တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူများကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဆိုင်များ အကုန်ပိတ်သိမ်း လိုက်ကြောင်း ယင်းမြို့နေ ဒေသခံများထံမှ သိရသည်။
မြန်မာ-ထိုင်း နယ်စပ် နေရာအချို့တွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေများကို အဓိကထား ရောင်းဝယ် လုပ်နေသူများ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံနေရသည်ဟု သတင်းများထွက်ပေါ်နေရာမှ အလားတူ ကော့သောင်းမြို့တွင်လည်း ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူများက စိုးရိမ်ပြီး ပိတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ ရေထွက်ပို့ကုန်တစ်ချို့ အခက်အခဲတွေဖြစ်ပေါ်လာနိုင်သလို အခြားသွင်းကုန်တွေ ရပ်တန့်သွားမဲ့ အနေအထားတွေဖြစ်လာနိုင်တယ် “ ဟု ကော့သောင်းမြို့ရှိ ရေလုပ်ငန်းရှင်တစ်ဦးကဆိုသည်။
ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက်နေ ဒေသခံတစ်ဦးက ‘’ ကော့သောင်းမှာ ဒီနေ့ပဲ ငွေလဲလှယ် လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ဆိုင်တွေကို ဖမ်းဆီးဖို့ဆိုပြီး စစ်တပ်၊ ရဲတွေ အပါဝင် ဒလန်တွေက အရပ်ဝတ်နဲ့ လိုက်လံ စုံစမ်းနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာတာပါ။ ဒါကြောင့် ဆိုင်တွေကို ပိတ်လိုက်တာ ဖြစ်ပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေချိန်တွင် ငွေကစားနေသည်ဟု စွပ်စွဲချက်နှင့် စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိနေသည်။
“လက်ရှိအချိန်အထိတော့ ဖမ်းဆီးခံရတာမျိုးမရှိသေးဘူး။ အတွင်းသတင်းတွေကြိုရလို့ ပိတ်လိုက်တာ ဖြစ်တယ် ” ဟု ကော့သောင်းမြို့ခံ ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ရှင်းပြသည်။
လက်ရှိ မြန်မာ-ထိုင်း နယ်စပ် ကော့သောင်းမြို့တွင် ယနေ့ ငွေပေါက်စျေးမှာ ထိုင်းဘတ်ငွေ ၁၀၀ ဝယ်စျေး သည် မြန်မာ ကျပ်ငွေ ၈,၉၀၀ ရှိနေကြောင်း သိရ သည်။
ယင်းမြို့ရှိ ကမ်းနားတစ်လျှောက်တွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေများကို ရောင်ပုံစား/ဝယ် ပြုလုပ်နေသည့် ဆိုင်ပေါင်း ၂၀ ကျော် ရှိပြီး ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် အထက်ပါ သတင်းများ ထွက်ပေါ်ပြီး နောက် ဆိုင်အားလုံးနီးပါး ပိတ်သိမ်းထားကြောင်း မြို့ခံများထံမှ သိရသည်။