စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်မတော်(SNA)များတပ်စွဲထားသော ကမ္ဘာလုံးစေတီစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၆ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက ယနေ့သတင်းထုတ်ပြန်သည်။
ကမ္ဘာလုံးစေတီတွင် စစ်ကြောင်းမှူးဝင်ကို ဦးစီးသည့် SNA တပ်မဟာ(၈၉၁)၊ တပ်ရင်း(၂)က အင်အား ၆၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂၅ ရက်၊ ညနေ ၅ နာရီအချိန်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တမူးမြို့နယ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MPA ကိုပြောသည်။
“ ၂၅ ရက်နေ့မှာစတိုက်တယ်။ ၂၆ ရက်နေ့မှာအလုံးစုံရရှိတယ်ဗျ။ ကမ္ဘာလုံးစေတီတိုက်ပွဲမှာတော့ SNA တစ်ယောက်ကျတယ်။ ကျွန်တော်တို့အလုံးစုံသိမ်းပိုက်ရရှိတဲ့အချိန်မှာ သူတို့အကုန်လုံးဆုတ်ခွာသွားတယ်ပေါ့။ အဲ့ဒါကို ကျွန်တော်တို့အထူးလှုပ်ရှားစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ SNA ၄ လောင်း ထပ်ရတယ်။ စုစုပေါင်း ၅ လောင်းပေါ့” ဟု ၎င်းကရှင်းပြသည်။
တိုက်ပွဲအတွင်း M – 22 (၁) လက်၊ G-3 (၄) လက်၊ G-3 ကျည် (၆၇၅) တောင့်၊ 7.62*39 ကျည် (၂၃၅) တောင့်၊ 5.56 ကျည် (၁၇၂) တောင့်၊ နင်းမိုင်း (၁) ခု၊ ကတ်သီး (၃) ခု၊ M-22 ကျည်အိမ် (၂) ခု၊ G-3 ကျည်အိမ် (၁၀) ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။
“ အခုလောလောဆယ် တမူးမြို့ကတော့ငြိမ်နေတယ်။ တမူးအထက်ပိုင်းပဲ စစ်ရေးလှုပ်ရှားမှုတွေ ကြားရတယ်ဗျ။ တမူးနဲ့ ဒီဘက်ခမ်းပါတ်တကြောလုံးကတော့ ငြိမ်နေတာပဲ” ဟု တမူးမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကို တမူးခရိုင်ကွပ်ကဲရေး၊ တမူးခရိုင်တပ်ရင်း (၁၊၂)၊ KNA(B)နှင့် အထူးလှုပ်ရှားတပ်ရင်း (၄)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဥ်အတွင်း ဟုမ္မလင်းမြို့စစ်ကောင်စီမှ MI-2 ရဟတ်ယာဥ်ဖြင့် ဗုံး ၂ ကြိမ်ကြဲချ၍ ပစ်ကူပေးခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များအနေဖြင့် အထိအခိုက်မရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။