မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်သုံးဆီပြဿနာ ကြောင့် မိုးစပါးစိုက်ခင်းများ အချိန်မီမရိတ်သိမ်းနိုင်သဖြင့် အပျက်အစီးများကာ အထွက်နှုန်းများလျော့ ကျနေကြောင်း တောင်သူများကဆိုသည်။
အဆိုပါဒေသတွင် စပါးစိုက်ခင်းများရိတ်သိမ်းရာ၌ ပဲခူးတိုင်းအတွင်းမှ ရိတ်ခြွေစက်များငှားရမ်း ရိတ်သိမ်း လေ့ရှိပြီး ယခုနှစ်တွင် စက်သုံးဆီအခက်အခဲနှင့် လမ်းကြောင်းပိတ်ဆို့မှုများကြောင့် စပါးရိတ်ခြွေစက် များ အချိန်မီမရောက်ရှိသလို ရောက်ရှိလာသည့် ရိတ်ခြွေစက်များမှာလည်း စက်သုံးဆီအခက်အခဲ ကြောင့် ပုံမှန်လည်ပတ်နိုင်ခြင်းမရှိကြောင်း မြို့သစ်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူတစ်ဦးကဆို သည်။
“စပါးတွေ ကျွမ်းသွားတာ။ ကျွန်တော်ဆို ၈ ဧကစိုက်တယ်။ လုပ်သမျှဟာအကုန်ပဲ။ စပါးတွေကကျွမ်း တာကတော့ တစ်ရွာလုံးကစိုက်တဲ့သူတွေအကုန်ကျွမ်းတယ်၊ တစ်ဧကို တင်း အစိတ်၊ သုံးဆယ်လောက် လျော့သွားတယ်”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်နှစ်များက တစ်ဧကလျှင် စပါးတင်း ၈၀ ခန့်ထွက်သည့် စပါးခင်းများပင်လျှင် ယခုနှစ်တွင် စပါး တင်း ၅၀ ခန့်သာထွက်ရှိပြီး စပါးထွက်နှုန်းထက်ဝက်နီးပါးခန့်လျော့ကျသွားကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။
“ စပါးသိမ်းရတာ ကသီတာပေါ့။ ကိုယ်က လယ်တွေက သိမ်းချင်ပြီ။ စက်တွေက အခက်အခဲဖြစ်နေလို့ မလာနိုင်ဘူး။ ထွက်လာပြီးမှ လမ်းတစ်ဝက်မှာ တိုက်ပွဲဖြစ်လို့ စက်ကြီးရပ်ထားပြီး လူတွေက ပုန်းရှောင် နေရတာလည်းရှိတယ်။ စက်ကိုလိုက်ပို့တဲ့ကားကို ပေါ်တာဆွဲသွားလို့ သိန်း ၅၀ နဲ့ ပြန်ရွေးရတာတွေလဲ ရှိတယ်” ဟု တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
စပါးရိတ်ခြွေစက်များသည် စပါးများရင့်မှည့်ပြီး နှစ်ပတ်ခန့်ကြာမြင့်သည့်အချိန်မှ ရောက်ရှိလာပြီး စက်အ ရေအတွက်နှင့် ရိတ်သိမ်းရမည့် စပါးခင်းပမာဏမှာမျှတမှုမရှိခြင်းကြောင့် အလှည့်ကျရိတ်သိမ်းရန် ထပ်မံ စောင့်ဆိုင်းရသဖြင့် စပါးခင်းများပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ စက်က ဒီနေ့မောင်းမယ်ဆို ဒီဇယ်မရလို့ မမောင်းနိုင်ဘူးဆိုပြီး ရပ်နေရတဲ့စက်တွေရှိတယ်။ အဲဒီတော့ စပါးက အခင်းထဲမှာ နှစ်ရက်၊ သုံးရက်ထပ်ကြာသွားတော့ ပိုကျွမ်းတာတွေရှိတာပေါ့” ဟု ၎င်းက MPA သို့ရှင်းပြသည်။
လက်ရှိ တောင်တွင်းကြီးမြို့နှင့် မြို့သစ်မြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချသည့်ဆိုင်များတွင်လည်း ဒီ ဇယ်ပြတ်လပ်နေသဖြင့် အကန့်အသတ်ဖြင့်သာရောင်းချနေပြီး အချို့ရက်များတွင် လုံးဝပြတ်တောက် သွားသဖြင့် ဝယ်ယူ၍မရကြောင်း ဒေသခံများကဆိုသည်။
စက်သုံးဆီရှားပါးပြီး ဈေးနှုန်းများကြီးမြင့်နေခြင်းကြောင့် စပါးရိတ်ခြွေခများမှာလည်း ယခင်က တစ်ဧက လျှင် ကျပ် ၈ သောင်းခန့်သာရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ်တစ်သိန်းခွဲခန့်ပေးနေရကြောင်း တောင်သူများက ပြောသည်။