စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်ငုတ်တိုရွာတွင် စစ်ကြောင်းနှင့်တိုးပြီး ရွာသား ၂ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ ကြောင်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်၊ မနက်ပိုင်းက ချပ်ကြီးပျူစောထီးအထိုင်စခန်းမှ ထွက်လာသော အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် အင်ငုတ်တိုရွာသို့ ဝင်ရောက်စဉ် အင်ငုတ်တိုရွာသား ၂ဦးကို ပစ်သတ်သွားကြောင်း ကျွန်းလှ – ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက MPA ကို ပြောသည်။
” စစ်ကြောင်းနဲ့ တိုက်ရိုက်တိုးပြီး သတ်ခံလိုက်ရတာ၊ အင်ငုတ်တိုက စစ်ကြောင်းမထိုးတာလည်းကြာပြီ၊ အဲ့ဒီတော့ ရွာသားတွေက ရွာထဲနဲ့ တောထဲနဲ့ ကူးနေကြတဲ့အနေအထားပေါ၊ အသတ်ခံရတဲ့နေ့မှာ စစ်ကြောင်း သတင်းရတော့ တောထဲဝင်တဲ့အချိန်မှာ တိုက်ရိုက်တွေ့ရင်း အခုလိုဖြစ်သွားတာ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီ သတ်ခဲ့သည့် ပြည်သူ ၂ဦးသည် အင်ငုတ်တိုရွာမှ အသက် ၄၅နှစ်အရွယ် ဦးသိန်းမြင့်နှင့် အသက် ၂၉နှစ်အရွယ် ကိုချိုသန်း (ခေါ်) ရွှေအိုးစည်တို့ ဖြစ်ပြီး တောထဲသို့ ဆိုင်ကယ်နှင့်ပြန်ချိန်တွင် စစ်ကြောင်းမှ သေနတ်ဖြင့် လှမ်းပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ၎င်းတို့၏ ရုပ်အလောင်းများကို ဖေဖော်ဝါရီ ၁၀ရက်၊ ညနေပိုင်းတွင် ပြန်လည်ရရှိခဲ့သော် မသင်္ဂြိုဟ် ရသေးကြောင်း ကျွန်းလှ – ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံကပြောသည်။
” ပြောရရင် ပြောမကောင်းဘူး။ ဦးနှောက်တွေပါ ပွင့်ထွက်နေတာ၊အလောင်းက တော်တော်ဆိုးပါတယ် “ ဟု ၎င်းကဆက်ပြောသည်။
ယင်းသို့ စစ်ကြောင်းဝင်ရောက်လာမှုကြောင့် အင်ငုတ်တိုကျေးရွာအပါအဝင် ကျေးရွာ ၂၅ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အမည်မဖော်လိုသော ဒေသခံတစ်ဦးကပြောသည်။
” လူဦးရေကတော့ ခန့်မှန်းရခက်တယ်။ စစ်ကြောင်း ပေါ်မူတည်ပြီး ပြန်ဝင်ကြတာတွေလည်းရှိတာပေါ့နော်။ အခက်ခဲကတော့ အမျိုးမျိုးဘဲ၊ ရုတ်တရက်ထွက်ပြေးခဲ့ရတဲ့ရွာတွေရှိတော့ စားနပ်ရိက္ခာမယူခဲ့ရတာတွေရှိတယ်။ အဝတ် အထည်တွေ မယူခဲ့ရတာတွေရှိတယ်။ အဓိကကတော့ စားနပ်ရိက္ခာပေါ့” ဟု ၎င်းကပြောသည်။
အင်ငုတ်တို ကျေးရွာသည် ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်တွင် စစ်တပ်၏ ပထမဆုံး မီးရှို့ခြင်းကို ခံခဲ့ရသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ၂၀၂၂ခုနှစ် ဧပြီလနှင့် ဩဂုတ်လတို့တွင် နှစ်ကြိမ်တိုင်တိုင် စစ်တပ်၏ မီးရှို့ခြင်းခံထားရသဖြင့် နေအိမ် ၁၅၇လုံးခန့် မီးလောင်ပြာကျထားသည့် ကျေးရွာဖြစ်သည်။