မြန်မာနိုင်ငံအနှံ့အပြားရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်နေသဖြင့် ဝယ်ယူရခက်ခဲနေခြင်း ကြောင့် လယ်ယာထွက်ကုန်ပစ္စည်းများ အချိန်မီမတင်ပို့နိုင်သဖြင့် သီးနှံပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း ကျေးလက်နေပြည်သူများကဆိုသည်။
တောင်သူများအနေဖြင့် စိုက်ခင်းမှရရှိသောသီးနှံများကို ရောင်းချမည့်နေရာသို့ သယ်ယူတင်ပို့ရာတွင် စက်သုံးဆီဂယက်ကြောင့် မော်တော်ယာဉ်ငှားရမ်းရခက်ခဲခြင်း၊ မော်တော်ယာဉ်ငှားရမ်းခများကြီးမြင့် လာခြင်းကြောင့် သီးနှံများပျက်စီးဆုံးရှုံးနေကြောင်း မိုးညိုမြို့နယ်အတွင်းရှိ တောင်သူအမျိုးသမီးတစ်ဦး က ရှင်းပြသည်။
“ခရမ်းချဉ်သီးတွေခူးထားတာ မှည့်ပြီးပုပ်တဲ့အလုံးကပုပ်နေပြီ။ ကုန်သည်ကလဲ ရန်ကုန်ပို့ဖို့ ကားဆီမရ လို့မသွားနိုင်ဘူးတဲ့။ ရွာတွေမှာ ဆိုင်ကယ်နဲ့လှည့်ရောင်းတဲ့သူတွေကလဲ ဆိုင်ကယ်ဆီမရှိလို့ လာမ ကောက်ဘူး။ အန်တီမှမဟုတ်ဘူး။ တစ်ခြားတောင်သူတွေလဲဒီလိုပဲ။ ဒီအတိုင်းသာဆက်သွားရင် အန်တီ တို့ရှုံးပြီ”ဟု ၎င်းကပြောသည်။
လယ်ယာမြေများအတွင်း သီးနှံများစိုက်ပျိုးရာတွင်လည်း စက်သုံးဆီအလွယ်တကူမရရှိသဖြင့် ရေသွင်း စိုက်ပျိုးရန်အချိန်နောက်ကျနေပြီး စိုက်ပျိုးထားသောသီးပင်စားပင်များ ဖွံ့ဖြိုးမှုနောက်ကျနေကြောင်း အုတ်ဖိုမြို့နယ်အတွင်းရှိ တောင်သူတစ်ဦးက ဆက်လက်ပြောသည်။
“လေးလေးက ငရုတ်နဲ့ ပြောင်းစိုက်ထားတာ။ အပင်တွေက ရေတောင်းနေပြီ၊ ရေတင်ဖို့က ဆီဝယ်မရလို့ မတင်နိုင်သေးဘူး။ အပင်တွေကရေမရှိတော့ အထနှေးနေတာ၊ ငရုတ်ပင်တွေဆို ရောဂါတွေဝင်ပြီး သေ တဲ့အပင်တွေသေကုန်ပြီ၊ ရေလောင်းဖို့ကလဲ မတတ်နိုင်ဘူး၊ ချောင်းနဲ့ဝေးတယ်” ဟု ၎င်းကဆိုသည်။
ကျေးရွာများမှ ထွက်ရှိသည့်သီးနှံများကိုဝယ်ယူပြီး ရန်ကုန်မြို့ရှိပွဲရုံများသို့ သွားရောက်ရောင်းချရာတွင် လည်း စက်သုံးဆီတန်းစီရသည့်အခက်အခဲအပြင် စစ်ဆေးဂိတ်များတွင်ပါ အချိန်ပိုမိုကြာမြင့်နေသဖြင့် ကုန်စည်ပို့ဆောင်မှုကိုရပ်နားထားကြောင်း ကုန်သည်တစ်ဦးကဆိုသည်။
“ဆီဆိုင်အများစုကပိတ်ထားတယ်။ ရတဲ့ဆိုင်ကလဲ တန်းစီရတာ အနည်းဆုံး ၃ နာရီလောက်ကြာတယ်။ စစ်ဆေးရေးဂိတ်မှာဲ အချိန်တစ်နာရီလောက်ထပ်ပေးရတယ်။ အကိုတို့က ပွဲရုံကိုအချိန်မီရောက်မှ အဆင် ပြေမှာ၊ အခုကားမထွက်တာ ၃ ရက်ရှိပြီ”ဟု ၎င်းကပြောသည်။
နယ်မြို့များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၄၀၀၀ မှ ၆၀၀၀ အထိပေးဝယ်နေရပြီး စက်သုံးဆီးဈေး နှုန်းများကြီးမြင့်လာခြင်းကြောင့် သီးနှံစိုက်ပျိုးသယ်ယူရာတွင် ကုန်ကျစရိတ်ပိုများလာသဖြင့် စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးနေကြသည့် တောင်သူများအနေဖြင့် ပိုမိုကျပ်တည်းလာကြကြောင်း သိရသည်။