PDF များသိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ကို စစ်ကောင်စီက ဧပြီ ၂၂ ရက်၊ နံနက်၂ နာရီခွဲအချိန်တွင် ဂျက်ဖိုက်တာ ၂ စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အရပ်သား ၂ ဦးသေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ခမ်းပါတ်မြို့အမှတ်(၁)ရပ်ကွက်နှင့် နန်းစံပြရပ်ကွက်များကို ဂျက်ဖိုက်တာ ၂ စင်းဖြင့် တစ်နေရာလျှင်ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ခမ်းပါတ်မြို့အမှတ်(၁)ရပ်ကွက်အတွင်းနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ အမှတ်(၁)ရပ်ကွက်မှာက မုဆိုးမသားအမိနေတဲ့အိမ်ပေါ်ကိုကျတာမှာ သမီးကပွဲချင်းပြီးသေသွားတယ်။ မအေက ခြေထောက်ဖြတ်ရမယ်လို့ပြောတယ်။ ပြီးတော့နောက်တစ်အိမ်က သားကအကုန်လွင့်သွားတာ။ dead body က တခြားခြံဝန်းထဲကနေတွေ့ရတာ။ ဖအေက မျက်လုံးထိသွားတယ်။ အမှတ်(၁)က ၂ ယောက်သေတယ် ၅ ယောက်ထိခိုက်တယ်။ နန်းစံပြဘက်ကတစ်ယောက်ထိခိုက်တယ်။ အိမ် ၆ လုံးလောက်ထိခိုက်ပျက်စီးတယ်ဗျ” ဟု ၎င်းကရှင်းပြသည်။
ခမ်းပါတ်မြို့အနီးပတ်ဝန်းကျင်သို့ စစ်ကောင်စီက စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများအား အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ တမူးဘက်ကတော့ စစ်ကြောင်းကငြိမ်နေတယ်ဗျ။ ကလေးမြောက်ပိုင်းမှာတော့ စစ်ကြောင်းထိုးတာတွေရှိနေတယ်။ ဒါပေမယ့် ခမ်းပါတ်ဘက်တော့ ရောက်မလာပါဘူး။ အခုကဘာကြောင့် လေကြောင်းတိုက်ခိုက်တယ်ဆိုတာ မပြောနိုင်သေးဘူး။ အကြောင်းမဲ့လာပစ်တယ်လို့ပဲ ယူဆရမှာပေါ့” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုသည်။
ခမ်းပါတ်မြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီအနေဖြင့် ခမ်းပါတ်မြို့ကိုပြန်လည်ရရှိရေးအတွက် ဒီဇင်ဘာလအတွင်းက အကြိမ်ကြိမ်စစ်ကြောင်းထိုးခဲ့သော်လည်း အထိအခိုက်များစွာဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့ကြရသည်။