မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ ဒီးဒုတ်ကွင်း ပျူစောထီးရွာထဲသို့ လေကြောင်းမှနေ၍ စစ်သားအင်အားဖြည့်တင်းစဉ် လေထီးမပွင့်သဖြင့် ၂ ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဖေဖေါ်ဝါရီ ၉ ရက်က ဒီးဒုတ်ကွင်းရွာသို့ လေယာဉ်ဖြင့် ရိက္ခာနှင့် စစ်သား ၂၀ ခန့် လေထီးဖြင့်ချစဉ် စစ်သား ၂ ဦးမှာ လေထီးမပွင့်ဘဲ မန်ကျည်းပင်ပေါ်သို့ ပြုတ်ကျခြင်းဖြစ်ကြောင်း ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) ထံကသိရသည်။
” မြေပြင်က မချရဲတော့ လေယာဉ်နဲ့ လာချတယ် ။ လေထီး က မပွင့်တော့ မန်ကျည်းပင်ပေါ် ပြုတ်ကျတယ် ပြောတယ် ” ဟု ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အဖွဲ့၀င် တစ်ဦးက MPA သို့ ပြောသည်။
ဒီးဒုတ်ကွင်း ပျူစောထီး ကျေးရွာ အတွင်းသို့ အခြေခံ ရိက္ခာ ဆန် ၁၀ တင်းကို လေယာဉ်ဖြင့် ချပေးခဲ့ကြောင်းသိရသည်။
လေထီးမပွင့်သဖြင့် ဒဏ်ရာရသော စစ်သား ၂ ဦးကို ဆေးကုသရန် ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၈ နာရီ ၀န်းကျင်၌ ဒီးဒုတ်ကွင်း ကျေးရွာမှ ကုက္ကိုလ်စုပျူစောထီး ကျေးရွာသို့ ထမ်းစင် ၂ စင်ပေါ်တင်ကာ ထွက်ခွာခဲ့ပြီး စစ်သား၊ရဲနှင့် ပျူစောထီး အင်အား ၆၀ ခန့် လိုက်ပါလာကြောင်း သိရသည်။
” မနေ့ညက ညမှောင်မှ ထွက်လာတာ အထမ်း ၂ စင် ပါတယ်။ ညက ရုတ်တရက် ထွက်လာတော့ ဘာမှ မလုပ်နိုင်လိုက်ဘူး။ ခု ရေပြာရဲ့ အနောက်ဘက် ဘုရားတောင်ကိုတော့ ရောက်နေပြီ။ ခုထိတော့ ဆက်မတက်သေးဘူး” ဟု ၎င်း ကပြောသည်။
ပေါက်တောင်ပိုင်းရှိ ပျူစောထီး ကျေးရွာများသို့ မြေပြင် စစ်ကြောင်းဖြင့် ရိက္ခာ မပို့သည်မှာ ၆ လနီးပါး ကြာပြီ ဖြစ်ပြီး ယခုအခါ လေကြောင်းမှနေ၍ ရိက္ခာချပေး လျက်ရှိကြောင်း သိရသည်။
” အရင် လက တစ်ခါ လာချပေးတယ်လေ။ အဲတုန်းက သိရတာ ဆန်တွေဘာတွေ မပါဘဲ ပဲ လိုမျိုး အခြောက်တွေပို့တာတဲ့”ဟု ပေါက်တောင်ပိုင်းနေဒေသခံတစ်ဦးကပြောသည်။
ပေါက်တောင်ပိုင်းရှိ ပျူစောထီးရွာတို့တွင် စိုက်ပျိုးစရာ မျိုးစေ့နှင့် စက်သုံးဆီမရှိသဖြင့် စိုက်ပျိုးမြေ ရှိသော်လည်း စိုက်စား၍မရ ဖြစ်နေကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ လအတွင်းက ဒီးဒုတ်ကွင်းပျူစောထီးရွာကို ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များက စုပေါင်း တိုက်ခိုက်ခဲ့ပြီးနောက် အင်အား ထပ်မံ တိုးခဲ့ရာ လက်ရှိတွင် စစ်သား၊ရဲ နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၀၀ နီးပါးရှိကြောင်း သိရသည်။