By MPA 004
အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းကာလအတွင်း ပြည်သူလူထု၏ ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေစုဆောင်းထားမှုများသည် အလိုလိုနေရင်း ပိုင်ဆိုင်မှုများ ထက်ဝက်တန်ဖိုးလျော့ကျသွားသည်ဟု ယနေ့တွင် NUG ပြည်ထောင်စုဝန်ကြီးချုပ်က အသိပေးပြောကြားလိုက်သည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုတစ်ပတ်အတွင်း ကြားသိရသည့် အခြေအနေများသည် ပြည်သူများအတွက် စိတ်မကောင်းစရာများအဖြစ် ရှိနေပြီး လူတစု၏ အတ္တကြောင့် အမှန်တကယ်ကို ဆိုးရွားလွန်းသည့် အခြေအနေများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ပြောကြားသည်။
“ အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေကို သတင်းစကားပေးချင်တာကတော့ ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ကျွန်တော်တို့ အတူတူရုန်းကန်ကြရပါလိမ့်မယ်။ ကျွန်တော်တို့လည်း တပါတီအာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ မျက်စိပိတ်နားပိတ်နေခဲ့ကြရပြီး ဒီမိုကရေစီအသီးအပွင့်လေးမြင်တွေ့ရဖို့ နှစ်ပေါင်းများစွာ အသက် သွေးချွေး ပေးဆပ်ပြီး ကြိုးစားခဲ့ကြတာမို့ ဒီခရီးကရှည်ပေမယ့် ဆက်လက်ကြိုးစား လျှောက်လှမ်းရင်း အောင်ပွဲဆီသွားကြဖို့ လိုအပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးအတွက် အနိုင်တိုက်ရမယ့်နောက်ဆုံး ပွဲလည်းဖြစ်ပါတယ် ” ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့အတွက်ကြောင့် ပြည်သူလူထု၏ ရိုးရိုးသားသားလုပ်ကိုင်ရှာဖွေပြီး စုဆောင်းထားမှုများသည် ဘာမျှ မလုပ်မကိုင်ကြရဘဲ အလိုလိုနေရင်း ပိုင်ဆိုင်မှုများ ထက်ဝက်တန်ဖိုးလျော့ကြသွားသည့် အခြေအနေမျိုးနှင့် အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခဲလွန်းသည့် အခြေအနေမျိုးတွင် အဓိက တရားခံများကို အမြစ်ဖြတ်ရန်သာ အချိန်ကျပြီဖြစ်ကြောင်း ယနေ့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ ၆၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ပြည်ထောင်စု ဝန်ကြီးချုပ်က အသိပေးခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၆၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။