စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့အကြား ယနေ့(နိုဝင်ဘာ ၄ရက်)နံနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံအချို့ မြို့တွင်း၌ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။
” လေသာကျောင်းအနီး လေကြောင်းပစ်ခံရတယ်။ ဘူတာအနီးတစ်ဝိုက်မှာလည်း ပိတ်မိနေတယ်။ မင်းမဟော် အနီးလည်း ဘယ်လိုမှထွက်မရသေးဘူး။
ပြင်ဦးလွင်ရပ်ကွက်မှာတော့ မီးခိုးလုံးတွေမြင်နေရတယ်။ကျောင်းနားက တချို့ ပိတ်မိနေဆဲပဲ” ဟု Kawlin Revolution မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့နံနက် ၈ နာရီ၄၂ မိနစ်နှင့် ၈ နာရီမိနစ် ၄၀ တို့တွင် ကောလင်းမြို့ကို ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ကြောင်း Kawlin Revolution က နံနက် ၉ နာရီကျော်၌ ထုတ်ပြန်ထားသည်။
ယနေ့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်ကို စုံစမ်း နေဆဲဟု ၎င်းကပြောသည်။
” ကျနော်တို့ လက်ရှိအထိ ကယ်ထုတ်ဖို့ကြိုးစားနေဆဲပဲ။ မနေ့က နေ့ခင်းပိုင်းက ၃ ဦးဆက်တိုက် ဆုံးတယ်။ညခင်းပိုင်း တစ်ဦး ၊နောက်ထပ်လည်း ရှိဖို့များတယ်။ အပေါ်က လေယာဥ်က ခဏခဏလာနေတာ” ဟု ၎င်းကဆက်လက်ပြောသည်။
ယနေ့ည ၇ နာရီခန့်အထိ ကောလင်းမြို့တွင်း၌ ပစ်ခတ်နေသံကို ကြားနေရဆဲဖြစ်ကြောင်း ကောလင်း ဒေသခံတစ်ဦးကပြောသည်။
” အခုထိတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းကြားနေရတုန်းပဲ။ တိုက်ပွဲဖြစ်တော့ မီးကပျက်နေတယ်။ တချို့ ဖုန်းခေါ်တာလည်း မရတော့ဘူး။ ဖုန်းအားမရှိတာလား။ ဘယ်လိုအခြေအနေလဲမသိရသေးဘူး။ သက်ရှိထင်ရှားရှိနေသလားလည်း မသိရသေးဘူး ။စိတ်ပူနေရတယ်” ဟု ၎င်းကပြောသည်။
ကောလင်းမြို့ နေရာတချို့တွင်သာ ဖုန်းလိုင်း အသုံးပြု၍ရကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်သည် ကောလင်း အထက ကျောင်းတွင် တပ်စွဲထားဆဲဖြစ်သည်။