ရဲစခန်း၊အထက -၂ နှင့် ဘဏ် တို့ကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ထား
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ထွေအုပ်ရုံး အထိုင်စစ်တပ် အလံဖြူထောင်ကာ ထွက်ပြေးသွား ကြောင်း သိရသည်။
နိုဝင်ဘာ ၅ ရက်၊ညနေပိုင်းက ထွက်ပြေးသွားခြင်းဖြစ်ပြီး ထွေအုပ်ရုံးထဲကိုမူ တော်လှန်ရေး တပ်ဖွဲ့ များ ဝင်ရောက်ရှင်းလင်းခြင်း မရှိသေးကြောင်း ကောလင်းPDF ရဲဘော်တစ်ဦးထံက သိရသည်။
” ရဲစခန်း၊အထက- ၂ ၊မြန်မာ့စီးပွားရေးဘဏ်တွေကို သိမ်းထားပြီးပြီ။ထွေအုပ်ရုံးတစ်ခုပဲ ကျန်တော့တယ်။အခုကတော့ ငြိမ်နေပါတယ်” ဟု၎င်းက ယနေ့ နံနက်၁၁နာရီခန့် တွင်MPAသို့ ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ကောလင်းမြို့တွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ အခြေအနေငြိမ်သက်နေ ကြောင်း သိရသည်။
နိုဝင်ဘာ ၃ ရက်၊ နံနက် ၁ နာရီခန့်မှစတင်ကာ ကောလင်းမြို့တွင်းသို့ တော်လှန်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်စီးနင်းခဲ့ရာ နိုဝင်ဘာ ၅ ရက် ညပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၍ ကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
” မြို့ထဲပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နေတယ်။သေဆုံးသူတွေလည်းရှိတယ်။နိုင်ကျဥ်းတွေကိုလည်း ကယ်ထုတ်ပြီး လုံခြုံတဲ့နေရာကိုပို့ထားတယ်။ စာရင်းကောက်ယူနေဆဲပဲ” ဟု ၎င်းကဆက်လက်ပြောသည်။
နိုဝင်ဘာ ၅ ရက်နေ့တွင် ကောလင်းအထက်တန်းကျောင်းကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် ကောလင်းခရိုင် PDFတပ်ရင်း(၁)မှ အသက် ၂၀ ကျော်အရွယ် တပ်စုမှူး တစ်ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရဲဘော် ၅ ဦးရှိကြောင်း ကောလင်းဒေသခံ ၂၀ ကျော်လည်း သေဆုံးမှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများဖော်ပြနေသည့် Kawlin Info ထံက သိရသည်။
” ကျနော်တို့ စစ်ကိုင်းတိုင်းမှာ ခရိုင်အနေနဲ့ လွတ်မြောက်မှာက ကောလင်းပါ။ အခုလည်း နိုင်နေပါပြီ။ အပြတ်တော့ မဟုတ်သေးဘူး။မြို့ကိုတော့ သိမ်းထားပြီးပြီ” ဟု ကောလင်း ဒေသခံတစ်ဦးက ဆိုသည်။
ထွက်ပြေးသွားသည့် စစ်သားတစ်ဦးက “ပြေးတိုင်းကြောက်မယ် မထင်နဲ့ ၊တချို့က မင်းတို့လာတိုက်မှာကို မျှော်နေတာ” ဟု စာရွက်ပေါ် ရေးသားထားခဲ့ကြောင်း သိရသည်။
ကောလင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ်အတွင်း လက်နက်မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းမျိုးစုံတို့ သိမ်းဆည်းရမိပြီးဖြစ်သည်။