မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ တံတားဦးလေတပ်အနီးတွင် ကင်းပတ်နေသည့် စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးကြောင်း သိရသည်။
ဧပြီ ၂၁ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က တံတားဦးလေတပ်အနီးတွင် ကင်းပတ်နေသည့် စစ်သား ၈ ဦးခန့်ပါသော စစ်ကား ၁ စီးကို မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနောက်ခန်း၌ လိုက်ပါလာသည့် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Kyaukse Revolution Army အဖွဲ့က သတင်းထုတ်ပြန်သည်။
” စစ်ကားက 4 Wheels အစိမ်းရောင်။ လေတပ်ရဲ့ ၈ မိုင် ပတ်လည်လောက်မှာ ကားမိုင်းအကြီးနှစ်လုံးနဲ့ဆွဲတာ” ဟု Kyaukse Revolution Army အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုညဏ်လင်းက ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်သားများက သေနတ်များပစ်ဖောက်ကာ လမ်းဘေးတဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း ၎င်းကပြောသည်။
” တစ်ခါတည်း ၄ ကောင်ကျသွားတယ်။ မြင်တွေ့တဲ့ ပြည်သူကပြောတာပေါ့” ဟု စဉ့်ကိုင်မြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဧပြီ ၁၇ ရက်တွင် တံတားဦးလေတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် လေဆိပ်ပတ်ဝန်းကျင်သို့ စစ်တပ်က နေ့စဉ် ကင်းလှည့်နေကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Kyaukse Revolution Army (KRA)၊ Kyaukse District Defense Force (KDDF) နှင့် စဥ့်ကိုင်မြို့နယ် ပကဖ တို့ ပူးပေါင်းဆင်နွှခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။