By MPA 001
ရွှေရောင်းသူများနေသည့်အတွက် ရွှေဆိုင်အချို့ ရက်ချိန်းဖြင့် ရွှေပြန်ဝယ်ယူနေရကြောင်း ယနေ့ ရွှေသွားရောက်ရောင်းချသူ အမျိုးသမီးတစ်ဦးကပြောသည်။
ယနေ့ ရွှေနန်းတော် ရွှေဆိုင်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ ရွှေစျေးသတ်မှတ်စျေးအတိုင်း စျေးမဖြတ်ဘဲ ၁၅ပဲရည် ရွှေတစ်ကျပ်သားကို ၂၄သိန်းဖြင့် စျေးဖြတ်ကာ ၁၉ရက်နေ့တွင် ပြန်လည်ရောင်းချရန် ချိန်းဆိုခဲ့ကြောင်း ယင်းအမျိုးသမီးက ရှင်းပြသည်
“ အမက ဒီနေ့ ရွှေသွားရောင်းတာ။ အရင်က ရွှေနန်းတော်မှာ ဝယ်တာဆိုတော့ အဲ့မှာပဲသွားရောင်းတာ။ စျေးပဲဖြတ်ပေးလိုက်တယ် ။ ချက်ချင်းမဝယ်ဘူး။ ၁၉ရက်နေ့ချိန်းတယ်။ အခုဘာလို့ရောင်းမရတာလဲ မေးတော့ ရွှေရောင်းတဲ့ လူစာရင်းစာအုပ်ကိုပြတယ်။ အများကြီးမို့လို့ဆိုပြီး ပြောတယ် ” ဟု ယနေ့ ရွှေသွားရောက်ရောင်းချသူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ရန်ကုန်တိုင်း၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှ ရွှေစျေးနှုန်းအပိတ်စျေးကို ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း နှစ်ဆယ် ရှစ်သောင်း ခြောက်ထောင်ဖြင့် ယနေ့(ဩဂုတ်လ ၁၅ရက်)နေ့ ၊ နေ့လယ် ၂နာရီ ၃၀မိနစ်က ပြင်ပပေါက်စျေးထက်များစွာ လျှောပေါ့သတ်မှတ်ထားသော်လည်း ယင်းစျေးဖြင့် မရောင်းချပေးကြောင်း YGEAအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ အသင်းက ရောင်းတယ်လို့မပြောဘူး။ စစ်တပ်အကြိုက် စျေးသတ်မှတ်ပေးတာပဲရှိတာ။ အခု အခေါက်ရွှေစျေးက ၂၈သိန်းကျော်နေပြီ။ စျေးကွက်က အရင်ကပြောသလိုပဲ ပျက်နေပြီ။ နောက်ဆို ရွှေဆိုင်တွေ ရွှေကိုင်ပြီး အဝယ်မရှိဘဲ ပြန်သွင်းရွှေကိုပဲ စာရင်းမှတ်နေရလိမ့်မယ် ” ဟု YGEAအသင်း၏ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
လက်ရှိရွှေစျေးကွက်သည် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ သတ်မှတ်စျေးအတိုင်း ရွှေရောင်းချသူ လုံးဝမရှိဘဲ နာမည်ကြီးရွှေဆိုင်များတွင် ရွှေလာရောက်ဝယ်ယူသူနည်းပါးကာ ရွှေပြန်လည်ရောင်းချသူများပြားနေသောကြောင့် လက်ငင်းငွေမရှင်းပေးနိုင်ဘဲ ရက်ချိန်းဖြင့် အသွင်းလက်ခံနေရကြောင်း MPAမှ စုံစမ်းသိရသည်။