ပဲခူးတိုင်းအနောက်ခြမ်း(ပဲခူးရိုးမ)သို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်တွင် ပြည်သူ့စစ်များပါဝင်လာကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ပိုင်းမှစ၍ မင်းလှမြို့နယ်အပိုင်ပဲခူးရိုးမအတွင်းသို့ အင်အား ၄၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းတွင် ပြည်သူ့စစ်များပါဝင်နေကြောင်းသိရသည်။
“ပြည်သူ့စစ်(ပျူစောထီး)တွေက စစ်သားတွေနဲ့မတူတာက မိုင်းသံကြားရင် ဦးတည်ရာပြေးကြတာ။ယူနီဖောင်းတွေဝတ်ထားတယ်။စစ်ချီတာက အဝေးက ကြည့်ရင် ပွဲစျေးတန်းမှာ သွားနေသလိုပဲ။အဲ့ဒါက စစ်သားနဲ့ ပြည်သူ့စစ်(ပျူစောထီး)ကွာတာပဲ”ဟု သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ-၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို)မှ တပ်ခွဲမှူး ရဲဘော်ဒေဝ ကပြောသည်။
ယင်းစစ်ကြောင်းတွင် ပါဝင်သည့် ပြည်သူ့စစ်များသည် အသက်အရွယ်အစုံဖြစ်ကြောင်းလည်းသိရသည်။
“သူတို့က သိသာတယ်။နေ့စားတွေ ဆိုဒ်ထဲမှာ အလုပ်လုပ်နေသလိုပဲ။စစ်ကြောင်းထွက်ရင် နောက်ပဲပြန်ကြည့်နေတာ။ပြည်သူ့စစ်တွေက ဝိုင်းရဲစခန်းမှာနေတယ်။သူတို့ကို စစ်သားတွေလို အပြည့်အစုံ ဆင်ပေးမထားဘူး။သေနတ်တော့ပေးထားတယ်။MA-1 တွေ။သင်တန်းမှာ MA-1 နဲ့သင်ပြီး ဦးနှာက်ကိုရိုက်ထည့်ထားတာဖြစ်မယ်”ဟု ၎င်းကဆက်လက်ပြောသည်။
မင်းလှမြို့နယ်၊စိန်ကန့်လန့်အခြေစိုက် ခလရ-၁ တွင် ပြည်သူ့စစ် ၃၀ ခန့်နှင့် စစ်သား ၂၀ခန့် ထပ်မံရောက်ရှိနေကြောင်းလည်း ဒေသခံတစ်ဦး ကပြောသည်။
“ပြည်သူ့စစ်သင်တန်း တက်ရမယ်ဆိုပြီး ရွာတွေမှာ မဲနှိုက်ခိုင်းတာက လူမရှိရင် ၁ သိန်းပေးရတယ်။အဲ့နယ်ဘက်(နတ္တလင်းမြို့နယ်၊တောင်ညိုကွက်သစ်)မှာက လူငယ်အများစု နိုင်ငံခြားထွက်အလုပ်လုပ်ကြသူများတယ်။၅သောင်းပေးရသူလည်းရှိတယ်။တချို့ ကြောက်လန့်ပြီး ၁၀ သိန်းပေးရသူတောင်ရှိတယ်။အုပ်ကြီးနဲ့ အောက်ခြေစစ်သားပေါင်းစားတဲ့သဘောမျိုး။သူတို့ကလူစုတယ်ဆိုတာထက် ငွေညှစ်တာများတယ်”ဟု နတ်တလင်းမြို့ဒေသခံတစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက်တွင် အုတ်ဖိုမြို့နယ်၌ ပေါ်တာဆွဲမှုများရှိခဲ့ပြီး ကျပ် ၁၀ သိန်းခန့်ပေးပါက ပြန်လွှတ်ပေးကြောင်းသိရသည်။
ထို့အပြင် အုတ်ဖိုနှင့် နတ္တလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့ရှိ ငွေကြေးအတန်အသင့်ရှိ သူများ ကို စစ်မှုမထမ်းလိုလျှင် ငွေကြေးပေးရမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးနှင့်စစ်သားတို့ပူးပေါင်းကာ ငွေညှစ်နေကြောင်းလည်းဒေသခံအချို့ကဆိုသည်။
“စစ်မှုမထမ်းချင်၊ စစ်ကောင်စီနဲ့ မပူးပေါင်းချင်တဲ့လူငယ်တွေအနေနဲ့ ရရာနည်းလမ်းနဲ့ ရှောင်ရှားဖို့လိုတယ်။မိမိရဲ့ ကျေးရွာဖြစ်စေ၊မြို့နယ်ဖြစ်စေ အမြန်ဆုံးဖြစ်လာနိုင်တာမို့ ချိတ်ဆက်မှုကောင်းဖို့လိုတယ်။သတင်းတွေကို စောင့်ဖတ်နေဖို့လိုတယ်”ဟု တိုင်းစစ်ဌာန-ပဲခူးတိုင်း မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သုံးဆယ်မြို့နှင့်သာယာဝတီမြို့နယ်တို့ရှိ လူစည်ကားရာနေရာများ၌ စစ်သား၊ရဲနှင့်ထွေအုပ်ဝန်ထမ်းတို့က စစ်မှုထမ်းရန် ဝါဒဖြန့် လက်ကမ်းစာစောင်များ လိုက်လံဝေနေကြောင်းသိရသည်။
ဇန်နဝါရီမှစတင်၍ ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် မဲနှိုက်ရွေးချယ်ခြင်းများပြုလုပ်ခဲ့ကြောင်း၊မဲပေါက်၍ သင်တန်းမတက်ရောက်ချင်ပါက ငွေကျပ် ၅ သောင်းမှစ၍ ၁၀ သိန်းဝန်းကျင်ထိပေးရကြောင်းဒေသခံများထံကသိရသည်။
ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များတွင် ပြည်သူ့စစ်သင်တန်းတက်ရန် မဲနှိုက်ရွေးချယ်ချိန်မှ စ၍ နီးစပ်ရာ PDF တပ်ရင်းများထံ ဝင်ရောက်သူများရှိသလို ပြည်ပထွက်ခွာသူများလည်းရှိကြောင်းသိရသည်။