စစ်ကောင်စီလက်အောက်ခံ ကျားဘီလူးစစ်ကြောင်းက စစ်ကြောင်း ၃ ကြောင်းခွဲကာ ပုလဲမြို့နယ်အတွင်းသို့ စစ် ကြောင်းထိုးနေသဖြင့် ၃ ရက်အတွင်း စစ်ဘေးရှောင်ပြည်သူ ၂ သောင်းကျော်အထိရှိလာကြောင်း ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ကျားဘီလူးစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့မှစတင်ကာ ပုလဲ မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းကမှသာ စစ်ကြောင်း ၃ ကြောင်းခွဲ၍ စစ် ကြောင်းထိုးလာခဲ့သဖြင့် စစ်ဘေးရှောင်အရေအတွက် များပြားလာခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ ကျွန်တော်တို့ပုလဲနယ်က ကျယ်တယ် ။ တောင်ပေါ်တစ်ပိုင်း ၊ မြေပြန့်တစ်ပိုင်းဆိုတော့လေ ။ စစ်ကြောင်းက တောင်ပေါ်မဟုတ်ဘဲ မြေပြန့်ရောက်လာရင် စစ်ကြောင်းသုံးကြောင်းစီ ခွဲခွဲပြီး စစ်ကြောင်းထိုးနေတာဗျ ။ တစ်ခါရှောင်ရပြီဆို ရွာ ၂၀ ကျော်၊ ၃၀နီးပါး ရှောင်ရတဲ့အတွက် စစ်ရှောင်ပြည်သူ ၂ သောင်းကျော်အထိရှိလာတာ” ဟု ၎င်းကပြောသည် ။
ပုလဲမြို့နယ်အတွင်း စစ်ကြောင်းရက်ရှည်ထိုးနေသောကြောင့် စားနပ်ရိက္ခာ၊ သောက်သုံးရေးနှင့် ဆေးဝါးများ လို အပ်လျက်ရှိနေပြီး စစ်ဘေးရှောင်ပြည်သူများသာမက စစ်ဘေးရှောင်များအားကူညီစောင့်ရှောက်ပေးနေသူများ ပါ အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးကဆိုသည်။
“ တစ်ချို့ရွာတွေက တစ်ပတ်၊ ဆယ်ရက်ကြာတဲ့အထိ ရွာပြန်ဝင်လို့မရတဲ့အနေအထားမျိုးရှိပါတယ် ။ အဲဒီလိုရွာ ကပြည်သူတွေကို စစ်ရှောင်လက်ခံပေးထားတဲ့ရွာတွေကပဲ ချက်၊ ပြုတ်ကျွေးမွေးပေးပါတယ် ။ ဒါပေမဲ့ စစ်ရှောင် ပြည်သူတွေနဲ့အတူပါလာတဲ့ ကျွဲ ၊ နွား တိရစ္ဆာန်တွေအတွက် စားကျက်မြေမရှိတဲ့အခါကျ နည်းနည်းဒုက္ခရောက် တာပေါ့ ။ ဒီတိရစ္ဆာန်တွေထားခဲ့ရင်လဲ စစ်ကောင်စီအတွက် ရိက္ခာဖြစ်သွားမှာဆိုတော့ သွားလေရာခေါ်နေ ရတယ်” ဟု ၎င်းကပြောသည် ။
ယင်းစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှစ၍ ဆားလင်းကြီးနယ်မှ တစ်ဆင့် ယင်းမာပင် ၊ ပုလဲမြို့နယ်အတွင်းသို့ စစ်ကောင်စီယာဉ်တန်း ၁၇ စီးနှင့်အတူ လိုက်ပါလာသော စစ်ကြောင်းဖြစ်ကာ ယနေ့နံနက် ၁၂ နာရီဝန်းကျင်တွင် ပုလဲမြို့နယ်မှတစ်ဆင့် ဆားလင်းကြီးမြို့နယ်၊ ကျားတက်စခန်းသို့ ထွက်ခွာစဉ်တွင် ပုလဲ – ကျားတက်တံတားပေါ်မှ စစ်ကောင်စီကားတစ်စီး ပြုတ်ကျသွားကြောင်း သိရသည်။
“ အဲဒီတံတားက မိုခါမုန်တိုင်းဝင်တုန်းက ပျက်ဆီးသွားတဲ့တံတား ။ မှောင်မှောင်မည်းမည်းဆိုတော့ တံတားပျက်နေတာကို မမြင်ပဲ ရှေ့ဆုံးကလာတဲ့ကားတစ်စီးက ထိုးကျသွားတယ် ။ သူတို့ ကားကို ဆယ်ပြီး ပုလဲမြို့ထဲကိုပြန်သွားပြီ ။ မနက်က ကားကျတဲ့နေရာကို သွားကြည့်တော့ ၄၀မမဗုံးသီးတို့၊ ခဲယမ်းအနည်းငယ်နဲ့ အသုံးဆောင်ပစ္စည်းများတချို့ သိမ်းဆည်းရခဲ့တယ်ဗျ ” ဟု ဆားလင်းကြီးမြို့နယ်ပအဖအဖွဲ့ဝင်တစ်ဦးက ပြောသည် ။
အဆိုပါစစ်ကြောင်းသည် ပျုစောထီးကျေးရွာများကို အခြေပြု၍ သွားလာလှုပ်ရှားမှုများရှိနေပြီး လမ်းတစ် လျှောက်တွင်လည်း မိုင်းများတပ်ဆင်ထားခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၏ ကျွဲ ၊ နွား တိရစ္ဆာန်များ ဆုံးရှုံးမှု ရှိနေသည်ဟုလည်း သိရသည်။