ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊မြို့လှမြို့အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော တပ်ကို တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်၊ ညနေ ၄ နာရီ ဝန်းကျင်တွင် မြို့လှမြို့ အရှေ့ဘက်ရှိကံလှကျေးရွာသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို သံတောင်မြောက်ပိုင်း(အထူးဒေသ)တပ်မဟာ-၂ ဦးကိုကြီးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကံလှကို စစ်ကြောင်းထိုးလားတာကို ဖြတ်တိုက်တာပါ။ သူတို့ဘက်က အကျအဆုံးများတယ်။မျက်မြင် အရ ၁၅ ဦးလောက်ကျတယ်။တိုက်ပွဲက ၁ နာရီ ၄၅ မိနစ်လောက်ကြာတယ်” ဟု သံတောင်မြောက်ပိုင်း(အထူးဒေသ)တပ်မဟာ-၂ ဦးကိုကြီးအဖွဲ့မှ ရဲဘော်ယုန်လေး ကပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ရေတာရှည်မြို့နယ်၊ရေနီဘက်မှ အင်အား ၇၀ ဝန်းကျင်ခန့်ပါသော စစ်ကူ စစ်ကြောင်းသည် လက်နက်ကြီးဖြင့် ပစ်ကူပေးရင်း တက်လာကြောင်းတော်လှန်ရေးတပ်ဖွဲ့ သည် အသာစီးရနေသော်လည်း ကျည်မလုံလောက်မှုကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်အချို့ လက်နက်ကြီးထိမှန်ကာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ ကြောင်း သိရသည်။
“စစ်ဘေးရှောင်တွေက တဖြည်းဖြည်းများလာတယ်။ဒီဘက်မှာက ဟိုတစ်စု ဒီတစ်စုနေကြတာ။စစ်ကြောင်းဝေးရင် ပြန်နေကြသူနေကြတယ်။တချို့ကျ ဆွာမြို့ပေါ် ပြေးကြတယ်။ဒီနားဝန်းကျင်မှာရှိတဲ့ စစ်ရှောင်တွေအတွက်လည်း အကူအညီပေးကြပါလို့ပြောချင်ပါတယ်” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးကပြောသည်။
အထိနာသွားသည့် စစ်ကြောင်းနှင့် စစ်ကူလာသည့် စစ်ကြောင်းတို့ ပူးပေါင်းကာဖေဖေါ်ဝါရီ၁၁ရက်၊ ည ၇ နာရီဝန်းကျင်တွင် ကံလှကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၇ လုံးခန့် မီးလောင်ပြာကျသွားကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။