စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ စတင်တိုက်ခိုက်သည့်အချိန်မှ စ၍ တစ်ပတ်အတွင်း မြို့လုံးကျွတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများထံကသိရသည်။
ခမ်းပါတ်မြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် တစ်မြို့လုံးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ ၁၁ နာရီဝန်းကျင်လောက်မှာ သိမ်းလိုက်တယ်။ အကျအဆုံးကတော့ ကိုယ့်ဘက်က ၂ ယောက်ကျဆုံးပါ တယ်။ ကျန်တဲ့အထိအခိုက်ကတော့ မရှိပါဘူး”ဟု တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) တွင် တာဝန် ထမ်းဆောင်နေသည့် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA သို့ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)၊ လှုပ်ရှားစစ်ကြောင်း SR2၊ တိုင်းစစ် ကြောင်း၊ ချင်းကာကွယ်ရေးတပ် (CDF)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ အကျအဆုံးနှင့် သိမ်းဆည်းရမိပစ္စည်းများကို စိစစ်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
ခမ်းပတ်မြို့တွင် စစ်ကောင်စီသည် နယ်မြေရဲစခန်းနှင့် စစ်တပ်စခန်းကုန်းဟူ၍ နေရာ ၂ နေရာတွင် အထိုင်ချ တပ်စွဲထားကြပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် နိုဝင်ဘာ ၃ ရက်နေ့ကတည်းက ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“စတိုက်တိုက်ချင်းပဲ မကြာဘူး။ ရဲစခန်းကို ဒီကောင်တွေ(စစ်ကောင်စီတပ်သားနှင့်ရဲများ) စွန့်ပြီး စစ်တပ်ကုန်းမှာ သွားပေါင်းတာ။ ပြီးတော့စစ်တပ်ကုန်းကို တိုက်နေတာ ၅ ရက်အကြာ၊ ဒီနေ့မှာသိမ်းပိုက်နိုင်ခဲ့တယ်ပေါ့။ စစ်သား တွေ အများအပြားကျတယ်။ ထွက်ပြေးသွားတဲ့ကောင်တွေလည်း ရှိတယ်။ အသေးစိတ်ပြောလို့တော့မရသေး ဘူး” ဟု တိုက်ပွဲအတွင်းရှိ ကာကွယ်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာများ၊ ရဟတ်ယာဥ်များအသုံးပြု၍ ကျည်နှင့်ရိက္ခာပို့ခြင်း၊ လေကြောင်းပစ်ကူပေးခြင်းများပြုလုပ်ခဲ့သဖြင့် ခမ်းပါတ်ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
“လေကြောင်းက ဂျက်ဖိုက်တာနဲ့ မနက်၊ နေ့လယ်၊ ည တစ်နေ့ကို ၃ ခေါက်လောက်လာပစ်တယ်။ ကြားထဲမှာ ရိက္ခာပို့တဲ့ ရဟတ်ယာဥ်တွေလည်းလာသေးတယ်။ မနေ့ကတော့ လေကြောင်းက လာမတိုက်ဘူး။ ဒီနေ့မှာ အကုန်သိမ်းနိုင်ခဲ့ပြီဆိုတော့ ပျော်တာပေါ့။ ဒါပေမဲ့ မြို့ပေါ်ကိုအကြောင်းမဲ့ လေယာဥ်နဲ့လာချမှာတော့ ကြောက်နေ ရတယ်”ဟု ခမ်းပါတ်မြို့၊ အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သည့် မြို့ခံတစ်ဦးကဆိုသည်။
ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ကလေး-တမူးကြားရှိ ဝိတုတ်စစ်ကောင်စီစခန်း၊ ရာဇဂြိုဟ်စစ်ကောင်စီ စခန်းကုန်း (၁)၊ စခန်းကုန်း (၂)နှင့် ခမ်းပါတ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။