ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်အတွင်း သက်ကြီးမိုးစပါးစိုက်ပျိုးထားသော တောင်သူများအနေဖြင့် စပါးရိတ်သိမ်းမည့်အချိန်တွင် စက်သုံးဆီရှားပါးမှုကြောင့် အခက်ခဲများစွာနှင့်ရင်ဆိုင်နေရကြောင်း ဒေသခံတောင်သူများထံကသိရသည်။
မိုးစပါးစတင်စိုက်ပျိုးစဉ်ကာလကတည်းက သွင်းအားစုကုန်ကျစားရိတ်များ မြင့်တက်လာသည့်အပြင် စက်သုံးဆီကို ဈေးကြီးပေးဝယ်နေရခြင်းကြောင့် စပါးရိတ်ခြွေခများပါ လိုက်ပါမြင့်တက်လာကြောင်း ဒေသခံတောင်သူတစ်ဦးကဆိုသည်။
“မနှစ်က ရိတ်ခြွေခက ခုနှစ်သောင်း၊ ရှစ်သောင်းပဲပေးရတာ။ ခုဆီဈေးကြီးလို့တဲ့ နှစ်သိန်းနားကပ်နေပြီ ပေးရတာ၊ မြေဆီဈေးတွေ၊ ဆေးဖိုးတွေကကြီးရတဲ့အထဲ ရိတ်ခကဒီလောက်ဈေးကြီးနေမှတော့ အစ်ကိုတို့အတွက်ဘာကျန်တော့မှာလဲ” ဟု ၎င်းကပြောသည်။
မိုးစပါးရိတ်သိမ်းချိန်တွင် ဈေးနှုန်းများအဆမတန်မြင့်တက်နေသည့် စက်သုံးဆီကို သွားရောက်ဝယ်ယူရာတွင်လည်း လိုသလောက်ဝယ်မရသဖြင့် စပါးရိတ်ခြွေစက်များ ငှားရမ်းရခက်ခဲနေခြင်းကြောင့် စပါးခင်းများလေလွင့်ပျက်စီးမှုများလည်း ရှိနေကြောင်း လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးကရှင်းပြသည်။
“ဆီတစ်ဂါလံကို အနည်းဆုံး နှစ်သောင်းပဲ၊ မှောင်ခိုဈေးကွက်က သုံးသောင်းကျော်တယ်၊ ဒါတောင်လိုချင်သလောက်မရဘူး၊ စက်(ရိတ်ချွေစက်)သွားငှားရင်ဆီမရှိလို့၊ ဆီဝယ်ပေးရင်ရိတ်ပေးမယ် ပြောတာစက်သမားတွေက၊ အန်တီဆို ၁၂ ဧကရှိတာ အခုမှ ၅ ဧကပဲ ရိတ်ရသေးတယ်၊ အန်တီတို့ရွာမှာတင် မရိတ်ရသေးတာ ဧက ၁၀၀ နီးပါးလောက်ရှိဦးမယ်။ စပါးတွေက မှည့်ကျွမ်းကျနေပြီး အပေါ်တစ်ဝက်၊ အောက်တစ်ဝက်တွေဖြစ်တော့မှာ” ဟု ၎င်းကပြောသည်။
စက်သုံးဆီရှားပါးမှုကြောင့် စပါးစိုက်ခင်းများရိတ်သိမ်းရာ၌ တွင်ကျယ်စွာရိတ်သိမ်းနိုင်ခြင်းမရှိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြဿနာရှာမည်ကိုလည်း စိုးရိမ်ထိတ်လန့်နေရကြောင်း ထိုဒေသသို့သွားရောက်ကာ စပါးရိတ်သိမ်းပေးနေသည့် စပါးရိတ်ခြွေစက်မောင်းနှင်သူတစ်ဦးကပြောသည်။
“တစ်နေ့ အနည်းဆုံး ၁၀ ဧက လောက်ရိတ်နိုင်ရမှာ၊ အခု ဆီကဝယ်မရတော့ ဆီနည်းသွားတာနဲ့ လယ်ထဲကပြန်လာရတာ။ တစ်နေ့ ၄ ဧက၊ ၅ ဧကလောက်ပဲရိတ်နိုင်တယ်။ ဒါတောင်နေ့တိုင်းမရိတ်နိုင်ဘူး။ ဒီကြားထဲစစ်တပ်နဲ့(သဲကုန်းမြို့နယ်၊ အင်းမမြို့(တပ်မ-၆၆(ခလရ ၅) နီးတဲ့ရွာတွေကို စပါးသွားရိတ်ရင် ဟိုကောင်တွေ(စစ်သား)က စစ်ဆေးမေးမြန်သေးတယ်။ ဘယ်ကလာတာလဲ၊ ဘယ်အိမ်မှာနေမှာလဲ မေးတာစုံနေတာပဲ၊ ပြဿာနာရှာခံရမှာကြောက်နေရတယ်ဗျ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ယခု ရိတ်သိမ်းနေသည့်ဒေသတွင် မိုးစပါးတစ်မျိုးသာ စိုက်ပျိုး၍ရသည့် မြေအမျိုးအစားဖြစ်သော ကြောင့် ဈေးကောင်းရသည့် သက်ကြီးစပါးမျိုးများကိုသာ စိုက်ပျိုးနေရကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၈ သောင်းကျော်စိုက်ပျိုးထားပြီး သက်ငယ်စပါးစိုက်ခင်းများ ရိတ်သိမ်းပြီးသော်လည်း သက်ကြီးစပါးစိုက်ခင်းများကို နိုဝင်ဘာလကုန်ပိုင်းမှသာ စတင်ရိတ် သိမ်းရခြင်းဖြစ်ကြောင်း စပါးစိုက်တောင်သူများထံက သိရသည်။