တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် အမေရိကန်အကြား ချစ်ကြည်ရေးအတွက် ရပ်တည်မည်မဟုတ်သော်လည်း ထိုင်ဝမ်ကို ရောက်ရှိနေသည့် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီအနေဖြင့် ထိုင်ဝမ်၏ လုံခြုံရေးအတွက် ကတိကဝတ်ပြုခဲ့ပြီး ပစ်ပယ်ထားမည်မဟုတ်ဟု အသိပေးလိုက်သည်။
ဂါးဒီးယန်းသသင်းဌာန၏ ဖော်ပြချက်အရ ယခုခရီးနှင့် တွေ့ဆုံမှုသည် ၂၅ နှစ်တာအတွင်း သမိုင်းဝင်တွေ့ဆုံမှုတစ်ခုဖြစ်ပြီး ထိုင်ဝမ်၏ ဒီမိုကရေစီနှင့် လွတ်လပ်မှုတန်ဖိုးသည် စံနမူနာအဖြစ် အမေရိကန်ပြည်ထောင်စုဘက်က အသိအမှတ်ပြုခဲ့သည်ဟုဆိုသည်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီက “ရှင်းလင်းပြတ်သားတဲ့ သတင်းစကားက တကယ့်ကို အရေးကြီးပါပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက် ကတိကဝတ်ပြုပါတယ်”ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ တရုတ်နိုင်ငံ၏ စစ်ရေးခြိမ်းခြောက်မှုများ ရှိနေသော်လည်း ထိုင်ဝမ်သည် ကြံ့ခိုင်မာကျောသည့် ကျွန်းတစ်ကျွန်းအဖြစ် ရပ်တည်ခဲ့ပြီး တရုတ်နိုင်ငံဘက်က ကျူးကျော်ရန်စလာလျှင် မိမိကိုယ်ကိုယ်ကာကွယ်ရန် အဆင်သင့်ရှိကြောင်းလည်း ထိုင်ဝမ်ဘက်က အသိပေးထားသည်။
တရုတ်နိုင်ငံဘက်က လက်ရှိတွင် နန်စီပီလိုစီ၏ ခရီးစဉ်သည် တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ရှိနေသည့် နိုင်ငံရေးအခြေခံအုတ်မြစ်အပေါ် များစွာ သက်ရောက်မှုရှိပြီး တရုတ်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ပြင်းထန်စွာ ထိပါးစေကြောင်း အသိပေးထားသည်။
တစ်ဘက်တွင်လည်း အမေရိကန်၏ ထိုင်ဝမ်ခရီးစဉ်နှင့် ပတ်သက်၍ တုံ့ပြန်မှုများအဖြစ် တရုတ်နိုင်ငံဘက်က ထိုင်ဝမ်ကျွန်းအနီးတွင် ယနေ့မှ စတင်ကာ စစ်ဆင်ရေးများ စတင်လုပ်ဆောင်နေပြီး ထိုင်ဝမ်အရှေ့ဘက်ပင်လယ်ပြင်တွင် မြေပြင်နှင့်ဝေဟင်ပူးတွဲ စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်သလို တာဝေးပစ်ဒုံးကျည်များကိုလည်း ပစ်လွှတ်လေ့ကျင့်သွားမည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားထားည်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီအနေဖြင့် ထိုင်ဝမ်သို့ မရောက်ခင်ဆက်ကြားတွင် တရုတ်နိုင်ငံသည် ပြင်းထန်သည့်ဝေဖန်မှု၊ ပြင်းထန်သည့် သတိပေးမှုများဖြင့် အမေရိကန်ပြည်ထောင်စုဘက်ကို တုံ့ပြန်ထားသော်ထားလည်း လက်ရှိတွင်မူ စစ်ရေးအင်အားပြသမှုများသာ ပြုလုပ်နေသည့်အတွက် အမေရိကန်-တရုတ်-ထိုင်ဝမ် သုံးပွိုင့်ဆိုင် နိုင်ငံရေးအခြေအနေသည် အယောင်ဆောင်ဂိမ်းတစ်ခုဟုဆိုကာ သုံးသပ်ဝေဖန်မှုများစွာလည်း ထွက်ပေးလျက်ရှိနေသည်။
နိုင်ငံတကာက ပြည်သူများနှင့် ထိုင်ဝမ်ပြည်သူများအကြားတွင် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် ပတ်သက်၍ စိတ်ဝင်စားမှု များပြားခဲ့သလို ကမ္ဘာစစ်ကြီး ဖြစ်လာနိုင်သည်အထိ ထင်ကြေးပေးကာ စိုးရိမ်ပူပန်မှု များစွာရှိခဲ့ကြသည်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ၏ ခရီးစဉ်ကို ထိုင်ဝမ်၏ အရပ်ဘက်အဖွဲ့တချို့၊ နိုင်ငံရေးသမားတချို့နှင့် စီးပွားရေးသမားတချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်ဟုလည်း ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။ ထိုသို့ ဆန္ဒပြသူများအနေဖြင့် အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ရေလက်ကြားကို အသုံးပြုကာ တင်းမာမှုများ ပြုလုပ်နေကြသည်ဟု ယုံကြည်နေကြသည်ဟုလည်း ဆိုသည်။
လက်ရှိ အမေရိကန်၏ ထိုင်ဝမ်ခရီးစဉ်သည် ယင်းဒေသအတွက် တရုတ်နိုင်ငံ၏ ဆက်တိုက် ဖိအားပေးမှုများကြားမှ ယုံကြည်မှုပိုမိုအားကောင်းလာနိုင်သည့် အခြေအနေတစ်ခုဖြစ်သည်ဟု ယူဆရပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့်လည်း ထိုင်ဝမ်အပေါ် အကြိမ်ကြိမ်ကာကွယ်ပေးမည်ဟု ကတိကဝတ်များလည်း ပေးထားပါသည်။ တရုတ်နိုင်ငံဘက်ကလည်း ထိုင်ဝမ်၏ လေပိုင်နက်အနီးမှ လေယာဉ်ပေါင်းများစွာကို မောင်းနှင်ပြသပြီးသလို၊ ဆက်လက်မောင်းနှင်ပြသနေဆဲလည်း ဖြစ်သည်။
ထို့ကြောင့် အမေရိကန်-တရုတ်-ထိုင်ဝမ် သုံးပွင့်ဆိုင်တွင် မည်သူက “မီးနှင့်ကစားနေသလဲ”၊ ဒါမှမဟုတ် ထွက်ပေါ်နေသည့် ဝေဖန်မှုများကဲ့သို့ အများကြိုက် ဂိမ်းတစ်ခုကို ဖော်ဆောင်နေကြသလားဆိုသည်မှာ တွေးတောစရာပင်ဖြစ်သည်ဟု ဆိုလိုက်ချင်ပါသည်။