စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့ရှိ စက်မှုလယ်ယာဂိတ် အနောက်ဘက်၊ လဝကရုံး၌ တပ်စွဲထားသော စစ်ကောင်စီ စခန်းကို နိုဝင်ဘာ ၃ရက်၊ မနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် PDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။
အဆိုပါထိတွေ့တိုက်ပွဲသည် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ ခြင်းဖြစ်သည်။
“ စစ်ကောင်စီ အင်အားက ၃၀ ကနေ ၅၀ကြားရှိတယ်။ ကျွန်တော်တို့ဘက်က လက်နက်ငယ်တွေ၊လက်နက်ကြီးတွေ ပါတယ်။ ၄၀မမ အလုံး ၅၀လောက်ရှိမယ်။ စစ်ကောင်စီဘက်ကလည်း ၈၁ မမတွေနဲ့ တောက်လျှောက်ပြန်ပစ်တာ” ဟု Danger Force LPDF၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမာန်ဟုန်ကပြောသည်။
တိုက်ပွဲဖြစ်ပွားချိန်မှ စတင်ကာ စခတ(၁၀)လေ့ကျင့်ရေးတပ်မှ စစ်ကောင်စီနှင့် ပျူစောထီးများသည် ခြေလျင် စစ်ကြောင်းများ၊ ၅၀၀၄ တင့်ကားတပ်မှ သံချပ်ကာ ကား၂စီးဖြင့် စစ်ကူရောက်လာသည့်အတွက် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ကိုမာန်ဟုန်က ရှင်းပြသည်။
“ တိုက်ပွဲ စဖြစ်ပြီဆိုကတည်းက ပျူတွေ၊ စစ်ကောင်စီ တပ်သားတွေက မြို့ထဲသေနတ်တွေဖောက်၊လက်နက်ကြီး တွေနဲ့ပစ်ပြီးလာတာ၊ အင်အားကအဆမတန်သာလွန်နေတော့ပြန်ဆုတ်ခဲ့ရတယ်။ ကျွန်တော်တို့လည်း ဘန်ကာစခန်းတစ်ခုပဲ မီးရှို့ဖျက်ဆီးလိုက်နိုင်တယ်။ စစ်ကောင်စီဘက်က အသေအပျောက် ဒဏ်ရာရတာ တွေရှိတယ်” ဟု ကိုမာန်ဟုန်က ပြောသည်။
ထိတွေ့တိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးနှင့် အခြားအဆင့် စစ်သား ၃ဦးသေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီး၊ ဒဏ်ရာပြင်းထန်သူများကို အရာတော်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသမှုများပြုလုပ်နေသည်ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။
” ဗိုလ်တစ်ဦးနဲ့ ၃ယောက်ကတော့ မျက်စိရှေ့တင်သေတာ၊ ဒဏ်ရာပြင်းထန်တဲ့ သူတွေကိုလည်း အရာတော် ဆေးရုံကြီးကို ပို့တာတွေ့လိုက်တယ်။ အခုမနက်သတင်းရတာတော့ သုံးပွင့်ဗိုလ်တစ်ဦးအပါဝင် ၇ဦးသေတယ်လို့သိရတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်” ဟု ၎င်းက ရှင်းပြသည်။
အထက်ပါ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည် မြို့ဝင်ထွက် ဂိတ်များကို အင်အားတိုးချဲ့ထားပြီး၊ မြို့အနီးတစ်၀ိုက်တွင် ကင်းပုန်းများချထားကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Danger Force LPDFနှင့်အတူ လင်းယုန်တပ်ဖွဲ့၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။