မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရဲစခန်းရှိ စစ်သား၊ ရဲနှင့် ပျူစောထီးများသည် နိုဝင်ဘာ ၃ ရက်၊ ညပိုင်းတွင် စခန်းစွန့်၍ ထွက်ခွာသွားကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
မြောက်ခင်ရန်းပျူစောထီးကျေးရွာမှ အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် တောင်ခင်ရန်းရဲစခန်းသို့ ရောက်ရှိလာပြီး ည ၇ နာရီအချိန်တွင် စခန်းစွန့်ခွာသွားကြခြင်းဖြစ်ကြောင်း တောင်ခင်ရန်းကျေးရွာတွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။
“မြစ်သာမြစ်ရိုးတိုင်းလာပြီး တောင်ခင်ရန်းရွာသစ်ကုန်းဘက်ကို မီးရှို့သွားတာ။ အစက စခန်းကိုအင်အား လာဖြည့်တယ်ထင်တာ။ ညကျတော့ စခန်းစွန့်ပြီး ကျောက်ပြုတ်ရွာဘက်ကိုဆုတ်သွားကြတာ”ဟု ၎င်း ကဆက်လက်ရှင်းပြသည်။
တောင်ခင်ရန်းရွာ၏ မြောက်ဘက် ၉ မိုင်ခန့်အကွာတွင် ပျူစောထီးကျေးရွာများဖြစ်သည့် မြောက်ခင်ရန်း၊ ကုက္ကား၊ ဟံသာဝတီ၊ ကြံသာ၊ လယ်ကြီး၊ ကျောက်ပြုတ်နှင့် အင်းကျွန်းရွာများသည် တစုတစည်းတည်း တည်ရှိနေသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်က ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တောင်ခင်ရန်းရွာရဲစခန်းကို စစ်ကောင်စီတပ်သားများက စွန့်ခွာသွားခြင်း ဖြစ်ကြောင်း တောင်ခင်ရန်းကျေးရွာအနီးတွင်နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။
“မင်းရွာရဲစခန်းလဲ အသိမ်းခံရတော့ သူတို့(စစ်ကောင်စီတပ်) အင်အားစုစည်းတဲ့သဘောထင်တယ်။ မဟုတ်လည်း စခန်းကအသိမ်းခံရတော့မှာကိုး။ အဲ့ဒါကြောင့် ပျူရွာတွေဘက်ကို ဆုတ်သွားကြတာ”ဟု ၎င်းကသုံးသပ်ပြောဆိုသည်။
နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် တောင်ခင်ရန်းရဲစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေးပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်က စခန်းမစွန့်ခွာမီ မိုင်းအများအပြားထောင်ထားခဲ့ကြောင်း သိရသည်။
“စခန်းကိုတော့ရှင်းလင်းပြီး အကုန်လုံးမီးရှို့ပစ်လိုက်ကြပြီ။ မိုင်းတွေကတော့ အများကြီး သူတို့(စစ် ကောင်စီတပ်)ထောင်ထားခဲ့ကြတယ်ဗျ။ နယ်မြေရှင်းလင်းတတဲ့အချိန်မှာ လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ အန္တရာယ်ကင်းကင်းနဲ့ ရှင်းလင်းနိုင်ခဲ့ပါတယ်ဗျ”ဟု ဂန့်ဂေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုနွေ ဦးက MPA သို့ပြောသည်။
ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေရဲစခန်းကိုလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က စခန်းမစွန့်လွှတ်ရရေးအတွက် လေကြောင်းအသုံးပြုတိုက်ခိုက် မှုများရှိကြောင်း စုံစမ်းသိရှိရသည်။