By MPA 004
ဇောတိကဓာတ်ငွေ့တွင်းစီမံကိန်းမှ ထိုင်းနိုင်ငံသို့ ပို့လွှတ်နေသည့် ပိုက်လိုင်းတစ်နေရာ ယိုစိမ့်မှုဖြစ်ခဲ့၍ ဓာတ်ငွေ့တင်ပို့ရောင်းချမှု ရပ်နားထားရာမှ လက်ရှိတွင် ပို့လွှတ်မှု ပြန်လည်စတင်ပြီဖြစ်ကြောင်း Upstram.com က ဖော်ပြသည်။
ကနဦးတွင် သတင်းများ၏ ဖော်ပြချက်အရ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဖွားရှင်မတောင်အနီးတွင်ရှိသည့် PTTEP ကုမ္ပဏီပိုင် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းအနေဖြင့် ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဖောက်ခွဲခံခဲ့ရသည်ဟု ဆိုသည်။
ဇောတိကဓာတ်ငွေ့တွင်းကို ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။ ပိုက်လိုင်းယိုစိမ့်မှု ပြင်ဆင်ပြီးနောက် ရက်သတ္တပတ်နှစ်ပတ်အကြာ (ဩဂုတ်လ ၁၄ ရက်နေ့) တွင် ပြန်လည် စတင်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဇောတိကစီမံကိန်းသည် နေ့စဉ် ဓာတ်ငွေ့ ကုဗပေ သန်း ၃၀၀ အထိ ထုတ်လုပ်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၈၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ ကျန်ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ရရှိသည်ဟု The Nation Thailand က ဖော်ပြသည်။ PTTEP ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် တိုတယ်ကုမ္ပဏီ၏ ရှယ်ယာများကို လွှဲပြောင်းရယူထားသည့် ကုမ္ပဏီတစ်ခုဖြစ်သလို ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။