ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်များ၏ ၁၀၂၇ စစ်ဆင်ရေးအား တန်ပြန်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် လားရှိုးသို့ ဆင်း၍ ကွပ်ကဲမှုများ ပြုလုပ်နေ ကြောင်း တပ်တွင်းသတင်းရစ်မြစ်များထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ရက်မှ နိုဝင်ဘာ ၃ရက်ထိ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအား တန်ပြန်ရန်အတွက် ညွှန်ကြား ကွပ်ကဲမှုများကို ပြုလုပ်ခဲ့သည်ဟု ခိုင်မာ သော တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။
ယင်းသို့ လာရောက်ရာတွင် ဒုချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၌ ထိုင်၍ စစ်ဗျူဟာ များ၊ အသုံးပြုရမည့် စစ်လက်နက်များကိုပါ ရွေးချယ်ပြီး တော်လှန်ရေး အင်အားစုများ၏ ထိုးစစ်ကို တန်ပြန်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ လားရှိုးက ရမခ(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ဝန်းထဲမှာ သူကိုယ်တိုင်လာထိုင်ပြီး စစ်ရေးညွှန်ကြားတာတွေ လာလုပ်တယ်။ အဲ့ဒီ စစ်ဌာနချုပ်ထဲကနေ ဟောင်ဝစ်ဇာလို လက်နက်ကြီးတွေ ပစ်ဖို့ကိုပါ သူကိုယ်တိုင် ညွှန်ကြားတယ်။ရမခ နဲ့ ကပ်လျက်က လားရှိုးလေဆိပ်ကို ပိတ်ထားပြီး ရန်ကုန်၊ မန္တလေးကနေ ရိက္ခာနဲ့ လူအင်အား တစ်ချို့ ပို့တယ်။ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုလည်း လားရှိုး လေဆိပ်ကနေ ယာယီအတက်အဆင်း လုပ်ဖို့တွေ ဒါတွေကို သူကိုယ်တိုင် လာညွှန်ကြားတာ” ဟု MPA ၏ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
လားရှိုးရှိ ရမခဌာနချုပ်၌ ဒုချုပ်စိုးဝင်းသည် နိုဝင်ဘာ ၃ရက်ထိ နေထိုင်ခဲ့ပြီးနောက် နေပြည်တော်နှင့် လားရှိုးအား အသွားအပြန် ပြုလုပ်လျှက် ရှိနေပြီး ဌာနချုပ်တွင်မူ အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်အောင်နှင့် ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး တို့က အထိုင်ချ ကွပ်ကဲနေသည်ဟု သိရသည်။
စစ်ကောင်စီဘက်က စစ်ဗျူဟာ အနေဖြင့် ၎င်းတို့ နယ်မြေစိုးမိုးမှု လက်လွှတ်ထားရသည့် နမ့်ခမ်း၊ သိန္နီတို့ကဲ့သို့ တရုတ်နယ်စပ်စည်းနှင့် ကပ်မနေသည့် မြို့များအား ပြန်လည်သိမ်းပိုက်ရန် စီစဥ်နေပြီး တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကဲ့သို့ မြို့များကိုမူ တရုတ်နှင့် ညှိနှိုင်းဆောင်ရွက်ရန် ဗျူဟာချထားသည်ဟု သိရသည်။
“ လက်ရှိက သူတို့ ယူဆချက်က လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က မြို့နားမှာ လာနှောင့်ယှက်ပြီး ပစ်တဲ့ အင်အား အနည်း ငယ်ပဲ ရှိတယ်။ နမ့်ခမ်း၊ သိန္ဒီလို မြို့တွေကိုတော့ ပြန်သိမ်းလိမ့်မယ်။ ချင်းရွှေဟော်၊ ကြူကုတ်၊ ဖောင်းဆိုင် ဘက်ကတော့ ကုန်သွယ်ရေးစခန်းတွေရှိတော့ တရုတ်နဲ့ပဲ အပေးအယူလုပ်ပြီး ညှိမဲ့ သဘောတော့ ရှိနိုင်တယ်” ဟု ရမခ မှ စစ်ကောင်စီ အရာရှိများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် ကရင်နီဘက်မှ တပ်များအား မိုးဗြဲ- ပင်လောင်းဘက်မှ တစ်ဆင့် ရပ်စောက်ဘက်မှ ရှမ်းပြည်နယ်တောင်ပိုင်းကို ဖြတ်ကာ ရှမ်းမြောက်ဘက်သို့ စစ်ကူပို့လွှတ်နေကြောင်း သိရသည်။
ထို့ပြင် မန္တလေးဘက်မှ တပ်များအားလည်း ပြင်ဦးလွင်၊ နောင်ချိုဘက်မှ လားရှိုးမြို့သို့ မြေပြင်မှ တစ်ဆင့် စစ်ကူပို့ နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရှမ်းမြောက်သို့ မရောက်နိုင်သေးဟု သိရ သည်။
“ မြေပြင်မှာတော့ ကြားဖြတ်တိုက်ပွဲတွေနဲ့ လမ်း၊ တံတားတွေ ပျက်စီးလို့ စစ်ကူအချို့သာ ရှမ်းမြောက်ကို ရောက်ပေမဲ့ တော်တော်များများက လမ်းမှာပဲ ရှိသေးတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ရှမ်းမြောက်၌ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေရာ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ လောက်ကိုင် မြို့များမှ ဒေသခံများမှာ မြို့ကို စွန့်ခွာရန် ကြိုးစားလျှက်ရှိနေပြီး ပိတ်မိနေသည့် ဒေသခံသောင်းနှင့်ချီ၍ ရှိနေကာ၊ ဒေသခံစစ်ရှောင်များအနေဖြင့် လမ်းများပိတ်ဆို့ထားမှုများကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးများ နေ့စဥ်နှင့်အမျှ ရှားပါးလာနေသည်ဟု သိရသည်။
“ ယနေ့အချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးရှောင် ၁၈၀၀၀ လူဦးရေ ကျော်ဟာ နေရပ်သို့ မပြန်နိုင်သေးပဲနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပါတယ်။ စားနပ်ရိက္ခာတွေရရှိဖို့ အကူအညီလိုနေပါတယ်” ဟု တအာန်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ MNDAA၊ TNLA ၊ AA မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့်အတူ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး နှစ်ပတ်မပြည့်ခင်အတွင်း စစ်ကောင်စီ၏ စခန်းပေါင်း ၁၃၀ ခန့်နှင့် မြို့သုံးမြို့အား သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည်။