ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က မြို့နယ်အခြေပြုသည့် ဗျူဟာ- ၇ ကိုထပ်တိုးဖွဲ့စည်းနေကြောင်းသိရသည်။
ကရင်နီပြည်နယ်တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဗျူဟာ ၆ခုဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိပြီး ယခုနှစ်အတွင်း ဗျူဟာ -၇ အဖြစ် စစ်အင်အားထပ်မံစုဆောင်းနေကြောင်း KNDF၏ ဒုစစ်ဦးစီးချုပ် မာဝီ က ပြောသည်။
“ ကျွန်တော်တို့ဗျူဟာ-၇ ဖွဲ့ရခြင်းက အကြောင်းရင်းတချို့ရှိပါတယ်။ပထမတစ်ခုက ရှိရင်းစွဲအင်အားထက်ကို ပိုပြီးတော့မှဒီကာကွယ်ရေးစွမ်းပကားကို ကျွန်တော်တို့သိုသိုသပ်သပ်လေးလုပ်ချင်တယ်။အင်အားကောင်းကောင်းလေးနဲ့ကာချင်တယ်။နောက်တခုကတော့သိမ်းပြီးရင်ထိန်းရတဲ့ကိစ္စတွေရှိတယ်။ကျွန်တော်တို့နားလည်တယ်။အဲ့လိုထိန်းသိမ်းရတဲ့အချိန်မှာလည်း တကယ့်ကိုပြည်သူလူထုရဲ့ပစ္စည်းဥစ္စာတွေ၊ ပြည်သူလူထုရဲ့လူနေမှုဘဝတွေ လုံခြုံဖို့ရာအတွက်ကို အင်အားကောင်းကောင်းလေးနဲ့ထိန်းချင်တယ်။ ဒါကြောင့်ပါ” ဟု ၎င်းက ပြောသည်။
ဗျူဟာ- ၇ ကို လွိုင်ကော်မြို့ အခြေပြု ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း KNDF၏ ဒုစစ်ဦးစီးချုပ် မာဝီ က ပြောသည်။
“ ကျွန်နော်တို့ KNDFမှာ စစ်ရေးအရ ဗျူဟာအသစ်ထပ်ဖွဲ့စည်းဖို့ဖြစ်လာတာဖြစ်ပါတယ်။ဒါကြောင့်မို့ဗျူဟာ- ၇မှာ မြို့နယ်ကို ထပ်အခြေပြုပြီး ထပ်ဖွဲ့စည်းမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)အနေဖြင့် လွိုင်ကော်မြို့ရှိ ပြည်သူများနှင့် ကရင်နီပြည်သူများကို တပ်သားသစ်အဖြစ် ခေါ်ယူနေပြီး ဗျူဟာ- ၇တွင် တာဝန်ထမ်းဆောင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
“ လွိုင်ကော်မြို့နယ်မှာရှိတဲ့ ကျေးရွာနေ ရပ်ကွက်ထဲက မောင်မယ်တွေက KNDFကိုဆက်သွယ်ပြီးတော့မှ ဒီဗျူဟာအမှတ်- ၇မှာ ပူးပေါင်းပြီး ဒီစစ်အာဏာရှင်တွေ၊ စစ်အကြမ်းဖက်တွေကိုအမြစ်ပြတ် ချေမှုန်းနိုင်ဖို့ပါဝင်ပေးကြဖို့ ဖိတ်ခေါ်နေတာဖြစ်ပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆက်လက်ပြောသည်။
ကရင်နီပြည်နယ်တွင် ဗျူဟာအမှတ်- ၇တိုးချဲ့ဖွဲ့စည်းမည့်အပေါ် ကြိုဆိုကြောင်းနှင့် ကရင်နီပြည်နယ်ကို စစ်ကောင်စီတပ်ထိန်းချုပ်မှုအောက်မှ အမြန်ဆုံးလွတ်မြောက်စေလိုကြောင်း လွိုင်ကော်မြို့၊နမ့်ဘော်ဝမ်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
“ ဗျူဟာ- ၇ ထပ်တိုးဖွင့်လှစ်တဲ့အပေါ်ကြိုဆိုပါတယ်။မြေပြင်မှာရှိနေတဲ့ ပြည်သူတွေကလည်း ပါဝင်ဖို့အသင့်ပါပဲ။ဘာလို့ဆို ကရင်နီမှာ တိုက်ပွဲဖြစ်နေတာနှစ်ချီနေပြီဆိုတော့ အိမ်ပြန်လို့ မရတဲ့သူတွေ၊မိသားစုဝင်တွေ သေဆုံးခဲ့ရတဲ့သူတွေအတွက် စစ်ကောင်စီတပ်အပေါ် နာနာကြည်းကြည်းမုန်းနေကြတာဆိုတော့လေ။ဒီရက်ပိုင်း ကရင်နီမှာဖြစ်သွားတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ကိုယ်ဝန်ဆောင် သတ်ဖြတ်မှုတွေလည်း ရှိ နေတော့ စစ်တပ်ကိုခွင့်လွှတ်စရာဘာအကြောင်းမှမရှိဘူး။တိုက်ထုတ်ဖို့ပဲရှိတော့တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် KNDFတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည်။