ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒါဆိုင်းကျေးရွာရှိ စစ်ကောင်စီ၏ ခလရ ၂၃၇ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ဒါဆိုင်းစစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် မတ် ၇ ရက်မှစ၍ KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၊ ယနေ့ (မတ် ၁၄ ရက်)၊ မနက် ၈ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ ဒါဆိုင်းတပ်စခန်းကို ထိုးစစ်ဆင်တာ တစ်ပတ်ကျော်ရှိသွားပြီ၊ ဒီမနက်အစောက ပြန်ပြီး ဝင်တိုက်တာ၊ လက်နက်တွေ သိမ်းဆည်းရမိတယ်။ လေကြောင်းကလည်း လာပစ်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
KIAက သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီတပ်၏ ဒါဆိုင်းစစ်ကောင်စီတပ်စခန်းမှာ လိုင်ဇာဌာနချုပ်အနီး၊ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်၌ တည်ရှိပြီး၊ ဆယ်စုနှစ်တစ်ခုကြာ တပ်စွဲထားသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်း ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ ကုန်းလောနဲ့မြို့သစ်ရွာအနီးနားမှာ ရှိတဲ့တပ်ဆိုတော့ အဲ့ဒီနေရာတွေကလည်း လှမ်းပစ်တယ်၊ ဗန်းမော် ခလရ ၄၇ ဘက်ကလည်း ပစ်တယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မတ် ၁၁ ရက်၊ ည ၉ နာရီခန့်တွင်လည်း အဆိုပါ ခလရ ၂၃၇ မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးမှာ မိုးမောက်မြို့နယ်ရှိ၊ စစ်ရှောင်စခန်းတစ်ခုသို့ ကျရောက်ပေါက်ကွဲ၍ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ ကာမိုင်းနှင့် ဆွမ်ပရာဘွမ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။