စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်များက တိုက် ခိုက်ခဲ့ပြီး နှစ်ဘက် ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(နိုဝင်ဘာ ၅ရက်)၊ မနက် ၂နာရီမှ စတင်ကာ စိုင်ပြင်မြို့ရှိ စစ်တပ်အထိုင်စခန်းများ၊ ရဲစခန်းများကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်က မနက် ၉နာရီတွင် ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဒီနေ့ မနက် ၂နာရီကျော်ကတည်းက စိုင်ပြင်မှာ သေနတ်သံတွေစကြားရတာ၊ စိုင်ပြင်မြို့က စစ်တပ်အထိုင် နေရာတွေကို PDF က၀င်တိုက်တယ်လို့သိရတယ်။ စိုင်ပြင်မြို့နဲ့ မြို့အနီးကရွာတွေကပြည်သူတွေ ဘေးလွတ်ရာ ပြေးနေကြရတယ်။ တိုက်ပွဲက ဆက်ဖြစ် နေတုန်းပါ၊ ဂျက်ဖိုက်တာနဲ့ ၉နာရီလောက်က လာပစ်သွား တယ်” ဟု ဒီပဲယင်းမြို့နယ် ကြည် ရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
စိုင်ပြင်မြို့ရှိ စစ်တပ်အထိုင် စခန်း ၅နေရာကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ နှစ်ဘက် ထိခိုက်မှုများရှိသော်လည်း၊ အသေးစိတ်ကို သိရှိရခြင်းမရှိသေးကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
“ မနက် ၇နာရီလောက်မှာ စစ်တပ်အထိုင် ၄နေရာကို ၀င်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်။ ရဲစခန်းပဲ အထဲ၀င်မရ သေးတာ။ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေပစ် နေတယ်၊ ရန်သူ့ဘက်က ထိခိုက်ကျဆုံးတွရှိသလို ကိုယ့်ဘက်က လည်း ရဲဘော်တစ်ယောက်ကျထားတယ်။ တိုက်ပွဲကဆက်ဖြစ်နေဆဲပါ” ဟု မြေပြင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
လက်ရှိ စိုင်ပြင်းမြို့တွင် တိုက်ပွဲပြင်းထန်နေသောကြောင့် စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့တွင် အင်အား ၁၀၀ ခန့်၊ ဘုတလင်မြို့တွင် အင်အား ၆၀ခန့် စစ်အင်အားဖြည့်တင်းထားကြောင်းလည်း သိရသည်။