မလေးရှားနိုင်ငံ၏ စီးပွားရေးကျဆင်းလာမှုကြောင့် စက်ရုံ၊ အလုပ်ရုံများ လည်ပတ်အား လျော့ကျလာပြီး မလေးရှားရောက် မြန်မာအလုပ်သမားများ၏ လုပ်ခလစာမှာလည်း ယခင်ကထက် ထက်ဝက်ခန့် လျော့နည်းကွာဟလာသည်ဟု စုံစမ်းသိရှိရသည်။
“ လောလောဆယ် အိုတီ (over time) မရှိဘူး။ ဘယ်စက်ရုံမှာမှ အော်ဒါတွေကလည်း မဝင်တော့။ အရင်ကဆို တစ်ပတ်တစ်ရက်နား ၂၇၀၀ (RM) ကျော်ရတယ်။ ညဆိုင်းဆိုရင် ၂၉၀၀ (RM) ကျော်၊ ၃၀၀၀ (RM) လောက်ရတယ်။ အခုက ၁၄၅၀ (RM)။ ရက်ပျက်မရှိမှ” ဟု Shimano ကုမ္ပဏီ၏ လက်အောက်ခံ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာလူငယ်တစ်ဦးက ဆိုသည်။
ယခင်က မလေးရှားနိုင်ငံသို့ အဓိက အော်ဒါတင်သွင်းခဲ့သော နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး ယခု မလေးရှားနိုင်ငံ စီးပွားရေးကျဆင်းလာချိန်တွင် ဂျပန်နိုင်ငံမှ အော်ဒါတင်ပို့မှုမှာလည်း လျော့နည်းလာသည့်အတွက် စက်ရုံလုပ်ငန်းများ တဖြည်းဖြည်း အလုပ်ပါးလာသည်ဟု သိရသည်။
“ အခုဟာ မလေးရှား စီးပွားရေးလည်း ကျတော့ ဂျပန်ဘက်ကလည်း ပစ္စည်းတွေ မပို့နိုင်သေးဘူး ဒီဘက်ကို။ တချို့စက်ရုံတွေဆို ဒေဝါလီခံသွားပြီ။ တချို့စက်ရုံတွေဆို ပြန်ပို့တဲ့သူ ပို့ကုန်ပြီ။ လစာလည်း မထွက်ပါဘူး။ ၉ လပိုင်းက ၁၈ ရက်ပဲ အလုပ်လုပ်ရတယ်။ ၁၈ ရက်မှ ပိုက်ဆံလေး ၁၅၀၀ (RM) ပဲ ထွက်တယ်” ဟု ကားဝပ်ရှော့တစ်ခုတွင် အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ အချိန်ပိုအလုပ်ဆင်းခွင့်မရခြင်းကြောင့် ယခင်ကထက် လုပ်ခလစာ လျော့နည်းလာရသည့်အပြင် တစ်ဘက်တွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ကုန်ကျစရိတ်များပြားလာသဖြင့် ပိုလျှံငွေ လျော့နည်းလာသည်ဟု သိရသည်။
” အရင်တုန်းက စားပြီးသောက်ပြီးကို အိမ်ကို ၁၀ (သိန်း) လောက်က အသာလေး လွှဲနိုင်တယ်။ အခုနောက်ပိုင်းကတော့ ကုန်ဈေးနှုန်းတွေကလည်း တက်ကုန်ပြီ။ ဆန်ဈေးတွေလည်း တက်ကုန်တော့ ၅ သိန်း၊ ၆ သိန်း အလွန်ဆုံးပေါ့။ ဆန်ဆိုရင် အရင်တုန်းက သုံးနေကျက ၄၀ (RM) ဆိုရင် အခုဖြစ်သွားတာကျ ၁၀ (RM) ဝန်းကျင်လောက်တက်သွားတာ။ ၄၅ (RM)- ၅၀ (RM) လောက်ထိ ဖြစ်သွားတာ။ ဆန်ကတော့ အဓိက အတက်ဆုံး” ဟု ပလတ်စတစ် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးကလည်း ဆိုသည်။
မလေးရှားနိုင်ငံသည် လတ်တလော စီးပွားရေးအကျပ်အတည်းကြောင့် ကုန်စည်စီးဆင်းမှုကို ကြပ်မတ်ကွပ်ကဲနေသည့်အတွက် ပြည်တွင်းမှ ထုတ်သည့် ဈေးသက်သာသော စားသုံးဆီအား မလေးရှားနိုင်ငံသားများကိုသာ ဦးစားပေး ရောင်းချဖြန့်ဖြုူးလျက်ရှိပြီး နိုင်ငံခြားသားများကို ရောင်းချမပေးသဖြင့် ခိုးဝှက်၍ ဝယ်ယူသုံးစွဲနေရသည်ဟု မြန်မာအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။
“ ဆီဆိုလို့ရှိရင် သူတို့နိုင်ငံထဲမှာ ထုတ်တဲ့ဆီက တစ်ထုပ်ကိုမှ ၃ (RM) ခွဲ ၄ (RM) လောက်ပဲ ရှိတယ်။ မြန်မာဆိုင်တွေမှာ တင်ခွင့်မပေးဘူး။ ဒီဆီထုပ်လေးတွေ မြင်ရင်ကိုပဲ အဲ့ဒီဆိုင်တွေကို ပိတ်မယ်၊ ဖမ်းမယ် အဲ့ဒီလို ပုံစံမျိုးပြောထားတာ။ ကုန်ဈေးနှုန်းတက်တဲ့အချိန်မှာ သူတို့နိုင်ငံသားအတွက်ပဲ သုံးစေချင်တဲ့ပုံစံမျိုး။ Foreigner တွေကို သူတို့က ဈေးကြီးတဲ့ဟာမျိုး သုံးခိုင်းစေချင်တာ။ အခု အဲ့ဒီဆီတွေ ဝယ်တယ်ဆိုရင်ပဲ ပေါ်တင်ကြီး နင်းကန်မယူရဲဘူး။ ဝှက်ပြီး ယူလာရတာပေါ့။ တစ်ခုခုနဲ့ ထုပ်ပြီး” ဟု မလေးရှားနိုင်ငံတွင် လက်ရှိနေထိုင်ကာ အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမားတစ်ဦးက MPA သို့ ရှင်းပြသည်။
ထိုကဲ့သို့ အလုပ်ကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းစသည့် အဘက်ဘက်က ကျပ်တည်းလာမှုအပြင် မလေးရှားနိုင်ငံသားများက တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများအား ဖမ်းဆီးအရေးယူရန် အာဏာပိုင်များကို တွန်းအားပေးမှုများလည်း ရှိနေကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် စက်တင်ဘာလကုန်ခန့်မှ စ၍ နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ရာ နေရာများ၌ အော်ပရာစီဟုခေါ်သည့် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများကို အာဏာပိုင်များက ပြင်းပြင်းထန်ထန် ပြုလုပ်လာခြင်းကြောင့် တရားမဝင်နေထိုင်မှုနှင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားဦးရေ ၂၀၀ ကျော်ရှိသည်ဟု မြန်မာအလုပ်သမားအရေး အကူအညီပေးသူများက ခန့်မှန်းထားသည်။
ကမ္ဘာ့ဝယ်လိုအား လျော့နည်းခြင်းနှင့် အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံတွင်လည်း စီးပွားရေးဆိုင်ရာ နှေးကွေးမှုများ ဖြစ်ပေါ်နေသဖြင့် မလေးရှားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ လျော့ကျလာပြီး ၂ နှစ်နီးပါးကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားသည်ဟု မလေးရှားဗဟိုဘဏ်က အသိပေးထားသည်။