ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ၃ ရက်တာတိုက်ပွဲအတွင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁ က ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း ကျားဖြူတပ်ခွဲ ၁ ၏ သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။
ဧပြီ ၁၉ ရက်တွင် ရဲဘော် စံထွန်း (ခ) စဝီရာဝင်း ကျဆုံးခဲ့ပြီး ဧပြီ ၂၀ ရက်တွင် ရဲဘော် အချောကြီး (ခ)သုတစိုးနှင့် ရဲဘော် ပန်းချီဆရာ (ခ) အောင်သင်္ကြန် ကျဆုံးခဲ့ကာ ဧပြီ ၂၁ ရက်တွင် ရဲဘော် ဝတုတ် (ခ) ဇင်မင်းအောင်တို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။
” ရန်သူကို ခုခံတွန်းလှန်ရင်း ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။ ရန်သူရဲ့ အဆိပ်ငွေ့ဓာတုဗုံးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ကူတွေ နောက်ပြီးတော့ အလုံးအရင်းနဲ့ ဖိလာတဲ့ အားတွေကြောင့် ကျွန်တော်တို့ ကလေးတွေ ကျဆုံးခြင်းဖြစ်သည်။ ကျွန်တော်တို့ကလေးတွေက ရဲရင့်စွာနဲ့ နောက်ဆုံးကုန်တဲ့ ကျည်ဆန်အထိကို တွန်းလှန်သွားတယ်ဗျ” ဟု ကျားဖြူစစ်ကြောင်း၏ ဒုတပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောသည်။
မြဝတီမြို့သို့ စစ်ကူသွားရောက်ရန် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်များက ကော့ကရိတ်မြို့တွင် တားဆီးပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ယင်းတိုက်ပွဲများအတွင်း အထက်ပါ ရဲဘော် ၄ ဦးကျဆုံးခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ ကျည်နဲ့ စစ်သုံးပစ္စည်းတွေလဲ လိုအပ်နေတယ်။ ရဲဘော်တွေဆီမှာ အလုံအလောက်မရှိနေဘူး။ ကျည်ကာတို့ ကျည်ကာဦးထုပ်တို့ပေါ့။ ကျသွားတဲ့ ရဲဘော်တွေ ဆိုတာကလဲ တပ်ပြန်ဆုတ်ချိန် တခြားရဲဘော်တွေကို ကာပစ်ပေးရင်း ကျဆုံးခဲ့ရတာပါ” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာန တာဝန်ခံ ထွန်းထွန်းက ရှင်းပြသည်။
အဆိုပါ ရဲဘော် ၄ ဦးကျဆုံးခဲ့ရသည့် ဧပြီ ၁၉ ရက်မှ ဧပြီ ၂၁ ရက်အထိ တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကူတပ်ရှိ သံချပ်ကာကား အပါအဝင် လက်နက်တပ်ဆင်ထားသည့် စစ်ကားများအား သိမ်းဆည်းရရှိခဲ့ကြောင်း KNU စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနဲ့ ဖျက်ဆီးရမိတဲ့ ရန်သူပိုင်ပစ္စည်းတွေကို ကျွန်တော်တို့ သေချာပြန်စိစစ်နေဆဲပါ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ၏ အဆက်မပြတ် ဖြတ်တောက်
တိုက်ခိုက်ခြင်းများကြောင့် အဆိုပါ စစ်ကူတပ်၏ စစ်သား ၁၀၀ ကျော် ထိခိုက်သေဆုံးပြီး သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ဧပြီ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ကော့ကရိတ်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်မှစတင်၍ စစ်ကောင်စီ၏ အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဥ် ရှစ်စီး၊ ကားအစီးရေ ၂၂ စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ ခန့်ပါရှိသော အဆိုပါစစ်ကူယာဥ်တန်းသည် မြဝတီမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ဆက်လက်ချီတက်နိုင်ခြင်းမရှိဘဲ လက်ရှိအချိန်အထိ ဒေါနတောင်တန်းအနောက်ဘက် တောင်ခြေတွင်သာ ရပ်တန့်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။