စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းအတည်ပြုခဲ့ပြီးနောက် ပဲခူးတိုင်း၊ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ စစ်သင်တန်းတက်ရောက်ရန် လူငယ် ၆၀ ကျော် ပူးပေါင်းဝင်ရောက်လာကြောင်း သိရသည်။
စစ်မှုဌာန်းဥပဒေကို အတည်ပြုပြဌာန်းခြင်းမရှိသေးမီကအချိန်က လူငယ်အနည်းငယ်သာ တော်လှန်ရေးရဲဘော်များနှင့် လာရောက်ပူးပေါင်းမှုရှိခဲ့သော်လည်း ဥပဒေပြဌာန်းပြီး ရက်သတ္တပတ် ၃ ပတ်ဝန်းကျင်အတွင်း လူငယ်အများအပြားလာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အမျိုးသားတွေများတယ်၊ အမျိုးသမီးက ၅ ယောက်လောက်ပဲပါတယ်၊ ကျွန်တော်တို့ သူတို့ကို (လူငယ်တွေ) စစ်ပညာသင်ကြားပေးဖို့ မဟာမိတ်အဖွဲ့တွေနဲ့ ချိတ်ဆက်နေပါတယ်”ဟု၎င်းကဆိုသည်။
ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ ဝင်ရောက်၍ စစ်သင်တန်းတက်ရန် ဆက်သွယ်လာသည့် လူငယ်အများအပြားလည်းရှိနေသေးပြီး ရိက္ခာပိုင်းလိုအပ်ချက်များရှိနေသလို ဆက်သွယ်ထားသည့်လူငယ်များအနက်မှ ခိုင်မာသည့် ထောက်ခံချက်မျိုးပေးနိုင်သူများကိုသာ စီစစ်လက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံအရာရှိကပြောသည်။
“သူတို့(ဆက်သွယ်လာသည့်လူငယ်များ)ထောက်ခံပေးမယ့် အစ်ကိုတို့အမာခံတွေက အတည်ပြုချက်လိုတယ်၊ အဲဒီလူတွေက အတည်ပြုချက်ရမှ အစ်ကိုတို့ လက်ခံတာ၊ သေချာဆောင်ရွက်နေပါတယ်၊ ပြီးတော့အစ်ကိုတို့မှာ ရိက္ခာပိုင်းလိုအပ်နေတယ်၊ ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေဆီ အလှူခံထားတယ်၊ အဆင်ပြေအောင်တော့ကြိုးစားသွားမှာပါ၊ ပြည်သူတွေလည်းတတ်နိုင်တဲ့ဘက်က ဝင်ကူစေချင်တယ်၊ တိုက်ခိုက်ရေးမှမပါဝင်နိုင်ရင် ထောက်ပို့ပိုင်းတော့ ပါဝင်ကူညီစေချင်တယ်၊ ဒါမှ အာဏာရှင်မြန်မြန်ကျဆုံးမှာ”ဟု ၎င်းက ဆိုသည်။
ယခင်တည်းက တော်လှန်ရေးအဖွဲ့များထံ လာရောက်ပူးပေါင်းချင်သော်လည်း မိသားစုစားဝတ်နေရေးအတွက်ရုန်းကန်နေရပြီးအဆက်သွယ်ပြတ်တောက်နေခြင်းကြောင့် ဝေါမြို့နယ်ပကဖထံရောက်ရှိလာနိုင်ခြင်းမရှိခဲ့ကြောင်း ရဲဘော်သစ် လူငယ်တစ်ဦးက ပြောသည်။
“ကျွန်တော် အခုညီကိုတွေနဲ့တူတူ တိုက်ပွဲဝင်ရတော့မယ်ဆိုပြီးပျော်နေတာ၊ ပြီးတော့ ကျွန်တော်တို့ ဒီမတရားမှုကြီးကို ခေါင်းငုံ့ခံနေမယ်ဆိုရင် ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေ တက်လမ်းတွေလည်းရှိမှာမဟုတ်တော့ဘူး။ ဒီဒုက္ခဆင်းရဲကြီးထဲမှာပဲနေ နေရမှာ၊ ဒါကြောင့် ကျွန်တော် ဒီလက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာပါ၊ ကျွန်တော်နောင်တလည်းမရပါဘူး။ အာဏာရှင်ကို ကျွန်တော်အသက်ရှင်သ၍တွန်းလှန်သွားမှာပါ” ဟု ၎င်းကဆိုသည်။
၂၀၂၄ ခုနှစ်၊ နှစ်စမှစတင်၍ ဝေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူအများအပြားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတရားဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။