညအိပ်လိုက်၊နောက် ရက်တွေ ဒဂုံတောင်ရောက်လိုက်၊မှော်ဘီရောက်လိုက်နဲ့။ဒါပေမဲ့၊ကြည်ဇော်အေးက ရန်ကုန်မှာပဲ ပျော်တယ်တဲ့။
သူက သူ့ဒုက္ခတွေကို သူများအပေါ် မသိချင်ယောင်ဆောင် ပစ်မတင်တတ်သူ။သူများအငြိုအငြင်ခံပြီး တော့လည်း မနေတတ်သူမို့ သူ့အတွက်လွတ်လွတ်လပ်လပ် ကျောတစ်ခင်းစာက ပြဿနာ။တစ်ခါက ကဗျာ ကိုယ်တော်တွေက လာနေလှည့်ဆိုလို့ ကမ္ဘာအေးနားက ဘုန်းကြီးကျောင်းမှာ သွားနေတယ်။ဦးဇင်းတွေက ဘောလုံးဂျာနယ်နဲ့ ဟိုစာအုပ်ဒီစာအုပ်လည်းကြိုက်လို့ ကြည်ဇော်အေးခမျာ ဦးဇင်းတွေကို မျက်နှာလုပ်ဖို့ လေ ထန်ကုန်းရောက်ရင် ဘောလုံးဂျာနယ်တွေဘာတွေ လိုက်ဖန်ရတယ်။
‘ဘိရှော့တွေက မနိုင်ဘူးဗျာ။ကျနော့်မှာ နေ့စဉ် ဂျာနယ်လေးလောက် ပါသွားမှ’လို့ ရယ်ရယ်မောမော နဲ့ ပြောတတ်တယ်။
ရန်ကုန်မှာနေဖို့ထိုင်ဖို့ ဘယ်လိုမှ အခြေအနေမကောင်းတော့ရင် မုံရွာခဏပြန်တယ်။မုံရွာကနေ ရန်ကုန်မှာနေစရာတစ်နေရာ လှမ်းချက်၊ရပြီဆိုတာနဲ့ ရန်ကုန်ကိုချက်ချင်းပြန်လာ။ရန်ကုန်မှာ ကြည်ဇော်အေး ပျော်တယ်။ကဗျာဆရာတိုင်းသွားထိုင်လို့မရတဲ့ကိုလှသန်းဝိုင်းမှာ သူကပင်တိုင်။နောက်ပိုင်း အောင်မိုး။ကျနော် ကတော့ သူတို့လို မသောက်နိုင်သူမို့ ရှားရှားပါးပါး။သမ္မတကမ်းခြေနဲ့ ကမ်းနားဈေးနားက မွန်မဆိုင်။ကိုလှ သန်းက သူ့ကိုညီတစ်ယောက်လိုချစ်တယ်။သူတတ်နိုင်သမျှ စောင့်ရှောက်တယ်။သူလို သူပုန်စိတ်ပြင်းတဲ့ က ဗျာဆရာအဖြစ်လည်း စိတ်တိုင်းကျပုံရတယ်။
ရန်ကုန်မှာ ကြည်ဇော်အေးနောက်ဆုံးနေသွားတာက ယုဇနဥယျာဉ်မြို့တော်။သူ့ညီငယ်ကဗျာဆရာ တစ်ယာက်က သူမနေသေးတဲ့တိုက်ခန်းမှာ ပေးနေထားတာ။ပါကေးတွေဘာတွေခင်းထားတဲ့ တောက် တောက်ပြောင်ပြောင်တိုက်ခန်းမှာ ကြည်ဇော်အေးတစ်ပွေတည်း။
တချို့ရက်တွေမှာ ရန်ကုန်မြို့ထဲလာဖို့ ကားခကလွဲ တစ်ပြားမှမရှိပေမဲ့ ပြဿနာမရှိ။မြို့ထဲရောက်လို့ အခြေအနေမကောင်းရင် ကျနော့်ဆီလာမလား၊ကိုဇော်ထက်ဆီသွားမလား။ညနေမှာ ကိုလှသန်းဝိုင်း။ငြီးငွေ့ လာရင် အောင်မိုးနဲ့အတူချီတက်။
‘ကျနော်က ရန်ကုန်မှာလို ပြေးပြေးလွှားလွှား နေရတာကိုကြိုက်တာ’တဲ့။၂၀၁၁လောက်ထင်တယ်။ယု ဇနခံတပ်ပြိုလို့ မုံရွာပြန်သွားပြီးတဲ့နောက် ကျနော့်ကို ပြောခဲ့ဖူးတယ်။ပြေးပြေးလွှားလွှားဆိုတာက အိတ်ကတ် ထဲတစ်ပြားမှမရှိတော့လို့ ကဗျာပေးတာနဲ့စာမူခတစ်ခါတည်းရှင်းပေးမှ အယ်ဒီတာကို အမိလိုက်ဖမ်းရတာမျိုး အဆင်မပြေမှုတွေနဲ့ စာပေလောကထဲ ပြေးလွှားနေရတဲ့ အရသာ။
မုံရွာက သူ့အမေအိမ်မှာ နေဖို့နဲ့စားဖို့ အငြိမ်၊ဒါပေမဲ သူမပျော်။ဘာ့ကြောင့်သူ့မပျာ်တာလဲဆိုတော့ မုံရွာမှာ ကြည်ဇော်အေးအဖြစ်နဲ့သူ့ကိုသိပြီး ကြည်ဇော်အေးကို ဆက်ဆံမယ့်သူ အနည်းငယ်လောက်သာရှိတာ ကြောင့် လို့ ထင်မိ၊ အဲဒါက ကျနော့်အမြင်။သူ့ဇာတိမုံရွာအသိုင်းအဝိုင်းက ကြည်ဇော်အေးနဲ့သူ့ကဗျာကို မသိ ကြတော့ အခုချိန်ထိ အလုပ်မရှိအကိုင်မရှိ ဝေလေလေပဲလို့ ထင်မှတ်ဆက်ဆံကြတဲ့ပုံ။ပြီးတော့ ကြည်ဇော် အေးမှာက မုံရွာခံစားမှု၊အညာခံစားမှု ပါးပါး။သူကကဗျာဆရာကနေ တစ်ပြားမှ မလျှော့သူမို့ ကဗျာဆရာ ကြည်ဇော်အေးအဖြစ် ဆက်ဆံတဲ့ ရန်ကုန်သည်သာ သူ့ကမ္ဘာ။သူ့မှတ်ပုံတင်နာမည်ကို တစ်ခွန်းမဟတဲ့အ ထိ ကြည်ဇော်အေးဆိုတဲ့နာမည်ကို သူစွဲလန်းခဲ့တယ်။
ဒါပေမဲ့၊ရန်ကုန်မှာ ကိုလှသန်းလည်းမရှိ၊ရေးစရာမဂ္ဂဇင်းတွေလည်း အရင်လိုမရှိ။သူပြေးလွှားခဲ့တဲ့ စာ ပေလောကကြီးပင် ယိုင်တိယိုင်တိုင်။လေထန်ကုန်းမရှိ၊လပြည့်ဝန်းဆိုတာလည်း ရှိတယ်ဆိုရုံ မရှိ။သမ္မတကမ်း ခြေဆိုတာလည်း အစအနပင်မရှိတော့။အဆိုးဆုံးအခြေအနေက ရန်ကုန်မှာ လွတ်လပ်စွာ နေစရာတစ်နေရာ မရှိတော့တာပါပဲ။
ဆိုတော့၊မပျော်တဲ့ မုံရွာမှာပဲ မနေချင်လည်း သူဆက်နေရတယ်။မုံရွာမှာ မပျော်တော့ ဖေ့စ်ဘွတ်ခ် ပေါ် တက်လာတယ်။ဖေ့စ်ဘွတ်ဆိုတာ ရန်ကုန်စာပေလောကထက် ပိုကျယ်ပြန့်စွာ ကြည်ဇော်အေးအဖြစ် သူ့ကို သိမှတ်ကြလေတော့ ဖေ့စ်ဘွတ်ခ်ပေါ် သူပျော်ခဲ့ပုံရတယ်။ သူ့စတိုင်အတိုင်း မထီမဲ့မြင်၊ထင်ရာမြင်ရာ၊ ဗရမ်းဗတာ ဖေ့စ်ဘွတ်ပေါ် က သူ့အရေးအသားတွေကိုလည်း ကြိုက်ကြပုံရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်မှာ နေချင်တဲ့ ချဉ်ခြင်းကတော့ အရသာပြယ်ဟန်မတူ။တစ်ယောက် ယောက်ကရန်ကုန်လိုက်မလားဆိုရင် ကောက်ကာငင်ကာ။ရန်ကုန်မှာ ခဏတဖြုတ် ရသလောက်နေဖို့ရာ သူ့အိမ်သူ့ယာပမာ။ရန်ကုန်ရောက်လာရင် ကြည်ဇော်အေးဟာ တိုက်ငါးလေးတစ်ကောင်ပမာ။
တလောက ကြည်ဇော်အေး ရန်ကုန်ရောက်လာတာ တွေ့လိုက်တယ်။ပန်းချီပြပွဲတွေ သူလျှောက် သွားတယ်။ပန်းဆိုးတန်းကိုသူငေးမောခဲ့တယ်။လက်ဖက်ပုစွန်နဲ့ ဘီယာတစ်ခွက် သူ့ဖေ့စ်ဘွတ်ပေါ်မှာတွေ့ရ တော့ ကျနော်တို့ထိုင်ခဲ့ဖူးတဲ့ ဆူးလေမှတ်တိုင်နောက်က ဆိုင်များလားလို့ တွေးလိုက်မိတယ်။ရန်ကုန်ရောက် ရင် အောင်မိုးနဲ့တွေ့မယ်။အောင်မိုးနဲ့ကြည်ဇော်အေးတွေ့ရင် သူတို့နားမှာမရှိတဲ့ ကျနော့်အတင်းပြောပြီး ခပ် သောသောရယ်ကြမှာလည်းသေချာတယ်။
ဒီနေ့မနက်(အောက်တိုဘာ၃ရက်)ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်ရင်ပဲ လူနာတင်တွန်းလှည်းပေါ်မှာ ခြေ ပစ် လက်ပစ်၊အောက်ဆီဂျင်ပိုက်နှာခေါင်းမှာတပ်လို့ ကြည်ဇော်အေး ဦးနှောက်သွေးကြောပေါက်သွားပြီတဲ့။ပြီး တော့ သိပ်မကြာ ၈နာရီ၁၅မိနစ်မှာ ကွယ်လွန်။သေသွားတာ သိပ်မြန်လွန်းပေမဲ့ မမြန်အောင် ဘယ်သူကမှ ဆွဲထားလို့မှမရဘဲ။
သေတယ်ဆိုတာ နောက်တစ်ခါ ဘယ်တော့မှ ဘယ်လိုအ ကြောင်းနဲ့မှ ပြန်မတွေ့တော့ တာလို့ ကျ နော်နားလည်မိတယ်။ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်မှာ ကဗျာဆရာကြည်ဇော်အေးအဖြစ်နဲ့ သေရတာ သူကျေနပ် မယ် လို့ ကျနော်ယုံကြည်တယ်။
သူနေချင်တဲ့ရန်ကုန်မှာ သေရောသေချင်ရဲ့လား ကျနော် မေးကြည့်ခဲ့ဖူးဖို့ ကောင်းတယ်။