By MPA 003
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်ရေးအခြေနေကြောင့် ပိတ်ခဲ့ရသော မြဝတီ ကုန်သွယ်ရေးဇုန်ကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက်ပိုင်းတွင် မြဝတီနှင့် သင်္ဃန်းညီနောင်ကြားတွင်ရှိသော ကုန်သွယ်ရေးဇုန်ကို ပြန်လည်ဖွင့်လှစ်ခဲ့ ပြီး ဇုန်အဝင်မှာမူ ကုန်ကားများကို စစ်ဆေးမှုများ တင်းကျပ်နေကြောင်းနှင့် မြို့ထဲရှိ ဒေသခံပြည်သူများမှာ ပုံမှန်လုပ်ရှားသွားလာနေကြပြီဖြစ်ကြောင်း သိရသည်။
“ ဘာမှမဖြစ်တော့ဘူး အေးအေးဆေးဆေးပဲ။ အကုန်လုံး အလုပ်တွေလုပ်နေကြပြီ။ ကားတွေလည်း ပြန်ဝင်လာပြီ။ လမ်းမှာတော့ မနေ့က ကားတွေ ချက်ချင်းဖယ်ခိုင်းလိုက်တော့ အခု ကားလမ်းနည်းနည်းတော့ ကျပ်တာပေါ့။ ကျန်တာအားလုံး ပုံမှန်ပါပဲ ” ဟု မြဝတီဇုန်ထဲတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ယမန်နေ့ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်သွယ်ရေးဇုန်အတွင်း Export/ Import ကားများနှင့် ဇုန်ဝန်ထမ်းများအားလုံးကို ထိုနေရာမှဖယ်ရှားခိုင်းခဲ့ပြီး ၎င်းတို့၏ မိသားစုဝင်များကိုလည်း မြဝတီမြို့ထဲသို့ သွားရောက်နေထိုင်ခိုင်းကြောင်း သိရသည်။
ထိုနေ့နံနက်စောစောတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ တစ်ဦးသေဆုံးသွားပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။
ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သင်္ဃန်းညီနောင်အမြောက်ကုန်းမှ ကွင်းကလေးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။