By MPA / မြတ်နိုးသူရ [ Analysis ဆောင်းပါး ]
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ အပေါင်းအပါများသည် လည်ပင်းတွင် ကြိုးကွင်းစွပ်နေသည့် အခြေအနေဖြစ်သော်လည်း ၎င်းတို့၏ ရက်စက်ယုတ်မာမှုများကို တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာပြည်သူတို့၏ ယုံကြည်မှုကို လုံးဝမရတော့သည့် အနေအထားမှာပင် လူ့အခွင့်အရေးနှင့် တရားဥပဒေကိုချိုးဖောက်ပြီး ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများနှင့် ရွေးကောက်ခံခေါင်းဆောင်များကို ကွပ်မျက်စီရင်ခဲ့သည်။
ယင်းသည် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဆိုသည့် တရားစွဲမှုကို အကြမ်းဖက်စစ်ကောင်စီဘက်ကကန့်ကွက်ခဲ့ရာ ICJ (အပြည်ပြည်ဆိုင်ရာတရားရုံး) အနေဖြင့် ယင်းကန့်ကွက်ချက်ကို ပယ်ချလိုက်ပြီးနောက် ထွက်ပေါ်လာသည့် ဖြစ်ရပ်လည်းဖြစ်သည်။ ဇူလိုင် ၂၂ ရက်နေ့တွင် ICJ က ယင်းသို့ဆုံးဖြတ်ပြီးနောက် ဇူလိုင် ၂၃ ရက်နေ့ ကတည်းက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်စီရင်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ တရားဝင်အသိပေးခြင်းအနေဖြင့် ဇူလိုင် ၂၅ ရက်နေ့က ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများမှ တဆင့် အသိပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ဝိဝါဒကွဲလွဲမှုများ ရှိခဲ့သည်။
လက်ရှိတွင် ၎င်းတို့အပေါ် နိုင်ငံတကာနှင့် အဖွဲ့အစည်းများက ယုံကြည်မှုအားနည်းလာခြင်းကို အရှင်းသားတွေ့မြင်နေရသည်။ စစ်ကောင်စီ၏ လက်အောက်ခံတပ်ဖွဲ့များသည် မြန်မာနိုင်ငံတဝန်းတွင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်နေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိထား၍ ထိုသို့ ဆက်လက်မလုပ်ဆောင်ရန်နှင့် ပြည်သူများ၏ဆန္ဒများကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းခြင်းများ ရှိခဲ့သော်လည်း ၂၁ ရာစုတွင် ဖြစ်တောင့်ဖြစ်ခဲကိစ္စရပ်တစ်ခုဖြစ်သည့် အကျဉ်းသားများ ကွပ်မျက်မှုကို မြန်မာစစ်အာဏာရှင်များက ပြုလုပ်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က “ စစ်အာဏာရှင်အဖွဲ့၏ ဟန်ပြတရားစီရင်မှုများနှင့် ယခုကွပ်မျက်မှုများသည် ဒီမိုကရေစီ ဆိတ်သုဉ်းစေရန် ဗြောင်ကျကျကြိုးပမ်းမှုများဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်မှုများဖြင့် ရဲရင့်သော မြန်မာပြည်သူများ၏ စိတ်ဓာတ်ကို မည်သည့်အခါမှ ချိုးနှိမ်နိုင်မည် မဟုတ်ပါ ” ဟုပင် အသိပေးထားသည်။
အာဆီယံဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အကျဉ်းသားများ ကွပ်မျက်ခြင်းနှင့် ပတ်သက်၍ မေတ္တာရပ်ခံမှုများရှိခဲ့သော်လည်း ယခုလို ဆုံးဖြတ်ချက်များပြုလုပ်ခဲ့သည့်အတွက် အလွန်စိတ်ပျက်ခဲ့ရကြောင်း အသိပေးမှုများရှိလာခဲ့သည်။ အဓိကအဖြစ် မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကိုပင် မြန်မာစစ်တပ်က ပူးပေါင်းမလာခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်သည် လက်ရှိအချိန်ထိ အကောင်အထည်မပေါ်လာခြင်းက သက်သေပင်ဖြစ်သည်။
အာဆီယံသည် မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ဖြေရှင်းရာတွင် အတော်လေး ပျော့ပြောင်းခဲ့သည်။ စစ်အုပ်စုသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ပြောင်ပြောင်တင်းတင်း ဂရုမစိုက်ဘဲ လုပ်ချင်ရာကို ဆက်လက်လုပ်ဆောင်နေသည့်ဟန်ဖြင့် တူနေသည်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ ပရတ်ဆော့ခွန်းသည် ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံကို နှစ်ကြိမ်လာရောက်ပြီး စစ်ကောင်စီဘက်မှ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း ထူးခြားမှုလုံးဝမရှိခဲ့ပေ။
ထို့ကြောင့်လည်း အာဆီယံအထူးသံ ပရတ်ဆော့ခွန်းက မြန်မာပြည်မှ စုတ်တသပ်သပ်နှင့် ပြန်လည်ထွက်ခွာခဲ့ရပြီး “ မြန်မာ့အကျပ်အတည်းကို ကုစားရန် ဆေးစွမ်းကောင်းမရှိတော့ပြီ ”ဟု မှတ်ချက်ပေးခဲ့သည်။ မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံ၏ ကိုင်တွယ်ပုံ ပျော့ပြောင်းမှုများကြောင့် ဝေဖန်မှုများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ကွပ်မျက်သတ်ဖြတ်မှုများ ပြုလုပ်ပြလိုက်သည့်အတွက် အခြေအနေများ ပိုမိုရှုပ်ထွေး ဆိုးရွားခဲ့ရသည်။ မြန်မာလူထု၏ ဒေါသများသည် အသွေးအသားထဲမှ ရုန်းကြွလာခဲ့ပြီး စစ်ကောင်စီကို ပိုမို နာကျည်းစက်ဆုပ်သွားခဲ့သည်။
မြန်မာစစ်တပ်သည် အာဆီယံ၏ ပြောစကားများကို နားလည်နိုင်စွမ်း မရှိသလို နိုင်ငံတကာ၏ သတိပေးမှုတွေကိုလည်း ဂရုမစိုက်၊ ပြည်သူလူထုအပေါ် ဗြောင်ကျကျ ရက်စက်ယုတ်မာနေဆဲဖြစ်သည်။ သို့သော်လည်း ဖိရင်ကြွ၊ ထိရင်ချမည်ဆိုသော စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် မြန်မာပြည်သူများ၏ စိတ်ဓာတ်ကြောင့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၎င်းတို့ထင်ထားသည်ထက် မလွယ်ကူခဲ့ပေ။
ယခုတွင် အာဆီယံဘက်ကလည်း မြန်မာ့အကျပ်အတည်းကို အတူတကွပါဝင်ဖြေရှင်းရာတွင် အာဏာသိမ်းစစ်တပ်အပေါ် တော်တော်လေး သံသယရှိနေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို အာဆီယံက ဦးဆောင်ကျင်းပသည့် အစည်းအဝေးပွဲတိုင်း မတက်ရောက်ရန် ဆက်လက်ပိတ်ပင်ကာ ဒဏ်ခတ်ခဲ့သည်။
ယုံကြည်မှုနှင့် နိုင်ငံရေးဆန္ဒမရှိမှုများကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် အတားအဆီးဖြစ်နေရသည့်အတွက် အာဆီယံအထူးသံပရတ်ဆော့ခွန်းက မြန်မာ့အရေးသည်
“ စူပါမင်းတောင်ဖြေရှင်းနိုင်မယ် မထင်ဘူး ” ဆိုသည့် မှတ်ချက်မျိုးကိုပင် ထုတ်ဖော်အသိပေးရသည်အထိ ဖြစ်ခဲ့ရသည်။ သေချာခဲ့သည်မှာ ဖနွမ်းပင်တွင် ကျင်းပခဲ့သည့် (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြီးဆုံးပြီးနောက်ပိုင်း ထွက်လာသည့် စကားသံများအရ အာဆီယံသည် မြန်မာစစ်တပ်အပေါ်တွင် တော်တော်လေး စိတ်ပျက်နေပြီဆိုသည်မှာ ပေါ်လွင်လှသည်။
ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီလုပ်ရပ်များအား ရပ်တန့်ရန်နှင့် မြန်မာလူထုက တင်မြှောက်ထားသည့် ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တရားဝင် အသိပေးထားပြီးဖြစ်သလို အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အကျဉ်းကျခံသူများကို ကွပ်မျက်ခဲ့သည့် ဆုံးဖြတ်ချက်သည် ကမ္ဘာတဝန်းတွင်ပါ ကျယ်ကျယ်လောင်လောင်ဖြစ်စေခဲ့သည်။ ထို့ကြောင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး ဗြိတိန်၊ အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ သြစတေးလျ၊ နယူဇီလန်၊ နော်ဝေနှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနများက ပူးတွဲကြေညာချက်များ ထုတ်ပြန်ကာ ရှုတ်ချခဲ့ကြသည်။
အာဏာသိမ်းချိန်မှစ၍ လက်ရှိကာလအထိ လူ့အခွင့်အရေးဆိုသည့် ခေါင်းစဉ်သည် လုံးဝမှေးမှိန်သွားခဲ့သည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်း ပြည်သူများအနေဖြင့် မိမိတို့ယုံကြည်ရာကို ပြောဆိုချပြခွင့်မရှိတော့သလို အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သူဖြစ်သည်ဆိုသည့် အချက်တစ်ချက်နှင့်ပင် ရက်စက်သည့် အပြုအမူများနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ထောင်အတွင်းတွင်ရှိသည့် ယုံကြည်ချက်တစ်ခုကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးလှုပ်ရှားသူများမှာ ယင်းအခြေအနေကို အဓိက ရင်ဆိုင်ခံစားနေရသည်ဟု ဆိုရမည်ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်ခုပ်ထဲတွင် ရှိနေသူများဖြစ်၍ ၎င်းတို့ သေဆိုသေ၊ ရှင်ဆိုရှင် အခြေအနေများပင်ဟု ဆိုရမည်ဖြစ်သည်။ ထောင်အတွင်းတွင် လူအခွင့်အရေးများဆုံးရှုံးနေရသည့် အခြေအနေများသည်လည်း ၎င်းတို့ ပိတ်ပင်၊ အမှောင်ချထားသည့် အခြေအနေမှာပင် ပေါ်ထွက်နေသည်။ ထောင်တွင်းမှ ပေးစာများမှတဆင့် မီဒီယာများထံရောက်ရှိခဲ့သည်။ ဆေးဝါးကုသခွင့်များ ဆုံးရှုံးနေသလို ထောင်အတွင်း တာဝန်ရှိသူများနှင့် အဆင်ပြေမှုမရှိလျှင်ပင် ကန်ကျောက်ရိုက်နှက်ခံရခြင်းများ ခံစားနေရသည်။
” မင်းတို့လားကွ ၊ တော်လှန်ရေးသမားတွေ ၊ အရေးတော်ပုံ အောင်နေပြီလားကွ ” ဆိုသည့် အော်ငေါက်မှုများ နှင့်အတူ ညှင်းပန်းနှိပ်စက်ခံရပြီး အကျဉ်းသားတို့၏ နိုင်ငံရေးသံဓိဌာန်များကိုပါ တပြိုင်နက် စော်ကား နေကြသည်ဟု ထောင်တွင်းခိုင်လုံသည့် သတင်းအရင်းအမြစ်မှ သိရှိခဲ့ရသည်။
“ ကျွန်တော်တို့ ရရှိထားတဲ့ အခုလို အချက်အလက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အာမခံရဲပါတယ်။ ကျွန်တော်တို့ပြောတဲ့သတင်းအချက်အလက်တွေဟာ ရာနှုန်းပြည့်ခိုင်မာတယ်လို့ပဲပြောချင်ပါတယ်။ အစ်ကိုတို့အနေနဲ့ ဒါကို သဘောပေါက်မှာပါ ” ဟု ထောင်အတွင်းတွင် ခံစားနေရသည့် ရဲဘော်ရဲဘက်များ၏ အခြေအနေနှင့် ပတ်သက်၍ ဘားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံက ရှင်းပြဖူးသည်။
ထောင်တွင်းရှိ အဖြစ်အပျက်များကို သိရှိရန်ပင်ခက်ခဲပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ပင် ဝင်ရောက်လေ့လာခွင့်မရှိခဲ့ပေ။ “ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် ဘာမှကို မပြောချင်တော့ဘူး။ ဘာမှလည်း မထူးဘူးဗျာ။ ကျွန်တော်တို့ ကုလသမဂ္ဂလူအခွင့်အရေးမဟာမင်းကြီးရုံးက တာဝန်ခံတွေနဲ့တောင် တွေ့ပြီးတော့ ဒီအခြေအနေတွေကို တင်ပြခဲ့တာပါ ” ဟု ဘားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံက မချိတင်ကဲ ပြောပြသည်။
သတင်းအချက်အလက်များကို အမှောင်ချထားသည့် ထောင်တွင်းငရဲခန်းမှ အဖြစ်အပျက်များမှာ အကြမ်းဖက်စစ်ကောင်စီ၏ လူသိများသည့် နိုင်ငံရေးသမားများကို ကွပ်မျက်စီရင်လိုက်ပြီဆိုသည့် ထုတ်ပြန်အသိပေးမှုထွက်လာအပြီးတွင် ထောင်အတွင်းရှိ မတရားအကျဉ်းချခြင်းခံရသူများအဖို့ မည်မျှအထိ လူအခွင့်အရေးများဆုံးရှုံးနေသည်ဆိုခြင်းမှာ လယ်ပြင်မှာဆင်သွားသလို ရှင်းရှင်းလင်းလင်းကြီးပေါ်လာခဲ့ပြီဖြစ်သည်။
စစ်ကောင်စီ၏ ရက်ရက်စက်စက် ကွပ်မျက်ခြင်းခံရသူ လေးဦးစလုံးသည် ဥပဒေဘောင်မှ ရင်ဆိုင်ဖြေရှင်းရသည့်အခြေအနေမျိုး မရရှိခဲ့ပေ။ ကွပ်မျက်စီရင်လိုက်သည်မှာ အမှန်ဖြစ်ကြောင်း ထောင်အာဏာပိုင်များက မိသားစုများကို အတည်ပြုပြောကြားသော်လည်း ကွပ်မျက်စီရင်ခြင်း ခံရသူတို့၏ ရုပ်အလောင်းများကိုပင် မိသားစုများက လက်ရှိအချိန်ထိ မမြင်ရဘဲ ထောင်အာဏာပိုင်များပြောဆိုသည့် ပြောစကားများဖြင့်သာ သိရှိခဲ့ရသည်။
ထိုသို့လုပ်ရပ်များအပြီး မြန်မာအကြမ်းဖက်စစ်တပ်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးထောင်ဒဏ်များ ဆက်လက်ချမှတ်ခဲ့ပြန်သည်။ ယင်းနှင့် ပတ်သက်၍မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဘူဒင်အဗ္ဗဒူလာက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ပြီး မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း အသိပေးခဲ့သည်။
၎င်းက “ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးစီရင်ချက် ချမှတ်တာနဲ့ မကြာသေးမီက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်လိုက်တာတွေဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အာဆီယံခေါင်းဆောင်တွေရဲ့ ခိုင်မာပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ တောင်းဆိုတာကို စစ်အစိုးရက အကြိမ်ကြိမ် လျစ်လျူရှုနေတယ်ဆိုတာ သက်သေပြနေတာပါပဲ ”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အသိပေးထားသည်။
မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ပြတ်သားသော အဆုံးအဖြတ်များကို အလိုရှိနေပြီး အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအပေါ်တွင်လည်း ကန့်ကွက်မှုများပြုလုပ်လျက်ရှိသည့် နိုင်ငံအဖြစ်ရှိခဲ့သည်။ အာဆီယံကိုလည်း အဆက်မပြတ်တိုက်တွန်းပြောဆိုမှုများပြုလုပ်ခဲ့သည်။ ဆက်လက်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အတိုက်အခံအဖွဲ့အစည်းများကို အာဆီယံအနေဖြင့် ထိတွေ့ဆက်ဆံသင့်ကြောင်းပါ တိုက်တွန်းမှုများပြုလုပ်ခဲ့သည်။
ယခုကဲ့သို့ အခြေအနေများအတွင်းမှ အကြမ်းဖက်စစ်ကောင်စီကို နောက်ထပ် ဒုက္ခကောင်းကောင်းပေးစေဦးမည့် ဖြစ်ရပ်များကလည်း ကြိုလင့်နေသည်။ ယင်းမှာ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ရရှိထားသည့် အထောက်အထားများကို အခြေခံကာ အစီရင်ခံထားသည့် ကြေညာချက်တစ်ခုကို ဩဂုတ်လအစောပိုင်းက ထုတ်ပြန်အသိပေးခဲ့သည်။
အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် လူသားမျိုးနွယ်အပေါ်တွင် ရာဇဝတ်မှုများ စနစ်တကျ ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် အမျိုးသမီးများနှင့် ကလေးများကို ပြင်းထန်စွာ ထိခိုက်စေသည်ဟုဆိုပြီး ဓားစာခံဖမ်းဆီးနေမှုများသည်လည်း ဆိုးဝါးသည့် အခြေအနေများအဖြစ် အစီရင်ခံစာတွင် အသိပေးထားသည်။ ယင်းအစီရင်ခံစာသည် ရိုဟင်ဂျာ တစ်သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် စစ်ဆင်ရေး ငါးနှစ်ပြည့် အထိမ်းအမှတ် မတိုင်ခင် နှစ်ပတ်အလိုတွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ကုလသမဂ္ဂက ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ ရရှိထားသည့် အချက်အလက်များအရ မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် အမျိုးသမီးများနှင့် ကလေးသူများအပေါ် ပိုမိုထိခိုက်နေခြင်းဖြစ်သည်ဟု အစီရင်ခံထားသည်။
(IIMM) အဖွဲ့၏ အကြီးအကဲဖြစ်သူ Nicholas Koumjian က ထိုသို့ အထောက်အထားများကို သိမ်းဆည်းထားခြင်းသည် ကျူးလွန်သူများကို သိရှိစေရန်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အရေးယူခြင်းမခံရဘဲ ဆက်လက်ကျူးလွန်ရန် မဖြစ်နိုင်ကြောင်း အသိပေးထားသည်။
စစ်ကောင်စီအနေဖြင့် အာဏာသိမ်းကာလအတွင်း လူသားမျိုးနွယ်အပေါ်တွင် ရာဇဝတ်မှုများ စနစ်တကျ ကျူးလွန်မှုများအတွက် ရရှိထားသည့် အချက်အလက်များက သက်သေပြနေမည်ဖြစ်ပြီး တစ်နေ့တွင် စာရင်းရှင်းရမည်ဖြစ်ကြောင်းလည်း ၎င်းက သတိပေးထားသည်။
ပြည်တွင်းဖိအားနှင့် နိုင်ငံတကာဖိအားများအကြားတွင် ရှိနေသည့် မြန်မာစစ်အုပ်စုသည် ယခုရက်ပိုင်းအတွင်း လာရောက်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ ခရီးစဉ်တွင်လည်း ထပ်မံပြီး ထောက်ဖြုတ်ခံရသည့် အခြေအနေဖြင့် ကြုံတွေ့ခဲ့ရပြန်သည်။ မစ္စနိုလင်းဟေဇာက အကြမ်းဖက်စစ်ကောင်စီနှင့် တွေ့ဆုံမှုသည် ၎င်းတို့၏ တရားဝင်မှုကို ပေးခြင်းမဟုတ်ကြောင်း ပြတ်ပြတ်သားသား အသိပေးလိုက်ခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် မြန်မာပြည်သူများအတွက် ကုလ၏ စိုးရိမ်မှုကို ဖော်ပြခြင်းဖြစ်သလို ပဋိပက္ခနှင့် ဆင်းရဲဒုက္ခများကို လျှော့ချရန်အတွက် ဖြစ်သည်ဟုလည်း ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် မငြိမ်းချမ်းမှုများနှင့် အခြေအနေအရပ်ရပ်သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို အကြမ်းဖက်စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများဖြစ်ပေါ်လာရာမှ အကြမ်းဖက်စစ်ကောင်စီ၏ မတရားရက်စက်စွာ ဖြိုခွင်းမှုများကြောင့် နွေဦးတော်လှန်ရေးသည် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်သို့ ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အထက်ပါအအခြေအနေများအတိုင်း အာဏာသိမ်းကာလအတွင်း ရင်ဆိုင်ကြုံတွေ့နေရသော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ သွားနေသည့် လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းနေသလို နိုင်ငံတကာ၏ ဝေဖန်ရှုတ်ချမှုများနှင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဆန္ဒများ လျစ်လျူရှုထားဆဲဖြစ်သည်။
ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီသည် အဘက်ဘက်မှ ဖိအားများနှင့် ရင်ဆိုင်နေရသော်လည်း မထူးဇာတ်ခင်းခြင်းများဖြင့်သာ လုပ်ဆောင်နေသည့်အသွင်သဏ္ဍာန်နှင့် တူနေသည်။ ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံအတွက် အကောင်းထက် အဆိုးဘက်ကို ဦးတည်နေသလို အကြမ်းဖက်စစ်ကောင်စီအနေဖြင့်လည်း ၎င်းတို့အတင်းဓမ္မတက်ရောက် ရယူထားသည့် ဇာတ်ခုံပေါ်မှ အကျမသာဘဲ ပြုတ်ကျတော့မည့် အခြေအနေများကို ၎င်းတို့ကိုယ်တိုင် ဖော်ဆောင်လျက်ရှိနေသည်ဟု တင်ပြလိုက်ရပါသည်။