ပခုက္ကူမှ ပေါက်လမ်းအတိုင်း ထွက်ခွာသွားသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား အစီးရေ တစ်ရာကျော်တွင် ပခုက္ကူထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၀၀ ဦး ပါသွားသည်ဆိုသော သတင်းသည် ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ ယင်းသတင်းနှင့် ပတ်သက်၍ “အရေးကြီးသတင်း”ဟုဆိုကာ အွန်လိုင်းစာမျက်နှာအထက်တွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ပြန်လည်ဝေမျှသူများလည်း အများအပြားရှိခဲ့သည်။
ထိုကြောင့် MPA အနေဖြင့် ထိုသတင်းကို အတည်ပြုနိုင်ရန် နယ်မြေဒေသခံ တော်လှန်ရေးအင်အားစုများဆီ ဆက်သွယ်မေးမြန်းခဲ့သည်။ “ဒီအကျဉ်းသား ပါ မပါကတော့ မသိဘူးဗျ။ အဲ့သတင်း အတိအကျကိုတော့ ကျွန်တော့်ဘက်က အတည်မပြုနိုင်ပါဘူး။ ကျွန်တော်တို့ စိုးမိုးနယ်မြေတွေကိုတော့ ဆင်းလာပြီဗျ ” ဟု ထီးလင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းတစ်၏ ယာယီတပ်ရင်းမှူး ဗိုလ်လရောင်က MPA သို့ ပြောပြသည်။
ဇူလိုင်လ ၁၆ ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ခြေရှုပ်နေပြီး ထူးခြားချက်အဖြစ် ပခုက္ကူ၊ မင်းတပ်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ အင်အား ၃၀၀ ခန့်က လမ်းကြောရှင်းလင်းရေးအတွက် နေရာယူမှုများ ရှိနေသည်ဟု ယာယီတပ်ရင်းမှူး ဗိုလ်လရောင်က MPA သို့ အသိပေးဖူးသည်။
ယာယီတပ်ရင်းမှူး ဗိုလ်လရောင်အနေဖြင့် အဆိုပါသတင်းနှင့် ပတ်သက်၍ လက်ရှိတွင် အလှမ်းဝေးနေသည့်အတွက် ပိုမို၍ နီးနီးစပ်စပ်သိရှိခွင့်ရရန် ၎င်း၏ မိတ်ဆွေတချို့နှင့် MPA မှ အချိတ်အဆက်ရနိုင်ရန် ကြားမှကူညီပေးခဲ့သည်။ ထို့နောက် ချိတ်ဆက်ရရှိခဲ့သည့် သတင်းအရင်းအမြစ်များကလည်း ပခုက္ကူမှ ပေါက်လမ်းအတိုင်း ထွက်ခွာသွားသည့် စစ်ကားအစီး တစ်ရာကျော်ကိစ္စသည် မှန်ကန်သော်လည်း ထိုထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါ၊ မပါကိုမူ မသိရှိနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ပခုက္ကူမှ ပေါက်လမ်းအတိုင်း ထွက်ခွာသွားသည့် စစ်ကားအစီး တစ်ရာကျော်ကိစ္စနှင့် ပတ်သက်၍ “သေချာတယ်ဗျ။ အခုဆိုရင် ပေါက်နယ်ဘက်ကနေ ထီးလင်းကျောက်ထုနယ်ဘက်ကို မနက် ၈ ခွဲလောက်ကနေ စဆင်းနေပြီဗျ ” ဟု MPA က စုံစမ်းရရှိခဲ့သည်။
ထီးလင်းမြို့အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ခြေရှုပ်နေပြီး ပခုက္ကူ၊ မင်းတပ်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ အင်အား ၃၀၀ ခန့်က လမ်းကြောရှင်းလင်းရေးအတွက် နေရာယူမှုများပြုလုပ်နေသည့် အခြေအနေသည်လည်း နောက်ထပ် ဖြစ်ရပ်တစ်ခုနှင့် ဆက်စပ်နေပြန်သည်။
ယင်းမှာ “အရင်တလောကတော့ ဒီ မန္တလေးဘက်ကနေ ပခုက္ကူဘက်ကို လက်နက်ခဲယမ်းပစ္စည်းသယ်တဲ့ ကားသုံးစီး၊ လက်နက်ခဲယမ်းအပြည့်နဲ့ ကျွန်တော်တို့ဘက်ခြမ်းကို လာမယ်ဆိုပြီးတော့ သတင်းကပေါက်သွားတယ်။ သူတို့က ပခုက္ကူဘက်မှာ ချန်ပြီးတော့ အခုကားတန်းထဲမှာ ပါမယ်လို့တော့ ယူဆရတယ်ဗျ။ နောက်ပြီးတော့ လုံခြုံရေးကလည်း ဒီကျောက်ထုတပ်ထဲကနေ လုံခြုံရေး လမ်းကြောပိုင်းတလျှောက် ကျောက်ထုပေါက်လမ်းပိုင်းအထိ လုံခြုံရေးယူထားတာ အင်အား သုံးရာလောက် ရှိတယ်ဗျ။ လုံခြုံရေးလည်း တင်းတင်းကျပ်ကျပ်ယူထားတယ်။ လမ်းကြောင်းတလျှောက်လုံးမှာ ကင်းပုန်းတွေချပြီးတော့ လုံခြုံရေးယူထားတယ်။ ထူးခြားတာကတော့ အဲ့ဒါလေးတွေပါပဲ။ လက်နက်ခဲယမ်း အပြည့်အစုံ ကားသုံးစီးအပြည့် ပခုက္ကူရောက်တာ သိတယ်။ ဒါပေမယ့် ထွက်မလာသေးဘူး။ အခုကားတန်းမှာ ပါမယ်လို့တော့ သတင်းထူးရထားတယ်ဗျ ” ဟု MPA က စုံစမ်း သိရှိခဲ့ရသည်။
သို့သော် အကျဉ်းသားများ သယ်ဆောင်လာသည့်ဆိုသည့် သတင်းသည် လက်ရှိတွင် ဒေသခံတော်လှန်ရေးအင်အားစုများထဲတွင်လည်း အတည်မပြုနိုင်သေးဘဲ ရှိနေသည်။
“အခုအနေအထားက သတင်းကို ကျန်တဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အတည်ပြုနိုင်တာကမရှိဘူးဗျ။ သတင်းကတော့ ၂ မျိုးလောက်ထွက်နေတယ်။ အကျဉ်းသားနဲ့ ပတ်သက်လို့ သတင်းတစ်ခုက ပခုက္ကူကနေ စစ်ကြောင်းထွက်လာတဲ့နေ့မှာပဲ အကျဉ်းသားတွေက သိပ်မရှိတော့ဘူးလို့ပြောတယ်။ ဒါပေမဲ့ ၂ မျိုးပေါ့။ ကျွန်တော်တို့ဆီထွက်လာတဲ့ ယာဉ်တန်းမှာလည်း ပါနိုင်သလို၊ ဒီ မကွေးဘက်ကထောင်ကိုလည်း ပြောင်းနိုင်တယ်လို့ သတင်းကထွက်နေတာဗျ။ နောက်တခုက ကားထဲမှာ ပါလာတဲ့သူတွေက မင်းတပ်မတူပီ ချင်းတောင်ထိတက်မယ်လို့ သတင်းရထားတယ်ဗျ။ ထောက်ပို့က ချင်းတောင်ထိ သွားမယ်။ နောက်ပြီးတော့ အဲ့ဒီမှာ မိသားစုလိုက်တွေရောပါတယ်။ အမျိုးသမီးတွေက လက်နက်တွေ ကိုင်ထားကြတယ်လို့ပြောတယ်။ စစ်တပ်ဘက်က အမျိုးသမီးတွေ။ အိမ်ထောင်ပြောင်း စခန်းပြောင်းတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်တယ်ဗျ။ မင်းတပ်ဘက် မတူပီဘက်မှာ နေထိုင်ကြဖို့ မိသားစုလိုက် ပြောင်းရတာမျိုး ဖြစ်နိုင်တယ်ဗျ ” ဟု စုံစမ်းသိရှိရသည်။
ထို့ကြောင့် ထွက်ပေါ်နေသည့် သတင်းများသည် ကောလာဟလသတင်းအဖြစ်သာ ရှိနေပြီး အတည်ပြုရန် ခက်ခဲလျက်ရှိနေသည်။ သို့သော် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုပ်လေ့လုပ်ထရှိသည့် ပုံစံများအရ နိုင်ငံရေး အကျဉ်းသားများပါလာသည်ဟုဆိုကာ ဝါဒဖြန့်ပြီး ၎င်းတို့ ထိခိုက်မှုနည်းအောင် ပြုလုပ်နိုင်ကြောင်းလည်း ထီးလင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းတစ်၏ ယာယီတပ်ရင်းမှူး ဗိုလ်လရောင်က MPA သို့ မှတ်ချက်ပေးသည်။
“ကျွန်တော့အနေနဲ့ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေပါတယ်ဆိုပြီး မိသားစုလိုက် အိမ်ထောင်ပြောင်းတာတွေနဲ့ သူတို့ကို တိုက်ခိုက်မှာစိုးလို့ ဝါဒဖြန့်တာလို့ပဲ အဲ့လိုပဲထင်ပါတယ်ဗျ”ဟု ပြောကြားခဲ့သည်။ ဒေသခံတော်လှန်ရေးအင်အားစုများသည် အကျဉ်းသားကိစ္စနှင့် ပတ်သက်၍ နီးစပ်ရာများတွင် စုံစမ်းနေကြသည်ဟုလည်း သိရှိရသည်။
မြတ်နိုးသူရ