ယခုနှစ်၊ မိုးစပါးရိတ်သိမ်းချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ စက်သုံးဆီရှားပါးပြတ်လပ်မှုကြောင့် ဆန်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်တွင် ကုန်ကျစားရိတ်များပြားလာသဖြင့် ယခုတစ်ပတ်အတွင်း ဆန်ဈေးနှုန်း ထပ်မံမြင့်တက်လာကြောင်း ဝါးတန်းဆိပ်ကမ်းအခြေစိုက် ဆန်၊ စပါးကုန်စည်ဒိုင်က ဆန်လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
လောင်စာဆီဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် ဆန်ကြိတ်ခွဲခနှုန်းထားများမှစ၍ သယ်ယူပို့ဆောင်၊ ဖြန့်ဖြူးစားရိတ်အထိ အဆင့်ဆင့်မြင့်တက်လာရာ ဆန်တစ်အိတ်လျှင် ပျမ်းမျှကျပ် ၁၀၀၀ ခန့် ပိုမိုကျသင့်နေကြောင်း ဆန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ရှင်းပြသည်။
“ ကြိတ်ခွဲခရယ်၊ သင်္ဘောတန်ဆာခရယ်၊ ရန်ကုန်မှာရှိတဲ့ ကားခရယ် အဲ့ဒီသုံးမျိုးပေါင်းလိုက်ရင်တောင်မှ ပျမ်းမျှ ၁၀၀၀ လောက်က အသာလေးတက်သွားတာ။ ဆီရဲ့အကျိုးဆက်က အဲ့ဒီလိုတက်သွားပြီ။ အဲ့ဒီလိုတက်သွားပြီးရင် ဆီဈေးပြန်ကျလည်း တက်ထားတဲ့ တန်ဆာခတွေက ပြန်မလျော့တော့ဘူး” ဟု ၎င်းက MPA ကိုဆက်လက်ပြောသည်။
ထို့ပြင် စပါးရိတ်သိမ်းရာ၌ အသုံးပြုသော ရိတ်ခြွေစက်ငှားရမ်းခများမှာ ယခင်နှစ်ကထက် နှစ်ဆခန့် ပိုမိုကုန်ကျသဖြင့် စပါးဈေးမှာလည်း ပေါ်ဦး၊ ပေါ်ဖျားရာသီမှာပင် ဈေးကွက်အတွင်းသို့ ဈေးအမြင့်ဖြင့်စတင်ဝင်ရောက်လာခြင်းမှာလည်း ဆန်ဈေးမြင့်တက်လာရခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ကြွေးမြီဆပ်ရန်အတွက် အရေးပေါ်ငွေလိုနေသော စပါးစိုက်တောင်သူအချို့မှလွဲ၍ ချောင်လည်သောတောင်သူများမှာ ယခုရိတ်သိမ်းထားသည့် မိုးစပါးများကိုသိုလှောင်၍ ဈေးကောင်းရမည့်အချိန်ကိုစောင့်နေသဖြင့် ဈေးကွက်အတွင်း လတ်တလော စပါးရှားပါးနေပြီး စပါးဝယ်ယူရာတွင် ဈေးကောင်းပေးဝယ်ရခြင်းကြောင့် ဆန်ဈေးနှုန်းများ လိုက်ပါမြင့်တက်လာခဲ့ကြောင်း ဆန်ကုန်သည်တစ်ဦးက ပြောသည်။
“ လှောင်ထားတဲ့သူတွေက ဈေးကောင်းစောင့်တာပေါ့။ ဝါခေါင်၊ တော်သလင်းတုန်းက စပါးတစ်တင်းကို ၃၅၀၀၀ – ၄၀၀၀၀ ဖြစ်သွားတယ်။ အဲ့ဒီလိုဖြစ်အောင် စောင့်ကြတာပေါ့” ဟု မကွေးတိုင်းက စပါးစိုက်တောင်သူတစ်ဦးကဆိုသည်။
နယ်စုံ၊ ရွာစုံမှ မိုးစပါးအသစ်များ လှိုင်လှိုင်ထွက်ပေါ်လာချိန်ဖြစ်သည့် ဒီဇင်ဘာလတွင် ယခင်နှစ်များက ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းလေ့ရှိခဲ့သော်လည်း ယခုနှစ်တွင် ဆန်ဈေးနှုန်းမှာ လုံးဝကျဆင်းခြင်း မရှိသည့်အပြင် တရိပ်ရိပ်မြင့်တက်လာသဖြင့် လာမည့်နှစ်တွင်လည်း ပြည်တွင်းဆန်ဈေးနှုန်းများထပ်မံ မြင့်တက်လာနိုင်ကြောင်း ဝါရင့်ဆန်လုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်သည်။
“ ဆန်ဈေးက ထပ်ကိုတက်ဦးမှာ။ အမြင့်ဆုံးဆန်က တစ်အိတ်ကို နှစ်သိန်းအထိ ရောက်ကိုရောက်သွားဦးမှာ။ အခုပေါ်ဦး၊ ပေါ်ဖျားပဲ ရှိသေးတဲ့ ၁၂ လပိုင်းမှာ ဖြစ်တဲ့ဈေးကိုက မြင့်နေပြီးသားအပြင်ကို စပါးကလည်း ဝယ်ရကျပ်တည်းတဲ့ အနေအထား၊ နောက်ပြီး ငွေကြေးကို မယုံကြည်တဲ့အနေအထား၊ အဲ့ဒါတွေကိုပေါင်းစုံပြီးတော့ အဖြေထုတ်ရလို့ရှိရင် ဈေးနှုန်းကအခုဖြစ်တဲ့ ဈေးထက် တက်ဦးမှာ” ဟု ဆန်လောကတွင် အနှစ် ၃၀ ကျော် အတွေ့အကြုံရှိသူတစ်ဦးက ခန့်မှန်းပြော ဆိုသည်။
လတ်တလောဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း(အဟောင်း)တစ်အိတ်လျှင် ၁ သိန်း ၈ သောင်းကျပ်၊ ရွှေဘိုပေါ်ဆန်း (အသစ်) တစ်အိတ်လျှင် ၁ သိန်း ၆ သောင်းကျပ်၊ ဧရာဝတီပေါ်ဆန်း(အဟောင်း) တစ််အိတ်လျှင် ၁ သိန်း၅ သောင်းကျပ်၊ ဧရာဝတီပေါ်ဆန်း(အသစ်)တစ်အိတ်လျှင် ၁ သိန်း ၂ သောင်းကျပ်နှင့် ဆန်အကြမ်း(အဟောင်း) တစ်အိတ်ဈေးနှုန်းမှာလည်း အမျိုးအစားပေါ်မူတည်၍ ၈ သောင်း ၂ ထောင်ကျပ်မှ ၉ သောင်းခွဲကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဝါးတန်းဆိပ်ကမ်း ဆန်၊ စပါးကုန်စည်ဒိုင်က သိရသည်။