By နန်း / MPA
မြန်မာလူမျိုးတို့သည် မိမိတို့ သားလှ သမီးလှရတနာလေးများကို မွေးဖွားပြီးနောက် အရွယ်ရောက်စ ငယ်စဥ်ဘဝတွင် ရှင်ပြု၊ နားသမင်္ဂလာကို ဆင်ယင်ကျင်းပ ပြုလုပ်ပေးသည့် ထုံးတမ်းစဥ်လာဓလေ့ရှိသည်။
မိမိတို့ သားသမီးများ အသက်၅နှစ်အရွယ်နီးပါး အရောက်တွင် ယောင်္ကျားလေးဆိုပါက ရှင်ပြုမင်္ဂလာ(သာမဏေပြုလုပ်ပေးခြင်း၊ သင်္ဃန်းစည်းပေးခြင်း၊ သာသနာ့ဘောင်အတွင်း သွတ်သွင်းခြင်း) ပြုလုပ်ပေးကြပြီး မိန်းကလေးဆိုပါက နားသမင်္ဂလာကို လုပ်ဆောင်ပေးလေ့ရှိသည်။ နားသမင်္ဂလာကို နားထွင်းမင်္ဂလာဟုလည်း ခေါ်ဆိုပြီး လောကီမင်္ဂလာ ဆယ့်နှစ်ပါးတွင် ကဏ္ဏဝိဇ္ဈနမင်္ဂလာ အဖြစ်ပါဝင်သည်။
မြန်မာမိန်းကလေးတစ်ဦးသည် အခြားသော အလှအပ အဆင်တန်ဆာများထက် နားဆွဲ နားကပ်လှလှလေးများကို မြတ်နိုးကြသည်။ နားပေါက်လောင်းဟောင်းနှင့် နေထိုင်ကြသည့် မြန်မာမိန်းကလေးများမှာ လွန်စွာရှားပါးလှသည်။ ယောက်ျားဖိနပ် မိန်းမနားကပ်ဟု အဆိုရှိကြပြီး မြန်မာအမျိုးသမီးတစ်ဦးအနေနှင့် နားကပ်မရှိလျှင် အမြင်မတင့်တယ်ဟု ရှေးယခင် လူကြီးတို့က ယူဆ ကြသည်။ မည်သည့်အဆောင်အယောင်မျှ မရှိချိန်တွင် နားကပ်တစ်ရံတော့ ရှိရမည်ဟု မြန်မာမိန်းကလေးများ မှတ်ယူကြသည်။
အဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် မွေးဖွားခဲ့သည့် အမျိုးသမီးငယ်လေးတစ်ဦးဖြစ်သည်။ မိဘညီအစ်ကို မောင်နှမများနှင့်အတူတူ စျေးအရောင်းအဝယ်ပြုလုပ်ကာ ကြီးပြင်းလာခဲ့သည့် တတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ဦးလည်း ဖြစ်သည်။
အဝင်းသည် မြန်မာမိန်းကလေးများအတွင်း၌ စံချိန်မီအရပ်ဟု ဆိုရမည့် အရပ်အမောင်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ အသားအရည်ဝင်းလက်သည်ဟုဆိုနိုင်သည်။ အလှပြင်ဆိုင်များတွင် သီးသန့်ပြုပြင်စရာမလိုသည့် ဆံပင်ရှည်ရှည်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူမထံတွင် လွန်စွာမြတ်နိုးသော ရွှေနားကပ်လေး တစ်ရံလည်းရှိသည်။
ယင်းနားကပ်လေးကို သူမ ၈နှစ်သမီးအရွယ်ခန့်တွင် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ တတိယတန်းကျောင်းသူအရွယ် အဝင်းသည် အခြားသော သူငယ်ချင်းမိန်းကလေးများ ဝတ်ဆင်ထားလေ့ရှိသည့် နားကပ်လေးများကို လွန်စွာသဘောကျသည်။ သူမအနေဖြင့်လည်း နားကပ်လေးတစ်ရံ ပိုင်ဆိုင်ချင်ကြောင်း မိဘများကို အကြိမ်ကြိမ်ပူဆာခဲ့သည်။ သို့သော်လည်း မိသားစု၏ စားဝတ်နေရေးကိစ္စရပ်များကြောင့် အဝင်း၏ နားကပ်လေးမှာ အလှမ်းဝေးခဲ့သည်။
ကလေးပီပီ လိုချင်တပ်မက်မှုကို ထမင်း၃ရက်မစားဘဲ နေအိမ်တွင် အဝင်းဆန္ဒပြခဲ့သည်။ အဝင်းတွင် ၎င်းအား သိပ်ချစ်သည့် အကိုကြီးဖြစ်သူ တစ်ဦးလည်းရှိနေသည်။ အစ်ကိုကြီးဖြစ်သူသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ပြင်ပတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ထမင်းမစားဘဲ ဆန္ဒပြကာ နားကပ်ပူဆာနေသည့် ညီမငယ် အဝင်းအတွက် အစ်ကိုကြီးဖြစ်သူမှ ရွှေနားကပ်လေး တစ်ရံကို ဝယ်ပေးခဲ့သည်။ နောက်ရက်များတွင် ရွှေနားကပ်လေးတဝင်းဝင်းဖြင့် အဝင်းတစ်ယောက် ကျောင်းမှာပျော်တော့သည်။
“သုံးရက်ထမင်းမစားဘဲ နေလိုက်တာ အစ်ကိုကြီးက ဝယ်ပေးရော၊ ရွှေသားနားကပ်လေးပါ၊ အရမ်းမြတ်နိုးလို့ အရင်တုန်းက အသစ်လဲဖို့ကြံရွယ်မိတိုင်းတောင်မှ မရောင်းရက်ဘူး ” ဟု တော်လှန်ရဲမေ အဝင်းကဆိုသည်။
၂၁ရာစုနှစ် လူငယ်ပီပီ အဝင်းထံတွင် မျှော်လင့်ချက်များစွာ ရှိသည်။ ကျောင်းပညာပြီးဆုံးစေရန် သင်ယူပြီးနောက် အဝင်းတတ်မြောက်သည့် ပညာရပ်ဖြင့် အလုပ်အကိုင်လုပ်ကိုင်မည်၊ မိသားစုနှင့် အေးချမ်းစွာ နေထိုင်မည်ဟု အဝင်းအနာဂတ်အတွက် ပုံဖော်ထားခဲ့သည်။
၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့သည် အဝင်းတို့လို လူငယ်များ၏ အနာဂတ်အိပ်မက်ကို ဖြိုဖျက်ချခဲ့ရာ နေ့ရက်တစ်ခုဖြစ်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခြားသော နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးကာ အာဏာသိမ်းယူခဲ့သည်။
အဝင်းသည် လူငယ်တစ်ဦးဖြစ်သည်။ မည်သည့်အရာသည် တရားမျှတသည် မည်သည့်အရာသည် အဓမ္မဖြစ်သည်ကို အဝင်းကောင်းစွာနားလည်သည်။
အဝင်းနေထိုင်ရာ မြိုင်မြို့နယ်လေးတွင် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းယူမှုကို လက်မခံနိုင်ကြောင်း ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာတွင် အဝင်းသည် ဓမ္မဘက်မှရပ်တည်ကာ ပူးပေါင်းပါဝင်ခဲ့သည်။
ဆန္ဒပြပွဲရက်အနည်းငယ်အကြာမှာ အေးချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် အဝင်းတို့ ဆန္ဒပြလူထုကို အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ယင်းတစ်နေ့တည်းတွင် အဝင်းအသိမိတ်ဆွေ ၆ဦး အသက်ဆုံးပါးခဲ့ရသည်။ အဝင်းမျက်စိရှေ့မှောက်တွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်ရက်စက်မှုများအတွက် အဝင်းသွေးပွက်ပွက်ဆူဝေခဲ့သည်။
“ဒါမတရားမှုဘဲ ရက်စက်ကြမ်းကြုတ်တာ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ၊ တောင်းမရရင် တိုက်ယူရမယ်လို့ သဘောပေါက်သွားတယ်၊ ကျောင်းဆက်မတက်ဖြစ်တော့ဘူး၊ လက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်တယ် ” ဟု အဝင်းက ယုံကြည်ခိုင်မာစွာ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင်ယှဉ်ပြိုင် ဖြုတ်ချနိုင်ရန် အဝင်း စစ်ပညာသင်ရန် ကြိုးစားခဲ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကို အဝင်းထွက်ခွာလာရာ လမ်းခုလတ်တွင် အဝင်းနည်းတူ စစ်ပညာသင်ကြားရန် ထွက်ခွာလာခဲ့သည့် ကွန်မန်ဒိုကြပ်ကလေးနှင့် တွေ့ဆုံခဲ့ကြသည်။
ကွန်မန်ဒို ကြပ်ကလေးသည် ထိုအချိန်က အဝင်းချစ်သူအလောင်းလျာဖြစ်သည်။ အပတ်စဉ်(၁) သင်တန်းကို တက်ရောက်ရင်း ကွန်မန်ဒို ကြပ်ကလေးက အဝင်းကို ချစ်ရေးဆိုခဲ့သည်။ ကွန်မန်ဒို ကြပ်ကလေးသည် ပေါက်မြို့နယ် ဇာတိဖြစ်ပြီး အစိုးရဌာနတစ်ခုမှ CDM စာရေးလေးတစ်ဦးဖြစ်သည်။
“သူက ခပ်ဝဝ၊ ဆံပင်ကနည်းနည်းကောက်တယ်၊ တကယ်က သမီးကြိုက်တဲ့ပုံစံမျိုး မဟုတ်ဘူး၊ သူနဲ့ သမီးက အကြိုက်မတူတာတွေများတယ်၊ သမီးနေမကောင်းဖြစ်တဲ့အချိန်တွေမှာ သူကအရမ်းဂရုစိုက်ပေးတယ်။ အဲ့ဒီကနေ တဖြည်းဖြည်းသံယောဇဉ်တွယ်သွားတာပါ ” ဟု အဝင်းက ရှက်ပြုံးနှင့်ပြောသည်။
ကွန်မန်ဒိုကြပ်ကလေး ဖွင့်ပြောပြီး တစ်လကျော်အကြာမှာ အဝင်းနှင့် တရားဝင်ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ သူတို့ ချစ်သူနှစ်ဦးဘဝသည် အချို့အချို့သော လူငယ်ချစ်သူစုံတွဲများကဲ့သို့ အတူသွား အတူစား အတူပျော်ပါးရသည့် အချိန်ခါရယ်မရှိခဲ့။ လက်ရှိအချိန်မှာတော့ သူတို့ ချစ်သူသက်တမ်း ရက်ပေါင်း ၃၀၀ကျော်ခဲ့ပြီဖြစ်သည်။
အဝင်းအခြေခံစစ်သင်တန်းအပြီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် ဆေးပညာသင်တန်းများကို ဆက်လက်သင်ကြားနေချိန်တွင် ကွန်မန်ဒို ကြပ်ကလေးကတော့ အနောက်ပိုင်းတိုင်းတပ်မဟာ၇တပ်ရင်း−၇၀၃တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။
“ဆေးသင်တန်းပြီးရင် ဒီတပ်ရင်းမှာ လာနေမှာ ဒီတပ်ရင်းအတွက် ဆေးတပ်သားအဖြစ် ရှိနေမှာ ” ဟု အဝင်းက ဆိုသည်။ ချစ်သူနှစ်ဦး အတူတူ တိုက်ပွဲဝင်ရန် မျှော်လင့်ချက်ခိုင်မာနေသည်။
ကွန်မန်ဒို ကြပ်ကလေးသည် အနောက်ပိုင်းတိုင်းတပ်မဟာ၇တပ်ရင်း−၇၀၃၏ အားကိုးရသည့် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သို့သော် သူ့ထံတွင် ကိုယ်ပိုင်လက်နက်ဟူ၍ မရှိ။ ရှေ့တန်းထွက်ချိန်တိုင်းတွင် အခြားသူထံမှ လက်နက်ကို ငှားရမ်းကာ ရှေ့တန်းထွက်ရလေ့ရှိသည်။
“အဝင်းလည်း ဒီရွှေနားကပ်လေးကို အရမ်းလိုချင်လို့ ထမင်းမစားဘဲ အိမ်ကို တောင်းဆိုခဲ့တာလေ၊ ကြပ်ကလေးကျတော့ သူလိုချင်တဲ့ လက်နက်ကို ဘယ်လို တောင်းဆိုမလဲ၊ ရှေ့တန်းထွက်ရင် လက်နက်ဆိုတာလိုတယ်၊ လက်နက်ရှိမှ တိုက်ပွဲဝင်လို့ရမှာ NUGက စီစဉ်ပေးနေတယ်ဆိုပေမယ့် တကယ်မှာမလွယ်သေးဘူးလေ။ အဝင်းသူ့ကို သေနတ်ဝယ်ပေးချင်တယ်၊ အဝင်းနားကပ်လေးချွတ်ပေးလိုက်တယ် ” ဟု အဝင်းကဆိုသည်။
၁၅နှစ်နီးပါး ပန်ဆင်လာသည့် နားကပ်လေးကို အဝင်းဘယ်လိုအကြောင်းတွေနဲ့များ လွယ်လွယ်ကူကူ ချွတ်ပေးနိုင်သလဲ။ ဒီနားကပ်လေးကတော့ ကြပ်ကလေးလိုချင်သည့် လက်နက်တစ်ခုကို ဝယ်ယူနိုင်မည်လားဆိုတာ မသေချာလှပေ။
“ဟုတ်တယ်၊ မိန်းကလေး၊ နားကပ်လေးတော့ ဝတ်ချင်တယ်၊ အခုနားပေါက်ဟောင်းလောင်းနဲ့ နေရရော ဘာဖြစ်လဲ၊ လက်နက်မရှိဘဲ ဒီကောင်တွေကို တိုက်လို့မရဘူး၊ နားကပ်မရှိဘဲ အသက်ရှင်လို့ရတယ်၊ အဝင်းရဲ့ နားကပ်နဲ့ ဒီကောင်တွေကို ပစ်လို့မရဘူး လက်နက်နဲ့မှ ပစ်လို့ရမယ် ” ဟု အဝင်းက ခိုင်မာပြတ်သားစွာ ဆိုသည်။
ကြပ်ကလေးနှင့် အဝင်း၏ အကြောင်းအရာကို အနောက်ပိုင်းတိုင်းတပ်မဟာ၇တပ်ရင်း−၇၀၃မှ တာဝန်ရှိသူများ သိရှိသွားချိန်တွင် အဝင်း၏နားကပ်မှာ တန်ဖိုးအားဖြင့် များစွာ မရှိသော်လည်း ချစ်သူအား သေနတ်ဝယ်ပေးစေချင်သည့် အဝင်း၏ ဆန္ဒများ ပြည့်ဝစေရန် ကမ်ပိန်းတစ်ခုကို စီစဉ်ခဲ့သည်။
ယင်းကမ်ပိန်းမှာ ကံစမ်းမဲလက်မှတ်များရောင်းချခြင်းပင်ဖြစ်သည်။ ကံစမ်းမဲလက်မှတ်တစ်စောင်ကို တစ်သောင်းကျပ်ဖြင့် ဇူလိုင်လ ၂၄ရက်နေ့မှ ဩဂုတ်လ ၇ရက်နေ့အထိ အနောက်ပိုင်းတိုင်း တပ်မဟာ၇တပ်ရင်း−၇၀၃မှ ဦးဆောင်ရောင်းချပေးကာ ဩဂုတ်လ ၈ရက်နေ့တွင် ကံစမ်းမဲပေါက်သူကို ရွေးချယ်ကြေညာမည်ဟု လုပ်ဆောင်ခဲ့သည်။
ကံစမ်းမဲဝယ်ယူသူများပြားခဲ့လျှင် အဝင်း၏ဆန္ဒ ပြည့်ဝကာ ချစ်သူ ကြပ်ကလေးအတွက် သေနတ်တစ်လက် လက်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ထိုလက်ဆောင်အား အဝင်းသည် မြို့ပြကြီးရှိ လူငယ်အချို့၏ ချစ်သူအပေါ် စပရိုက်ဆိုသည့် အရာများအထက် လွန်စွာ အလေးနက်ထားသည်။
အဝင်းတို့သည် အသက် ၂၂အရွယ်သာ ရှိသေးသည့် လူငယ်လေးများဖြစ်သည်။ သူတို့တွင် မျှော်လင့်ချက်များစွာ ရှိသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ကို အနိုင်တိုက်ခိုက်ပြီးလျှင် အဝင်း ကျောင်းပြန်တက်မည်။ အလုပ်တစ်ခုလုပ်မည်။ ကြပ်ကလေးနှင့် ထာဝရလက်တွဲသွားမည်ဆိုသည်မှာ အဝင်းမျှော်လင့်ချက်ဖြစ်သည်။ အဝင်းတို့အတွက် မည်သည့်ကြီးမားသည့် အရာတစ်ခုကိုမှ မျှော်လင့်မထားခဲ့ကြ။ အဝင်းလိုသည်မှာ ဖက်ဒရယ်ဒီမိုကရေစီနှင့် အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေးပင်ဖြစ်သည်။
“အဝင်းနားကပ်လေးကို ကူညီပြီးဝယ်ယူပေးကြဖို့ တောင်းဆိုချင်ပါတယ်၊ အဝင်းနားကပ်လေးနဲ့ အကြမ်းဖက်စစ်တပ်ကို ကြပ်ကလေးက ရှင်းလင်းတာကို မြင်တွေ့ချင်ပါတယ်”ဟု အဝင်းကဆိုသည်။