တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ အင်အား ၆၀ ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၉ရက်၊ မနက် ၉နာရီခန့်တွင် ကျောက်ဆင်ကျေးရွာအုပ်စု သဘော့ဆိပ်-ပြင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းမှ ကရင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကာ၊ တိုက်ပွဲသည် မိနစ် ၃၀ခန့်ကြာမြင့်ခဲ့ကြောင်း လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ နိုဝင်ဘာ (၈)ရက်နေ့က ၁၀၄တပ်ရင်းကနေ ခြေလျင်စစ်ကြောင်းနဲ့ ကျောက်ဆင်ကျေးရွာဘက်ကနေ သဘော့ဆိပ်-ပြင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ ညအိပ်တယ်၊ ၉ရက်နေ့ မနက်မှ ကရင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကြောင်းနှစ်ကြောင်းခွဲဝင်လာတာ၊ သတင်းရလို့ ကင်းပုန်းဝပ်ပြီးစောင့်နေတာ၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်တာ စကစဘက်က ၁၅ဦး လဲကျသေဆုံးတာ မျက်မြင်အတည်ပြုနိုင်တယ်” ဟု ၎င်းကပြောသည်။
အဆိုပါ တိုက်ပွဲတွင် LLPDFမှ အသက် ၃၅နှစ်အရွယ် ရဲဘော်ကိုဂျက် မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး 79တစ်လက်နှင့် ပစ္စတို ၁လက် ဆုံးရှုံးခဲ့ကာ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များလည်းရှိခဲ့ကြောင်းသိရသည်။
PDF ပူးပေါင်းတပ်မှ တပ်ပြန်ဆုတ်လာချိန်တွင် စစ်တပ်က နောက်မှ လိုက်လံပစ်ခတ်သောကြောင့် အသင့်ထောင် ထားသည့် နင်းမိုင်း ၁၁လုံးခန့် ပေါက်ကွဲကာ၊ စစ်သား အများအပြားထိခိုက်သေဆုံးနိုင်ပြီး၊ထိခိုက်မှုကို တော့ယခု အချိန်ထိ အတည်မပြုနိုင်သေးကြောင်း LLPDFပြန်ကြားရေးတာဝန်ခံကပြောသည်။
ထို့နောက် တပ်ပြန်ဆုတ်လာသော PDFပူးပေါင်းတပ်များက နေ့လယ် ၁၂ နာရီခန့်တွင် လောင်းလုံမြို့နယ်၊မောင်းမကန် ကျေးရွာ ရဲစခန်းအား ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Ye Phyu PDF-YPPDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
“ အခိုင်အမာတည်ဆောက်ထားတဲ့စခန်းဆိုတော့ အထဲကိုမရောက်ခဲ့ဘူး။ စခန်းကိုဝင်ပစ်တော့ စိုက်ပျိုးရေးတက္ကသိုလ် မှာတပ်စွဲထားတဲ့ စကစတပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်။ လက်နက်ငယ်နဲ့အပြန်အလှန်ပစ်တာကတော့ ၁၅မိနစ်လောက်ပဲကြာတာ၊ ကျန်တာက ၈၁မမတွေ ဒရုန်းတွေသုံးပြီးတိုက်တာ ၁နာရီခွဲကျော် ၂နာရီနီးပါးကြာတယ်။သူတို့(စကစ)ဘက်က ထိခိုက်သေဆုံးတာများမယ်၊သေချာတော့ အတည်မပြုနိုင်သေးဘူး၊ စုံစမ်းနေဆဲပဲ” ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့်အတွက် ကျောက်ဆင်ကျေးရွာအုပ်စုရှိ ကျောက်ဆင်၊သဘော့ဆိပ်၊ပြင်ကြီး၊ကရင်ကြီး၊ကမ်းပနီရွာမှ ဒေသခံပြည်သူ ၅၀၀၀ ကျော်စစ်ဘေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။