ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (ဧပြီ ၂၂ ရက်)၊ မနက် ၇ နာရီခန့်မှစ၍ မိုးမောက်မြို့နယ်၊ ခလရ ၄၃၇ အမြောက်တပ်ရင်းမှ ထွက်လာသည့် အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ တိုက်ပွဲက ငြိမ်နေတာ တစ်လနီးပါးလောက်ရှိပြီ၊ ဒီမနက်မှ ခါနန်ရပ်ကွက်ဘက်မှာ စပြီး ပြန်ဖြစ်တာ၊ ၇ နာရီလောက်ကနေ ၁၁ နာရီအထိ လက်နက်ကြီးသံတွေ မရပ်ဘူး။ လေယာဥ်နဲ့လည်း လာပစ်တယ်။ အိမ်တစ်လုံးကတော့ လက်နက်ကြီးကျလို့ ပျက်စီးသွားတယ်လို့ သိရတယ်၊ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး သေတယ်၊ ထိခိုက်မှုကတော့ အတိအကျမသိရသေးဘူး” ဟု မိုးမောက်ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ဗန်းမော်မြို့ရှိ စကခ ၂၁ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)၊ ခလရ ၂၃၆ နှင့် ခလရ ၄၇ တပ်ရင်းများနှင့် မိုးမောက်မြို့နယ်ရှိ ခလရ ၄၃၇ အမြောက်တပ်ရင်းမှလည်း တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
“ မိုးမောက်မှာက အဓိက တပ်ရင်း ၈ ခုထဲမှာ ၇ ခုက KIA တွေ သိမ်းထားပြီ၊ ခလရ ၄၃၇ ပဲ ကျန်တော့တာ။ စစ်ကောင်စီကမြို့ကို လက်လွှတ်လိုက်ရမှာ ကြောက်နေတာလေ၊ ဗန်းမော်မှာလည်း ပြေးလာတဲ့ စစ်သားတွေနဲ့ ခံစစ်ပြင်နေတယ်၊ ဗန်းမော်က အချက်အချာလည်းကျတဲ့မြို့ဖြစ်တော့ ပိုပြီးတင်းကျပ်နေတာ” ဟု ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
မတ်လဆန်းပိုင်းမှစ၍ မိုးမောက်မြို့တွင်း၌ တိုက်ပွဲများဖြစ်ပွားလာနိုင်သည်ဟူသော သတင်းများကြောင့် ဒေသခံအချို့မှာ ဗန်းမော်၊ မံစီနှင့် မြစ်ကြီးနားမြို့သို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
“ ကျွန်မတို့လည်း မတ်လထဲက ဗန်းမော်ကို ပြောင်းလာတာ၊ အခုညနေထိလည်း မိုးမောက်ဘက်ကနေ ဗန်းမော်ဘက်ကို တိုက်ပွဲရှောင်တဲ့သူတွေ လာနေကြတယ်” ဟု မိုးမောက်မြို့မှ ဗန်းမော်မြို့သို့ စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်မှစ၍ မိုးမောက်မြို့နယ်အတွင်းရှိ စစ်ရေးအရ အရေးပါသည့် ဒေါ့ဖုန်းယန်အနီး ခလရ ၁၄၂၊ ဒါဆိုင်းကျေးရွာရှိ ခလရ ၂၃၇၊ နွမ့်လန်အခြေစိုက် ခမရ ၄၃၈၊ ခမရ ၆၁၆ ဒုံးတပ်ရင်း၊ နောင်ကွန်အခြေစိုက် အမြောက်တပ်ရင်း ၃၇၀၊ ကုန်းလော ခမရ ၃၈၇၊ မြို့သစ် ၃၂၀ တပ်ရင်းများနှင့် တပ်စခန်းငယ်များကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ သိမ်းပိုက်ထားနိုင်ခဲ့သည်။