အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်ဟုဆိုကာ ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီများ၏ ဆက်သွယ်ရေးဝန်ဆောင်မှု နှုန်းထားများ ယနေ့မှ စတင်ပြောင်းလဲသွားကြောင်း သိရသည်။
ပြည်သူလူထုအများဆုံး အသုံးပြုသည့် ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် MPT Telenor Orredoo အစရှိသည့် ကုမ္ပဏီများ၏ ဆက်သွယ်ရေးဝန်ဆောင်မှုနှုန်းထားများ ပြောင်းလဲသွားသော်လည်း အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီက နှုန်းထားမပြောင်းလဲကြောင်း သိရသည်။
Mytel သည် နဂိုကတည်းက အင်တာနက်နှင့် ဖုန်းခေါ်ဆိုခများကို အခြား ဆက်သွယ်ရေးကုမ္ပဏီများထက် စျေးနှုန်း လျော့ချထားသော်လညး် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ သတင်းအချက်အလက် လုံခြုံရေးနှင့် အကြမ်းဖက်စစ်တပ် ဝင်ငွေကို ဖြတ်တောက်ရေးအတွက် အကြမ်းဖက်စစ်တပ်ပိုင် Mytel ကို အသုံးမပြုကြခြင်းဖြစ်သည်။
စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက “ဒီညွှန်ကြားချက်ကနေ စစ်တပ်က ဘာတွေ အမြတ်ရမလဲဆိုရင် စျေးနှုန်းအနိမ်နဲ့ ထိုးဖောက်ပြီး Mytel ရဲ့ စျေးကွက်ကို အသာစီးယူဖို့ ကြိုးစားမယ်။ ပြီးတော့ အခြား ဆက် သွယ်ရေးကုမ္ပဏီတွေဆီက အခွန်ဝင်ငွေကို ပိုရနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း လူတွေ အင်တာနက်သုံးစွဲတာကို လျော့သွားစေချင်တယ်”ဟု ပြောသည်။
ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီတစ်ခုချင်းဆီ၏ ကုန်သွယ်ခွန်ပေးဆောင်မှုမှာ တစ်နှစ်လျင် ကျပ် ဘီလီယံ ၅၀ (ကျပ်သန်းပေါင်းငါးသောင်း) အထက် ရှိပြီး ဝင်ငွေခွန်ပေးဆောင်မှုမှာ ကျပ်ဘီလီယံ ၈၀ (ကျပ်သန်းပေါင်း ရှစ်သောင်း) အထက် ရှိနေသည်။
MPT, တယ်လီနော နှင့် အော်ရီဒူး ကုမ္ပဏီသုံးခုပေါင်း၏ ကုန်သွယ်ခွန်ပေးဆောင်မှုမှာ ကျပ်သန်းပေါင်း တစ်သိန်းခွဲမှ နှစ်သိန်းကြား(ကျပ်ဘီလီယံ ၁၅၀ မှ ၂၀၀ကြား)တွင် ရှိနိုင်ပြီး ဝင်ငွေခွန်စုစုပေါင်းပေးဆောင်မှုမှာ ကျပ်သန်းပေါင်း နှစ်သိန်းခွဲမှ ၃ သိန်းကြား (ကျပ် ဘီလီယံ ၂၅၀ မှ ၃၀၀ကြား)တွင် ရှိနိုင်သည်။
စီးပွားရေး လေ့လာသုံးသပ်သူက “လူတွေက ပုံမှန်အတိုင်းပဲ သူတို့ သုံးနေတဲ့ ပမာဏကို မလျော့ဘူးဆိုရင် ယခု ပြောင်းလိုက်တဲ့ နှုန်းတွေအတိုင်းသာ ကုမ္ပဏီတွေက ကုန်သွယ်ခွန်တွေ၊ ဝင်ငွေခွန်တွေ ဆောင်ကြမယ်ဆိုရင် ဒီဝင်ငွေရဲ့ နှစ်ဆကို စစ်တပ်က ရမယ်ဆိုတဲ့သဘောပဲ ”ဟု ပြောသည်။
“ဒီကုမ္ပဏီတွေက အခွန်မဆောင်ဘဲလည်း နေလို့ရတဲ့ ကုမ္ပဏီတွေမဟုတ်ဘူးဗျ။ အခုတောင် စျေးတက်ဆို တက်လိုက်ရတာကိုကြည့်လေ”ဟု ၎င်းက ဆက်ပြောသည်။
မိုဘိုင်းဒေတာနှင့် ဖုန်းခေါ်ဆိုမှုများနှင့် ပတ်သက်သည့် အချို့ပရိုမိုးရှင်းအစီအစဉ်များသည် ယခင်ဝယ်ယူလျက်ရှိနေသော နှုန်းထားများထက် ထက်ဝက်ကျော်ဈေး တက်သွားခြင်းဖြစ်ပြီး မိုဘိုင်းဒေတာများသာမက ဖုန်းဆက်သွယ်ရေးနှုန်းထားများ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
ဥပမာဆိုလျင် MPT ဆက်သွယ်ရေးကုမ္ပဏီမှ မိုဘိုင်းအင်တာနက် ဝယ်ယူမှုမှာ ၄၀၀ မဂ္ဂါဘိုက်ကို ၆၀၀ ကျပ်သာ ကျသင့်ရာမှ ၂၈၀ မဂ္ဂါဘိုက်ကို ၆၉၉ ကျပ်အထိ စျေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင်း MPT ဖုန်းကဒ်အသုံးပြုသူ တစ်ဦးက ပြောသည်။
ယေဘူယျအားဖြင့် အင်တာနက် ဒေတာ ၁၀၀၀ မဂ္ဂါဘိုက်ကို ဆက်သွယ်ရေး ကုမ္ပဏီအားလုံးတွင် ၁၀၀၀ ကျပ်ဝန်းကျင် ဖြင့်ရရှိနေသော်လည်း လက်ရှ်ိအချိန်တွင် ၁၅၀၀ ကျပ် ကျော် ပေးချေရတော့မည်ဖြစ်သည်။
သို့သော်လည်း Mytel ဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကို MPA က ဆက်သွယ်မေးမြန်းခဲ့ရာ ဈေးနှုန်းအပြောင်းအလဲနှင့် ပတ်သက်ပြီး ညွှန်ကြားချက်မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
တယ်လီနော၊နှင့်အောရီဒူးစသည့် ပုဂ္ဂလိက အော်ပရေတာများ၏ မိုဘိုင်းလ်ခေါ်ဆိုသည့် နှုန်းထားနှင့် အင်တာနက် ဝန်ဆောင်မှု နှုန်းထားများနှင့် ပတ်သက် သည့် ပက်ကေ့ချ်နှုန်းထား ဈေးနှုန်းများကို ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပြည်သူများထံသို့ ဒီဇင်ဘာလ ၃ ရက်နေ့ကတည်း အသိပေးစာတိုများ ကြိုတင် ပေးပို့ထားသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသူတစ်ဦးကလည်း “ စစ်တပ်က သူတို့အနေနဲ့ အင်တာနက်မဖြတ်ဘူး။ ဒါပေမယ့် ဈေးကြီးလိုက်တဲ့အခါကျတော့ အရင်လို လူတိုင်း ပေါပေါများများ မသုံးနိုင်တော့ဘူး။ တချို့နေရာတွေမှာဆိုရင်လည်း အင်တာနက်မြန်နှုန်းတွေ နှေးပစ်လိုက်တယ်။ လူတိုင်းအင်တာနက်သုံးနေရင် သူတို့ရဲ့ယုတ်မာမှုတွေကို ကမ္ဘာက အချိန်မီ သိမှာစိုးရိမ်တာ” ဟု ပြောသည်။
သို့သော် အင်တာနက်အသုံးပြုမှုကို လျော့ချပြစ်ရန်ထက် ဝင်ငွေနည်းပါးနေသော အကြမ်းဖက်စစ်တပ်အနေဖြင့် ဝင်ငွေပိုမိုရရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေလာခြင်းက ပိုမိုဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။
လေ့လာသူတစ်ဦးက “Mytel စျေးမပြောင်းတာကို ကြည့်ရင် သိနိုင်တယ်။ စျေးပေါချင်ရင် Mytel သုံးဆိုတဲ့ သဘောပဲ။ ဒါလည်း သူတို့ ဝင်ငွေဖြစ်မှာလေ။ အခွန်ကလည်း သူတို့ပဲ ရမှာပဲ။ အဓိကတော့ သူတို့ ငွေကို ဘယ်ကရမလဲ အသည်းအသန်ရှာနေတာ”ဟု ပြောသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်သည် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု စျေးနှုန်းများကိုသာမက နေအိမ်များ၊ ရုံးများတွင် အသုံးပြုနေသော ကြိုးမဲ့အင်တာနက်စနစ် (Wifi) စျေးနှုန်းများကို မြှင့်တင်ရန်လည်း စီစဉ်နေကြောင်း သတင်း များ ထွက်ပေါ်လျက်ရှိသည်။
အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ အရာရှိတစ်ဦးက “ ဒီလကုန်ရင် တချို့ကုမ္ပဏီတွေက ဈေးတက် ကြမယ် ကြားတယ်။ ဒီကြားထဲမှာ စျေးတက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပြောရ မလဲ ဆိုတော့ အရင်ကလို အင်တာနက်ကို ဆိုင်မှာ စုသုံးရတဲ့ ပုံစံဖြစ်သွားကြလိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။
အကြမ်းဖက် စစ်တပ်က နိုင်ငံတော် အာဏာကို အတင်းအကြပ်သိမ်းပြီး နောက်ပိုင်း Mytel ကုမ္ပဏီ မှလွဲ၍ ကျန်ဆက်သွယ်ရေး ကုမ္ပဏီအားလုံးနီးပါးကို အင်တာနက်နှင့် ခေါ်ဆိုခနှုန်းထားများ ပြောင်းလဲခဲ့ရန်လည်း ဖိအားပေးခဲ့သဖြင့် အာဏာမသိမ်းခင် ကာလများထက် များစွာ ဈေးနှုန်းမြင့်တက်လာခဲ့သည်။
သို့သော် အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီကမူ အင်တာနက်စျေးနှုန်းများကို အခြားအော်ပရေတာများ ထက် စျေးနှုန်းလျော့ပြီး ရောင်းချမြဲ ရောင်းချနေခဲ့သည်။
မည်သို့ပင်ဆိုစေ ပြည်သူလူထုအများစုကမူ အကြမ်းဖက် စစ်တပ်သို့ တိုက်ရိုက် ဝင်ငွေမစီးဆင်းစေရန် အကြမ်းဖက် စစ်တပ်ပိုင် Mytel ကို သပိတ်မှောက်ထားသည်။
မိုဘိုင်းလ် ဖုန်းသုံးသူများနှင့် အရောင်းဆိုင်ပိုင်ရှင်များ၏ သပိတ်မှောက်မှုကြောင့် အာဏာသိမ်းပြီး သုံးလအတွင်း Mytel ဖုန်းကတ် သုံးစွဲသူ နှစ်သန်းခန့် လျော့ကျသွားခဲ့ပြီး Mytel ကုမ္ပဏီ၏ ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါး (ကျပ်ငွေ ၄၄ ဘီလီယံဝန်းကျင်) ထိခိုက်ခဲ့ကြောင်း Justice For Myanmar အဖွဲ့က နိုဝင်ဘာ ၅ရက်တွင် ထုတ်ပြန်ခဲ့သေးသည်။