အကြမ်းဖက် စစ်ကောင်စီက သေဒဏ် စီရင်ပြီး သတ်ပစ်လိုက်သည့် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ မိသားစုဝင်များ ရှိရာ နေအိမ်များသို့ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က လူအုပ်စုဖွဲ့ပြီး သွားရောက် ရမ်းကားမှု ဖြစ်ပွားခဲ့သည်ကို အများသိပြီး ဖြစ်ပါသည်။
ဇလိုင်လ ၂၅ ရက်နေ့က ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ဦးအား မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်း မပြုဘဲ သေဒဏ် စီရင်ပြီးကြောင်းသာ အကြမ်းဖက် စစ်ကောင်စီက သတင်း ထုတ်ပြန်ခဲ့ ပါသည်။
ဇူလိုင်လ ၂၆ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ဆိုသူက ယခုကဲ့သို့ သေဒဏ် စီရင်ခြင်းသည် တရားမျှတမှု ရရှိရေး အတွက် ဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် ဇူလိုင်လ ၂၇ ရက်နေ့မှာ အဆိုပါ အုပ်စုဖွဲ့ ရမ်းကားမှု ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။
ရန်ကုန်မြို့လယ်ခေါင် ဗိုလ်အောင်ကျော် လမ်းက ဦးဖြိုးဇေယျာသော် မိဘများ ရှိသည့် နေအိမ် တိုက်ခန်းနှင့် အင်းစိန် မြို့နယ်ရှိ ဦးဂျင်မီ မိသားစုဝင်များ ရှိသော နေအိမ်များသို့ လူဦးရေ ၅၀ ဝန်းကျင်ရှိ လူအုပ်စုက Light Truck ကားများ၊ ဒိုင်နာ ကားများနှင့် ရောက်ရှိလာပြီး လေးဂွများ၊ တုတ် ဓားများ၊ ခဲများ ကိုင်ဆောင် ပစ်ပေါက် အော်ဟစ် ဆဲဆို ရမ်းကားမှု ရုပ်သံ ဖိုင်များသည်လည်း အင်တာနက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပါသည်။
အကြမ်းဖက် စစ်တပ်ကို လိုလားသော လူမှုကွန်ရက် စာမျက်နှာများ အပါအဝင် လူမှုကွန်ရက် စာမျက်နှာများပေါ် တင်ထားသည့် ရုပ်သံဖိုင်တွင် အုပ်စုဖွဲ့ ရမ်းကားသူများက “မင်းတို့သား အာဇာနည်လား” “မင်းတို့ သားသမီးတွေကြောင့် သေတဲ့သူတွေ အများကြီးပဲကွ၊ မင်းတို့ တစ်မျိုးလုံးကို သတ်ပစ်မယ်”ဟု ခြိမ်းခြောက် အော်ဟစ် ဆဲဆို တိုက်ခိုက် နေသည်ကို တွေ့မြင်ရသည်။
ဦးဖြိုးဇေယျာသော် ၏ ဇနီး မသဇင်ညွန့်အောင်ကလည်း မိဘများ အတွက် အလွန်စိုးရိမ် ပူပန်မိ၍ ရပ်ကွက်နေ ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ကူညီပေးကြရန် တောင်းဆိုမှုကို မီဒီယာများတွင်လည်း ဖော်ပြကြပါသည်။
ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး လှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်မှုသည် ၎င်းတို့ကြောင့် အမှန်တကယ် သေဆုံးခဲ့သူများ ရှိသည့်အတွက် တရားမျှတမှုရှိကြောင်း ဝါဒဖြန့်ရန် ရည်ရွယ်ချက်နှင့် ပြုလုပ်သည်ဟုလည်း ယူဆ ရပါသည်။
အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့ သေဒဏ်ပေး သတ်ပစ်သူများ၏ ရုပ်အလောင်းများကိုလည်း မိသားစုဝင်များအား ကြည့်ခွင့်မပေး၊ ပြန်လည် ပေးအပ်ခြင်းလည်း မရှိပေ။
ရုပ်အလောင်းများ ထုတ်မပေးခြင်းမှာ ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်ဟု အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရသူလည်း ဖြစ်သည့် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။
ဦးဂျင်မီ၏ ဇနီး မနီလာသိန်း နှင့် ဦးဖြိုးဇေယျာသော်၏ ဇနီး မသဇင်ညွန့်အောင်တို့ကလည်း ရုပ်အလောင်းများကို မတွေ့ မချင်း ဆွမ်းမသွတ်၊ အမျှမဝေ၊ နာရေး မလုပ်ဟု သူတို့၏ လူမှုကွန်ရက် စာများက တဆင့် ပြောဆိုထားပါသည်။
ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ရန်ကုန် မြို့တော် ခန်းမရှေ့မှာ စစ်သားဟောင်း ဘူးလက် လှဆွေ ဆိုသူ ဦးဆောင်ပြီး စစ်သားဟောင်းများ၊ ကြံ့ခိုင်ရေး ပါတီဝင်များ၊ မဘသများ ပါဝင်သော ရာဂဏန်းရှိ လူများက သေဒဏ် စီရင်မှုကို ထောက်ခံကြောင်း၊ စစ်တပ်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်ခဲ့ပါသေးသည်။
ယင်း ဆန္ဒပြပွဲတွင် သေဒဏ် စီရင်ခံခဲ့ရသည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ နိုင်ငံရေး အကျဉ်းသား ၄ ဦး ကျူးလွန်ခဲ့သည် ဆိုသော အကြမ်းဖက် စစ်တပ်၏ စွပ်စွဲချက်များ ဖော်ပြထားသည့် ပိုစတာများ ကပ်ထားသည်ကိုလည်း ဓာတ်ပုံများတွင် တွေ့ရသည်။
ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် တို့ကို လွန်ခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ကတည်းက ဖမ်းဆီးပြီး အကြမ်းဖက်မှု ပုဒ်မများနှင့် တရားစွဲဆို သေဒဏ် ချမှတ်ထားခြင်း ဖြစ်သော်လည်း ဥပဒေနှင့်အညီ ခုခံကာကွယ်ပိုင်ခွင့် မပေးခဲ့ဘဲ စစ်ခုံရုံးမှ အကျဉ်းနည်းဖြင့် စစ်ဆေးကာ တစ်ဖက်သတ် ဆုံးဖြတ်ချက်များနှင့် စီရင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဥပဒေ ပညာရှင် များ၏ ထောက်ပြ ဝေဖန်မှုများလည်း ရှိနေပါသည်။
ဤကဲ့သို့ သေဒဏ် စီရင်ချက်ချပြီး ကြိုးပေး ကွပ်မျက်ခဲ့သူများတွင် ကြိုးပေးခံရသူကို ဥပဒေအရ ခုခံ ကာကွယ်ပိုင်ခွင့် မပေးဘဲ သတ်ပစ်ခဲ့သော အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ထံမှ ဆင်းသက်လာသည့် အစဉ်အလာပင် ဖြစ်သည်ဟု ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး ၁ ဦးက ပြောပါသည်။
အထင်အရှားမှာ ဗိုလ်ကြီး အုန်းကျော်မြင့် နှင့် ကျောင်းသား ခေါင်းဆောင် ဆလိုင်း တင်မောင်ဦး တို့ပင် ဖြစ်သည်ဟုလည်း ဆိုပါသည်။
“ဗိုလ်ကြီး အုန်းကျော်မြင့်တို့ကို ကြိုးပေး သတ်တဲ့ အကြောင်းပြချက်ကတော့ ဦးနေဝင်းကို သတ်ဖို့ ကြံစည်မှု နိုင်ငံတော် လုပ်ကြံမှု ဆိုတာ။ အခု ဦးဂျင်မီတို့၊ ဦးဖြိုးဇေယျာသော်တို့ကို ကျတော့ လက်နက်တွေနဲ့ မိတယ်၊ အကြမ်းဖက် လုပ်ရပ်တွေ လုပ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်တာ၊ အခုက ပိုပြီး ရက်စက် ယုတ်မာတယ်”ဟုလည်း အထက်ပါ ဝါရင့် နိုင်ငံရေးသမားကြီးက ပြောသည်။
အဆိုပါ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ မိသားစု နေအိမ်များဆီ လာရောက် ရမ်းကားမှု ပြုလုပ်သော လူအုပ်စုသည် စွမ်းအားရှင်များ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) အဖွဲ့မှလူများ ဖြစ်ကြောင်းလည်း မြင်တွေ့ရသူ လူအများက မှတ်ချက်ပေး ပြောဆိုနေကြပါသည်။
ယခု မဘသ ဆိုသူများကို အသုံးချပြီး ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ မိသားစု နေအိမ်များဆီ လာရောက် ရမ်းကားမှု ပြုလုပ်ခြင်းသည် သေဒဏ် စီရင်မှုနှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပ ဝေဖန် ရှုတ်ချမှုများနှင့် နိုင်ငံတကာ ဖိအားများ အပေါ် တုံ့ပြန်ခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါသည်။
အာဆီယံ နိုင်ငံများ နှင့် တရုတ်၊ ရုရှား ပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ G 7 နိုင်ငံခြားရေး ဝန်ကြီးများ၊ သြစတြေးလျ၊ အမေရိကန်၊ အင်္ဂလန် စသည့် နိုင်ငံတကာက အကြမ်းဖက် စစ်ကောင်စီက ဒီမိုကရေစီရေး လှုပ်ရှားသူများ အပေါ် သေဒဏ်ပေး သတ်ပစ်သည်ဟု ဆိုကာ ကန့်ကွက် ရှုတ်ချထားပါသည်။
အဆိုပါ မဘသ၊ စွမ်းအားရှင်၊ ပျူစောထီး၊ သွေးသောက် စသည့် အမည်များဖြင့် သုံးနှုန်း ဖွဲ့စည်းထားသူများသည် တစ်မျိုး တစ်စားတည်း ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ကျောထောက် နောက်ခံပေးထားသော စစ်သားဟောင်းများ၊ ကြံ့ခိုင်ရေး ပါတီဝင်များ၊ လူဆိုးလူမိုက်များ ဖြစ်ကြောင်း သတင်းဌာနများစွာ ကလည်း ရေးသားဖော်ပြထားပါသည်။
ထိုသူများသည် ဒီမိုကရေစီရေး၊ နိုင်ငံရေး လှုပ်ရှားသူများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသည့် ရဟန်း ရှင်လူ ကျောင်းသား၊ ကျောင်းသူ ပြည်သူများကို တိုက်ခိုက် သတ်ဖြတ်သူများ ဖြစ်ကြောင်း သာဓကများစွာလည်း ရှိပြီး ဖြစ်ပါသည်။
တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ဒေသခံများနှင့် ကျေးရွာများကို မီးရှို့ သတ်ဖြတ်နေသည့် စစ်ကိုင်းတိုင်း အတွင်းမှာလည်း ပြည်သူ့စစ် အမည်ခံ ပျုစောထီး အဖွဲ့များကို မဘသ ဘုန်းကြီးများ ကိုယ်တိုင် ကျေးရွာများ အထိ သွားရောက် စည်းရုံးဖွဲ့စည်းမှုများ ရှိနေပါသည်။
စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှ နှင့် တန့်ဆည်မြို့နယ်များတွင် မဘသ ဆရာတော် ဦးဝါသဝ ဦးဆောင်ပြီး ပြည်သူ့စစ် အမည်ခံ ပျုစောထီး အဖွဲ့များကို ဖွဲ့စည်းနေခြင်း ဖြစ်ပါသည်။
ကျွန်းလှမြို့နယ်တွင် ရွာပေါင်း ၆ ရွာခန့်၊ ကန့်ဘလူမြို့နယ်တွင် ရွာပေါင်း ၂၀ ကျော် နှင့် တန့် ဆည်မြို့နယ်တွင် ရွာပေါင်း ၆ ရွာခန့် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
အကြမ်းဖက် စစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်နေသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ (LDF) ကို နှိမ်နင်းရန် ဖြစ်သည်ဟုလည်း ဆိုပါသည်။
မဘသ အဖွဲ့ကို NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်အတွင်းမှာ နိုင်ငံတော် သံဃနာယက အဖွဲ့က ဖျက်သိမ်း ထားသော်လည်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) အမည်ဖြင့် ပြန်လည် အသက်သွင်းထားပါသည်။
၂၀၁၉ ခုနှစ် ဇွန်လ အတွင်းက ပြုလုပ်သည့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည် ညီလာခံမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ် သိန်း ၃၀၀ လှူဒါန်းခဲ့ပါသေးသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၏ လက်ကိုင်တုတ် မဘသ အဖွဲ့ဟာ ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ် အတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားပြီး နောက် ၁ နှစ်မှာ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။
မဘသ ဆရာတော် အများအပြား၏ ဟောပြောချက်များတွင် မွတ်စလင် ဆန့်ကျင်ရေးများ၊ အမုန်းတရား ပွားများစေသော အသုံးအနှုန်းများ ပါဝင်သည့် အတွက်လည်း များစွာ ဝေဖန်ခံခဲ့ရပါသည်။
စစ်တပ် ထောက်ခံပွဲများတွင်လည်း မဘသ တချို့က ဝါးချွန်များ၊ ဝါးရင်းတုတ်များ ကိုင်ဆောင် ချီတက်ခြင်းများ ပြုလုပ်သည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။
ဇူလိုင် ၂၆ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် လက်ရှိမှာ ပျူစောထီး မရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက သမိုင်းကြောင်းချီပြီး ပြောဆိုသွားပါသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပျူစောထီး အဖွဲ့ (ဗဟို) က ပျူစောထီး အဖွဲ့ကို မန္တလေးမြို့မှာ လျှို့ဝှက် ဖွဲ့စည်းလိုက်ကြောင်း၊ ပျူစောထီး အဖွဲ့တွင် စစ်မှုထမ်းဟောင်းများနှင့် မဘသများ ပါဝင်ကြောင်း မေလ ၁၅ ရက်မှာ ထုတ်ပြန် ကြေညာထားပါသည်။
ပျူစောထီး အဖွဲ့၏ အမှတ်တံဆိပ်မှာလည်း သာသနာ့အလံကို သုံးထားပြီး အလံပေါ်မှာ အမျိုး ဘာသာ သသနာ ဟုလည်း ရေးသားထားပါသည်။
ပျူစောထီး၏ လုပ်ငန်းတာဝန်များမှာ NLD အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်သူများ၏ သတင်း ထောက်လှမ်း စုံစမ်းရန်၊ ဒလန် အစွပ်စွဲခံရသူ၊ လူမှုရေး ဒဏ်ခတ် ခံရသူတွေကို (Social punishment) အကာအကွယ်ပေးရန်၊ စစ်မှုထမ်းဟောင်း မိသားစုများကို အကူအညီပေးရန်တို့ ပါဝင်ပြီး စာထုတ် ခြိမ်းခြောက်မှု ပြုလုပ်ကြောင်း၊ သတ်ဖြတ်မှု ပြုလုပ်ခြင်းများ ရှိကြောင်းလည်း သိရပါသည်။
ရှေ့ပိုင်း ကာလများတွင် အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ် စွမ်းအားရှင် ဆိုသူများကလည်း လက်ပတ်နီများ ပတ်ကာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြ ပြည်သူများ၊ ဒီမိုရေစီရေး လှုပ်ရှားသူများကို ကိုယ်ထိလက်ရောက် ရိုက်နှက် ရမ်းကားမှုများ ကျူးလွန်ခဲ့ပါသေးသည်။
ယခုလည်း ပြည်သူများ အပေါ် ဥပဒေမဲ့ အကြမ်းဖက် ရမ်းကားမှုများ ဆက်လက် ကျူးလွန်လာဖွယ် ရှိနေ၍ သတိကြီးစွာ ထားရမည့် သူများ ဖြစ်ပါသည်။
ထို စွမ်းအားရှင်၊ ပျူစောထီး၊ မဘသ များသည် မတရား အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ လက်ကိုင်တုတ် အသုံးချခံများ ဖြစ်ပြီး ပြည်သူများ အတွက် အနီရောင် အဆင့် အန္တရာယ်ရှိသူများလည်း ဖြစ်၍ မြန်မာနိုင်ငံတွင်း မရှိသင့်သူများလည်း ဖြစ်သည်ဟုသာ ဆိုလိုက်ချင်ပါတော့သည်။