တပ်ဧရိယာ အတွင်းစည်းထဲဝင်ရောက်၍ ရှော့တိုက်ဒုံး ၅ လုံး ဖြင့် မန္တလေး၊ တံတားဦးလေတပ်စခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors For Myanmar (BWM)ထံက သိရသည်။
ဇန်နဝါရီ ၂၃ ရက်၊ ညနေ ၄ နာရီ ၄၉ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ တံတားဦး မြို့နယ်ရှိ တံတားဦးလေတပ်စခန်းကို တာဝေးပစ် ၁၀၇ (မမ) ၁၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ၇ လုံးမှာ ပစ္စည်းချို့ယွင်းမှုဖြစ်နေသဖြင့် ၅ လုံးသာ လေတပ်စခန်းအတွင်းသို့ ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“စစ်တပ်က ၃ မိုင်ပတ်ချာလည်နဲ့ ၅ မိုင်ပတ်ချာလည်မှာ စည်းချထားတယ်။ကျနော်တို့က ၅ မိုင်ပတ်ချာလည်အတွင်းစည်းထဲကို ပစ္စည်းတွေနဲ့အတူ ကျော်သွင်းပြီး ၄ မိုင်နဲ့ ၅ မိုင်ကြားကနေ ပစ်တာ။ကျနော်တို့ပစ်တဲ့နေရာနဲ့ ပေ ၃၀၀ အကွာမှာ စစ်တပ်ကင်းပုန်းရှိတယ်။သယ်သွားတာက ၁၂ လုံးမှာ ၇ လုံးError ဖြစ်နေတာ ။Battery အပိုပါတဲ့ အသစ် တစ်လုံးနဲ့ ရှော့တိုက်လည်းမရတာရယ် ရဲဘော်တွေရဲ့ ပြန်အထွက် လုံခြုံရေးရယ်ကြောင့် ၇ လုံးကို ထားခဲ့လိုက်ရပါတယ်။ထိခိုက်မှုအသေးစိတ်ကို မသိရသေးဘူးဗျ”ဟု Brave Warriors For Myanmar (BWM)၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယင်းပစ်ခတ်မှုအပြီးတွင် တော်လှန်တပ်ဖွဲ့ဝင်များ ချန်ထားရစ်ခဲ့သည့် ၁၀၇ (မမ) ရှော့တိုက်ဒုံး ၇ လုံးကို စစ်ကောင်စီတပ်က သိမ်းဆည်းသွားကြောင်းသိရသည်။
“စစ်ကောင်စီတပ်ဖွဲ့တွေပတ်လည်ဝိုင်းနေတဲ့အတွင်းစည်းထဲကနေ ခက်ခက်ခဲခဲဝင်ပစ်ခဲ့ရတဲ့မစ်ရှင်ဖြစ်ပါတယ်။ ဒီမစ်ရှင်မှာပူးပေါင်းပါဝင်ကူညီပေးခဲ့တဲ့ သက်ဆိုင်ရာနယ်မြေခံတော်လှန်ရေးအင်အားစုအားလုံးကိုလည်း ကျေးဇူးအထူးတင်ကြောင်းပြောချင်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။
အဆိုပါပစ်ခတ်မှုကို Warriors For Myanmar (BWM)နှင့် မြို့ပြအထူးစစ်ဆင်ရေး(USO)နှင့် Security & Special Task Force(SSTF-MDY)တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
“တပ်ဧရိယာ ၂ မိုင်ပတ်လည်ကို စစ်သားတွေ အပြည့်ချထားတယ်။ပစ်တာချက်ချင်းသိတာနဲ့ အနီးအနားကို တောနင်းပြီးအဝင်အထွက်လမ်းတွေကို အကုန်ပိတ်ဆို့ထားတယ်”ဟု နယ်မြေခံတော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
တံတားဦးလေတပ်စခန်းသည် အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးအင်အားစုများနှင့် အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ၌ အများဆုံးအသုံးပြုနေသည့် လေတပ်စခန်းဖြစ်ခြင်းကြောင့် BWM နှင့်မဟာမိတ်အဖွဲ့များ ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း BWM၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လေတပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။