ရေကြောင်းဆိုင်ရာ စစ်လက်နက် တီထွင် ထုတ်လုပ် နေကြောင်း Federal Wings က ဆိုသည်။
ယနေ့ (ဧပြီ ၆ ရက်) နံနက်ပိုင်းတွင် Federal Wings က “ရေဘဲတွေကို ဝိုက်ဖို့ မိကျောင်းမွေးနေပါတယ်” ဆိုသည့်ခေါင်းစဉ်ဖြင့် ရုပ်သံ ထုတ်ပြန်ခဲ့သည့်အပေါ် MPA က ဆက်သွယ်မေးမြန်းခဲ့ရာ Federal Wings ၏ တာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
“ စစ်ရေးမှာ လျှို့ဝှက်နိုင်လေ ကောင်းလေဆိုပေမဲ့ ကျွန်တော်တို့ဖြစ်နေတာက လျှို့ဝှက်လွန်းပြန်ရင် လူမသိဖြစ်ပြီး Funding မရှာနိုင်တော့တာမို့ အီသွားတဲ့သဘောဖြစ်နေပါတယ်။ ဒီလောက်ထုတ်ပြန်ရတာကိုက မဖြစ်သာလွန်းလို့ ထုတ်ပြန်ရတဲ့သဘောပါ” ဟု ၎င်းက ပြောသည်။
Federal Wings သည် မြဝတီနှင့် ကော့ကရိတ်မြို့အခြေစိုက် စစ်တပ်များကို ဒရုန်းဖြင့် ထိထိရောက်ရောက်တိုက်ခိုက်နေပြီး ရေကြောင်းဆိုင်ရာ တိုက်ခိုက်မှုများကိုပါ စတင်စမ်းသပ်နေသည့် သဘောရှိကြောင်း Federal Wingsနှင့် နီးစပ်သည့် မြဝတီအခြေစိုက် စစ်ကြောင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အခု FW (Federal Wings)က ပြည်သူကို ချပြလာပြီဆိုတော့ အခြေအနေတစ်ခုအထိ ပြီးမြောက်နေတဲ့ သဘောမှာရှိတယ်ပေါ့။ စစ်ကောင်စီအနေနဲ့ FW ကို ကြောက်လား၊ မကြောက်လားဆိုတာ သူတို့ ကိုယ်တိုင်ရုပ်ရှင်ထဲထည့်ရိုက်ရတာပဲကြည့်လေ။ ရေကြောင်းဆိုင်ရာ စစ်လက်နက်နဲ့ ပတ်သက်ပြီး FW ကဖော်ပြလာတဲ့အချိန်တစ်ခုကို စောင့်ပေးကြပါ။သက်ဆိုင်ရာအဖွဲ့က အကောင်းဆုံးတိုက်ခိုက်နိုင်အောင် ကြိုးစားနေတယ်လို့ပဲ ပြောပါရစေ” ဟု ၎င်းက ပြောသည်။
ယနေ့ ထုတ်ပြန်ထားသည့် ရေကြောင်းဆိုင်ရာ ရှေ့မြင်ကင်မရာပါစက်တပ်ယာဉ်ထုတ်လုပ်နေမှုနှင့် ပတ်သက်ပြီး ပြည်သူများအနေနှင့် ယုံကြည်စွာဖြင့် ပံ့ပိုးပေးရန် Federal Wings က MPA မှ တစ်ဆင့်မေတ္တာရပ်ခံထားသည်။
“ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အသိအမှတ်ပြုပြီး ဝိုင်းကူပေးကြပါ။ ပြည်သူလူထုကိုပဲ အားကိုးပါတယ်” ဟု Federal Wings တာဝန်ရှိသူကပြောသည်။
လက်ရှိတွင် Federal Wings သည် NUGကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်း -၁၈၀၁တွင်လည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။