မန္တလေးမြို့တွင် ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ပြီး စက်သုံးဆီများပြတ်လပ်နေသဖြင့် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်အချို့ ပိတ်သိမ်းထားလျက်ရှိကြောင်း မန္တလေးမြို့နေပြည်သူများက ဆိုသည်။
“ မနေ့ကတည်းက ဆိုင်တွေမှာ ဆီမရှိတော့ဘူး။ တစ်ချို့အရောင်းဆိုင်တွေဆိုပိတ်ထားတာတွေရှိတယ်။ တစ်ချို့ဘူးနဲ့ရောင်းတဲ့ဆိုင်တွေရှိတယ်။ အဲ့ဒီဆိုင်တွေမှာဝင်ထည့်နေရတယ်” ဟု ချမ်းအေးသာစံမြို့နယ် အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
ယခုတစ်ကြိမ်စက်သုံးဆီပြတ်လပ်မှုသည် စစ်ကောင်စီက အာဏာသိမ်းခဲ့သည့်ကာလအတွင်း ဒုတိယ မြောက်အကြိမ်ဖြစ်ပြီး စက်သုံးဆီဈေးနှုန်းများလည်း ရုတ်တရက်မြင့်တက်လာကြောင်း ချမ်းမြသာစည် မြို့နယ်အတွင်းနေထိုင်သူတစ်ဦးကဆိုသည်။
“အရင်က ဆီတစ်လီတာကို ၆၅၀ ပဲရှိတယ်။ အာဏာသိမ်းပြီးတော့ ၂၅၀၀ အထိတက်သွားတယ်။ အခု လုံးဝပြတ်သွားပြီ၊ အရင်တစ်ခါပြတ်တုန်းကလည်း တစ်လီတာကို အပြင်ပေါက်ဈေး ၅၀၀၀ ပေးဝယ်ရ တယ်။ အခုက ၃၀၀၀ ဖြစ်နေပြီ”ဟု ၎င်းကဆိုသည်။
ချမ်းအေးသာစံခရိုင်တရားရုံးအနီး မိတ္တူလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်း “မီးကပုံမှန်မလာဘူး။ လာ ချင်တဲ့အချိန်လာ၊ ပြတ်ချင်တဲ့အချိန်ပြတ်ဆိုတော့ မီးစက်နှိုးပြီးလုပ်ရတယ်။ အခုဓာတ်ဆီပါပြတ်တော့ ဓာတ်ဆီလိုက်ဝယ်နေရဝယ်”ဟုဆိုသည်။
စက်သုံးဆီပြင်ပပေါက်ဈေးမှာ 92(နိုင်တီတူး) တစ်လီတာလျှင်ကျပ် ၃၀၀၀ ဝန်းကျင်၊ 95(နိုင်တီဖိုက်) တစ်လီတာလျှင် ၃၃၀၀၊ ၃၅၀၀ ဖြင့်ရောင်းချနေပြီး အချို့ပြင်ပဆိုင်များတွင် 95(နိုင်တီဖိုက်) စက်သုံးဆီ များပြတ်လပ်နေပြီဖြစ်ကြောင်း စက်သုံးဆီရောင်းချသူများကဆိုသည်။
“ ဆီကရှိတယ်၊ ဒေါ်လာမရှိတော့ဝယ်ဖို့အဆင်မပြေဖြစ်နေတာ၊ ဆီပြန်ရဖို့အချိန်က ကြာအုံးမယ်”ဟု သီလဝါဆိပ်ကမ်းရှိ 92,95 ဖြန့်ချီသည့်ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။
စစ်ကောင်စီကတိုင်းပြည်အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ ၄ နှစ်နီးပါးကြာမြင့်လာသည့်အချိန်တွင် ရွှေဈေး၊ ဒေါ်လာဈေး၊ စက်သုံးဆီဈေးများ အဆမတန်မြင့်တက်လာသည့်အပြင် အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း အရှိန်အဟုန်ဖြင့်မြင့်တက်လာခဲ့ပြီး ကုန်ဈေးနှုန်းများဆက်လက်မြင့်တက်လာမည်ကို မြန်မာနိုင်ငံအတွင်းနေထိုင်သူများကစိုးရိမ်နေကြသည်။