မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရိက္ခာပို့စစ်ကြောင်းကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ၃ ရက်ကြာ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မြိုင်မြို့ပေါ်မှ ကန်နီပျူစောထီးရွာသို့ ရိက္ခာပို့ရန် ထွက်လာသော စစ်သားအင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းကို ဖေဖေါ်ဝါရီ ၆ ရက်၊ ၇ ရက်နှင့် ၉ ရက်နေ့တို့တွင် မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်နေမှုအား အထောက်အကူဖြစ်စေရန်အတွက် မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖ ထံက သိရသည်။
” အဓိက မြေပြင်မှာ တပ်ရင်းတပ်ဖွဲ့တွေနဲ့ စုဖွဲ့ပြီး တိုက်နေတယ်။ဒါကို အထောက်အကူ ပြုနိုင်ဖို့ပါပဲ ” ဟု မြိုင်ပကဖ ပြန်ကြားရေးတာ၀န်ခံ ရဲဘော် သုခ က MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ဖေဖေါ်ဝါရီ ၆ ရက်နေ့ကတည်းက မြိုင်မြို့ပေါ်မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး PDF တို့၏ မြေပြင်ရောဝေဟင်ပါ တိုက်ခိုက်မှုများကြောင့် ယနေ့ (ဖေဖေါ်ဝါရီ ၁၁ ရက်) အထိ ကန်နီရွာသို့ မရောက်သေးကြောင်း သိရသည်။
” စစ်ကြောင်းဖြတ်တောက်ရေးမှာ အများကြီး အသုံး၀င်ပါတယ်။ မြိုင်မြို့နဲ့ ကန်နီဆိုတာ ၆ မိုင်ပဲကွာပေမဲ့ သူတို့ ၆ ရက်ခရီး ကြာတဲ့အထိ မရောက်နိုင်သေးဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ နံနက် ၁၀ နာရီ ၀န်းကျင်၌ ရိက္ခာပို့ စစ်ကြောင်းပါ ယာဉ်တန်းသည် ၎င်းတို့ စခန်းချထားသော ကျောင်းဖူးရွာ ၏ ဘေးရွာ များဖြစ်သော ညောင်ပင်ရွာနှင့် ကန်ဘူးရွာဘက်သို့ ပြန်လှည့်၍ နေရာ ယူထားကြောင်း သိရသည်။
” နောက်တော့ ပြန်မဆုတ်နိုင်ဘူး။ ကန်နီကို ရိက္ခာ ရအောင်ပို့မယ်ထင်တယ်။ ခု ယာဉ်တန်းတွေ နောက်ပြန်ဆုတ်တာလည်း အားယူတဲ့ သဘောမျိုးပါပဲ ” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းကြောင့် မြိုင်မြို့နှင့် ကန်နီကျေးရွာကြားရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ပြည်သူ ၅၀၀၀ ကျော် ရပ်ရွာစွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်။
” သက်ကြီး ရွယ်အိုတွေလည်းပါတော့ ဆေးဝါးကတော့ လိုအပ်တယ်။ ခုက ရာသီအပြောင်းအလဲနဲ့ နေ့ခင်းဘက်တော်တော်လေးလည်း ပူလာပြီလေ ” ဟု စစ်ရှောင် ပြည်သူတစ်ဦးက ပြောသည်။
ယင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တို့၏ မြေပြင်တိုက်ခိုက်မှုကြောင့် စစ်သား ၉ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ကြောင်း မြိုင်ပကဖထံက သိရသည်။
မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် တိုက်ခိုက်မှုကို မြိုင်ပကဖ၊ သူရိန်နှင့် ကိုလင်းမြွေ မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက မြိုင်မြို့မှနေ၍ ကန်နီ ပျူရွာသို့ စစ်ကြောင်းထိုး ရိက္ခာပို့စဉ် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် ရိက္ခာမပို့နိုင်ဘဲ ၁ ပတ်ခန့်အကြာတွင် မြိုင်မြို့ပေါ်သို့ စစ်ကြောင်းလှည့်ပြန်ခဲ့ရဖူးသည်။
တော်လှန်ရေးတပ်ဖွဲ့တို့၏ မြေပြင်နှင့်ဝေဟင်တိုက်ခိုက်မှုကြောင့် စစ်သားများသေဆုံး၊ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။