စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊တန့်ဆည်မြို့နယ်တွင် စပါးသစ်ပေါ်ချိန်၌ စျေးကျပြီး လုပ်အားခမြင့်တက်နေမှုကြောင့် တောင်သူများ အရှုံးပေါ်ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်အနောက်ခြမ်းနှင့် မြောက်ခြမ်းတို့တွင် စပါးကို အများဆုံးစိုက်ပျိုးကြပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးခြင်းနှင့် နေအိမ်မီးရှို့ခြင်းတို့လည်း အများဆုံး ကြုံတွေ့နေရသည့် ကြားကပင် စပါးကိုစိုက်ပျိုးခဲ့ကြကြောင်း ဒေသခံအချို့ထံက သိရသည်။
” စပါးက အခုရိတ်ပြီးလို့ သိမ်းကြပြီ။ အခုက လက်နဲ့ရိတ်တဲ့သူက သိပ်ပြီးမရှိတော့ဘူး။ သူများစက်ဆို လိုက်ပြီးစက်နဲ့ရိတ်ရတာပဲ။ စက်စျေးကလည်း ခေါင်ခိုက်နေတာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။
တောင်သူအချို့ကမူ လက်ဖြင့်ရိတ်သိမ်းကြပြီး စပါးရိတ်ခ တစ်ရက်ကျပ်၁၀၀၀၀၊ ကောက်လှိုင်း စည်းခ တစ်ရက် ကျပ်၂၀၀၀၀ နှင့် စပါးခြွေခ ကျပ် တစ်ရက် ကျပ် ၂၀၀၀၀ ပေးရကြောင်း သိရသည်။
” အခုစပါးအသစ် တစ်တင်းကို ၁၈၀၀၀ တဲ့။ ဘယ်လိုလုပ်ပြီး ကျန်တော့မလဲ။ ရှုံးတာပါပဲ ” ဟု ၎င်းက ပြောသည်။
စပါးပေါ်သည်နှင့် ဆပ်စရာအကြွေးများရှိနေခြင်းနှင့် စစ်တပ်က စပါးများကို မီးရှို့မည်စိုးသဖြင့် ချက်ချင်း ရောင်းကြသည့် တောင်သူများကြောင်း တန့်ဆည်တောင်သူတစ်ဦးကပြောသည်။
” စိုက်ပျိုးရေးစရိတ်က စပါးပေါ်မှပေးနိုင်တာ။ ရိုးရိုးမဟုတ်ဘူး၊ အတိုးနဲ့ဆိုတော့။ စပါးကလည်းအသစ်ပေါ်တော့ စျေးကျတယ်။ ငွေကလည်း အရေးတကြီးလိုတော့ အောင့်မထားနိုင်ဘူး။ ပွဲစားတွေပေးတဲ့စျေးနဲ့ရောင်းရတာ။ကြာကြာလည်း မထားရဲဘူး။ စစ်ကြောင်းထိုးလို့ မီးရှို့သွားမှာလည်း ကြောက်ရသေးတယ်” ဟု ၎င်းက ဆိုသည်။
တန့်ဆည်မြို့နယ်အတွင်း ဘေးကြား၊ ရွှေဝါထွန်း၊ပေါ်ဆန်းမွှေးနှင့် စောရှုပ်ထွေးစပါးမျိုး တို့ကို စိုက်ပျိုးကြ ပြီး ယင်းအနက် ဘေးကြားကို အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စည်တုံးလုံးချောင်း (စည်ပတုံး) ချောင်းရေလျှံကာ တန့်ဆည်မြို့နယ်မြောက်ခြမ်းရှိ မိုးစပါးစိုက်ဧက ၃၀၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သေးသည်။