စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ PDFတပ်ဖွဲ့တို့ သိမ်းပိုက်ထား သော SNA ဂိတ်စခန်းကို စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာသောကြောင့် ပြန်လည် စွန့်လွှတ်လိုက်ရကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်၊ဖာနိုင်းရွာရှိ စစ်ကောင်စီတပ်လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်-SNA ဂိတ်စခန်း ကို PDF ပူးပေါင်းတပ်က နိုဝင်ဘာ ၉ ရက်၊နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မွန်းလွဲပိုင်း၌ စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ပြန်လည်စွန့် လွှတ် လိုက်ရခြင်းဖြစ်ကြောင်း Homalin People’s Defense Force-HPDF ထံက သိရသည်။
“ကျနော်တို့ မနက်ပိုင်း(နိုဝင်ဘာ၉ရက်)မှာ ဖာနိုင်းဂိတ်ကို သိမ်းနိုင်ခဲ့တယ်။လက်နက်ခဲယမ်းတွေ သိမ်းဆည်းနေစဥ် အင်အားအလုံးအရင်းနဲ့ သာခေါငေါကျေးရွာကနေ တစ်ဆင့် ထိုးစစ်ဆင်ပြန်ဆင်တာမှာ တိုက်ပွဲဖြစ်ပွားပြီး ကျနော်တို့ဘက်က ရဲဘော် တစ်ယောက်ကျသွားတယ်။သူတို့ဘက်ကတော့ ၃ ယောက်ကျည်ထိမှန်ပြီး ပြန်ဆွဲခေါ်ထုတ်သွားတာ မျက်မြင်တွေ့ရတယ်။အလောင်းရော သေနတ်ရော မချန်ဘူး ပြန်သယ်ထုတ်သွားတယ်” ဟု ခန္တီးခရိုင် အမှတ် – ၂ တပ်ရင်း မှ ယာယီ ဒုတပ်ရင်းမှူး ရဲဘော် ရှမ်းကြီး ကပြောသည်။
နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီ မိနစ်၅၀ ခန့်တွင် ခန္တီးခရိုင် အမှတ်(၂)တပ်ရင်း၊တပ်ခွဲ(၁) ၊ခန္တီးခရိုင် အမှတ်(၁) တပ်ရင်းနှင့် မဟာမိတ်တပ်ဖွဲ့တို့က စစ်တပ်နှင့်SNA အထိုင်ချတပ်စွဲထားသော ဖာနိုင်းဂိတ်ပွိုင့်(46 RFN 954724268)ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဖာနိုင်းဂိတ်စခန်းကို နောင်ပိုအောင်မှ SNAတပ်ဖွဲ့ဝင်များနှင့်ခလရ-၂၇၂ မှစစ်သားများ၊ရွှေပြည်အေးနှင့်သောင်သွပ်မှ ပျူစောထီးများနှင့်မြင်သာငိုးပင်မှ ပြည်သူ့စစ်များ ပူးပေါင်း၍ အင်အား ၁၅၀ ကျော်ဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ မဟာမိတ်တပ်ဖွဲ့များမှာ စန်းဆိုင်ကျေးရွာ သို့ခွာစစ်ဆင်ခဲ့ရကြောင်းသိရသည်။
“ကျနော်တို့ ဟုမ္မလင်းမှာက လူမျိုးစုလက်နက်ကိုင် SNA လည်းရှိတယ်။သူကတော့ တစ်ဖက်မှာ စစ်ကောင်စီနဲ့ပေါ်ပေါ်တင်တင်ပူးပေါင်းဆောင်ရွက်မှုတွေရှိလာတယ်။အဲ့ဒီလိုကြောင့် ရှမ်းနီတော်လှန်ရေးသမားတွေအနေနဲ့အခက်တွေ့တယ်” ဟု ရှမ်းနီအမျိုးသားတော်လှန်ရေးသမားတစ်ဦး ကပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ပုရစ်ဖာနိုင်း တစ်ဖက်ကမ်း ထုံမာသဲကျေးရွာမှနေ၍ စစ်ကောင်စီတပ်က ၆၀(မမ) လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်းလည်းသိရသည်။
ယင်းတိုက်ပွဲအတွင်း ခန္တီးခရိုင် အမှတ်(၁)တပ်ရင်းမှ ရဲဘော် ပက်ကွီယို ကျဆုံးခဲ့ပြီး ခန္တီးခရိုင်အမှတ်(၂)တပ်ရင်းနှင့် HPDF-124တို့မှ ရဲဘော် ၂ ဦး လက်မောင်း ဒဏ်ရာရခဲ့ကာ စစ်သား ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို ခန္တီးခရိုင် အမှတ် -၂ တပ်ရင်း၊အမှတ် -၁ တပ်ရင်း၊HPDF-124 နှင့်Moe Kyoe- People’s Defense Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက် ၈နာရီမိနစ်၂၀ ခန့်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ ၁ မိုင်ခန့်ဝေးသော နေရာမှ စစ်ဆိုင်ထားကြကြောင်း စုံစမ်းသိရသည်။